Friday, December 10, 2010

" ကိုယ်ကျင့်သီလမရှိသူများ..."


ဒါနသာရှိပြီး ကိုယ်ကျင့်သီလမရှိသူများသည်

အင်္ကျီသာဝတ်ပြီး

ပုဆိုး၊ထမီဝတ်မထားသူများနှင့် တူပါသည်။

ပုဆိုးမပါသူသည် သူလိုလူများနှင့် အတူနေရာ၌ မသိသော်လည်း

ပုဆိုးအင်္ကျီအပြည့်အစုံရှိသောသူတို့၏ အလယ်၌ကား

ရှက်ဖွယ်လိလိဖြစ်ရသကဲ့သို့

ကိုယ်ကျင့်သီလမရှိသူသည်

သူလိုလူများနှင့် အတူနေရာ၌ မသိသာသော်လည်း

ကိုယ်ကျင့်သီလပြည့်စုံသူတို့ အလယ်၌ကား

လူရာမဝင်တော့ဘဲ

မျက်နှာအောက်ချကာ နေရပေသည်။


ဂရုဓမ်တရားလေးပါး…”

၁။ တိုင်းသူပြည်သားတို့သည် ဝါတွင်းဝါပ

တစ်လလေးသီတင်းဥပုသ်စောင့်ရခြင်း။

၂။ ငါးပါးသီလကို ခါးဝတ်ပုဆိုးလို မြဲမြံရခြင်း။

၃။ ရတနာသုံးပါးကို နေ့ညအမြဲမပြတ် ဝတ်ကပ်ဝတ်တက် ပြု၍

မေတ္တာတရားကို အထူးပွားများရခြင်း။

၎။ မိဘဘိုးဘွားဆရာသမားများကို လည်းကောင်း၊

အကျင့်သီလနှင့်ပြည့်စုံသော သူမြတ်တို့ကိုလည်းကောင်း၊

မင်္ဂလာတရားတော်နှင့်အညီ ရိုသေမြတ်နိုးရှိခိုးပူဇော်ခြင်း။



ပုဂ္ဂိုလ်ထူးကိုသာမက

အညတြဆင်းရဲသားများကိုလည်း လှူသင့်သည်သာ ဖြစ်၏။

မိမိသံသရာကျင်လည်ရသည့်အခါ ပုဂ္ဂိုလ်ထူးအဖြစ်ထက်

အညတြဘဝဖြင့် ကျင်လည်ရသည်က များမည်သာ ဖြစ်၏။

မိမိလှူခဲ့စဉ်က ပုဂ္ဂိုလ်ထူးကိုသာ အဓိကထားခဲ့ရာ မိမိပုဂ္ဂိုလ်ထူးအဖြစ်

ကျင်လည်သောအခါတွင်သာ

ထိုကုသိုလ်က အကျိုးပေးမည်ဖြစ်၏။

မိမိအညတြဘဝဖြင့်ကျင်လည်သောအခါတွင်ကား

လှူမည့်သူရှိမည် မဟုတ်တော့ပေ။

အဘယ်ကြောင့်ဆိုသော် မိမိလှူဒါန်းစဉ်က

အညတြများ မပါဝင်ခဲ့သောကြောင့်ပင်ဖြစ်၏။



ပညာမဲ့တို့၏အမြင်အားဖြင့် ပေးသောသူသည် ကုန်၏။

ယူသောသူသည်ရ၏။

ပညာရှိတို့၏ အမြင်အားဖြင့်ကား ပေးသောသူသည်ရ၏။

ယူသောသူသည်မရ။

ပညာမဲ့တို့၏အမြင်အားဖြင့် အလှူခံသူသည်

လှူသူကို ကျေးဇူးတင်ရသည်။

ပညာရှိတို့၏ အမြင်အားဖြင့် လှူခွင့်ရသူက အလှူခံကို

ကျေးဇူးတင်ရသည်။



ဥစ္စာစည်းစိမ်ဆင်းရဲလို့ အပါယ်မကျ။

ကိုယ်ကျင့်သီလဆင်းရဲမှ အပါယ်ကျသည်။

ဥစ္စာစည်းစိမ်ဆင်းရဲလို့ မည်သည့်ပညာရှိ

သူတော်ကောင်းကမှ အထင်မသေး။

ကိုယ်ကျင့်သီလ ဆင်းရဲမှသာ ပညာရှိသူတော်ကောင်းများ

အထင်သေးသည်။


++++++++++++++++++++++++++++


ငယ်စဉ်ကတည်းကစာဖတ်ဝါသနာပါခဲ့တယ်။

စာဖတ်ရင် ကောင်းတဲ့စာပိုဒ်များ၊

တွေးစရာစာပိုဒ်များ၊

နှစ်သက်စဖွယ်ကောင်းတဲ့စာပိုဒ်များ၊အ

အလွတ်ကျက်မှတ်သင့်တယ်လို့ထင်တဲ့စာပိုဒ်များ၊

မှတ်မိချင်တဲ့စာပိုဒ်များ၊

ကိုကူးယူတဲ့အလေ့အကျင့်ရှိခဲ့ပါတယ်။

အဲဒီလိုကူးယူခဲ့တဲ့စာအုပ်တောင်မှ အုပ်ပေါင်းတစ်ရာကျော်ခဲ့ပါတယ်။

အဲဒီလိုလုပ်တဲ့အတွက် အချိန်ကုန်တယ်လို့ တစ်ခါမှ မတွေးခဲ့ဖူးပါ။

ဝါသနာပါတဲ့အလုပ်ဖြစ်တာမို့ပျော်နေတာပဲသိတယ်။

တစ်ရံတစ်ခါမှာတော့ ဘယ်စာအုပ်က ကူးယူခဲ့တယ်ဆိုတာကို မရေးမိပါ။

စာရေးဆရာရဲ့နာမည်ကိုလည်း မရေးမိတာမျိုးရှိခဲ့ပါတယ်။

အခုလို ပြန်လည်ဖော်ပြတဲ့အခါမှ အဲဒီအခက်အခဲကပြဿနာဖြစ်စေပါတယ်။

အခုလည်း ဘယ်သူ၊ဘယ်စာအုပ်ဆိုတာကို ပြန်လည်မမှတ်မိတော့ပါ။

အရသာကောင်းတစ်ခုကို တစ်ဆင့်ဖော်ပြလိုတဲ့စေတနာသာအရင်းခံပါတယ်။

မူရင်းရေးသားသူ၊စာအုပ်အမည်မဖော်ပြနိုင်တဲ့အတွက်

အနူးအညွတ်တောင်းပန်ပါတယ်။



No comments:

လူသားတိုင်း ကျန်းမာကြပါစေ... လူသားတိုင်း ချမ်းသာကြပါစေ...
ခန္ဓာကိုယ်ကို လေ့ကျင့်ခန်းနဲ့စောင့်ရှောက်ပါ။ စိတ်ကို စာဖတ်ခြင်းနဲ့စောင့်ရှောက်ပါ။...

နူတ်ဆက်စကားလေးများ.....

မြန်မာတို့ရဲ့ ဘလော့ဂ်များ...

picoodle.com