Monday, December 31, 2012

"အမေ့ထံသို့ ပေးစာများ-၆၆..."




သို့
ချစ်တဲ့အမေ
သား သတိရစွာဖြင့် စာရေးလိုက်ပါတယ်။
ဒီမှာက သိသိသာသာ ဆောင်းကာလကို ရောက်နေပြီ။
အေးလိုက်တာလည်း မပြောပါနဲ့။
အနွေးထည်အထူကြီးဝတ်လည်း အေးတုန်းပဲ။
စောင်တွေ အထပ်ထပ် ခြုံတော့လည်း အေးတုန်းပဲ။
အပူပေးစက် ကို မိုင်ကုန်တင်ပြီး အနားမှာထားတော့မှ နေသာတော့တယ်။
အတွေ့အကြုံသစ်တစ်ခု တိုးလာတာပေါ့လေ။
ဒီနိုင်ငံမှာက ခရစ်ယာန်တွေက ၈၀%အထက်မှာ ရှိတဲ့နိုင်ငံဆိုတော့
ခရစ်စမတ်ပွဲတော်ဟာ စည်းကားလှပါတယ်။
စည်းကားတယ်ဆိုတာထက်
သူတို့ဘာသာတရားကို သူတို့အလေးအမြတ်ထားတယ်လို့ပြောရင်
ပိုပြီး သင့်တော်မယ်ထင်ပါရဲ့။
ကျနော်အလုပ်လုပ်တဲ့မောလ်ကလည်း ပိတ်ရက်အဖြစ်သတ်မှတ်တယ်။
၂၄-နာရီဖွင့်တဲ့ကုန်တိုက်တွေလည်း ဒီနေ့မှာပိတ်တယ်။
တစ်ပတ်မှာ ၇-ရက်ဖွင့်တဲ့ဆိုင်တွေလည်း ပိတ်တယ်။
အစိုးရ ရုံးပိတ်ရက်အဖြစ်သတ်မှတ်တဲ့နေ့ပေါ့အမေ။
ကျန်တဲ့ရုံးပိတ်တွေမှာ မောလ်က ပိတ်လေ့မရှိဘူး။
အခြားသူတွေ ပိတ်တဲ့ရက်ကို မောလ်က ဖွင့်ပြီး ဈေးရောင်းရတာလေ။
ဒီနေ့တော့ ပိတ်တယ်။
ခရစ်စမတ်နေ့ကို ဆီးနှင်းတွေ သဲသဲမဲမဲကျတော့
လမ်းတွေလည်း ဖွေးဖွေးကို ဖြူလို့။
အိမ်ခေါင်းမိုးတိုင်းလည်း ဆွတ်ဆွတ်ကို ဖြူလို့။
သစ်ပင်တိုင်းဟာ ခရစ်စမတ်သစ်ပင်တွေလို ဆီးနှင်းတွေနဲ့ဖုံးအုပ်သွားတယ်။
ဘယ်ကိုပဲ ကြည့်ကြည့် ဖွေးဖွေးဖြူနေတဲ့ဆီးနှင်းကိုသာတွေ့ရတယ်။
ကျနော့်ကားတောင်မှ အညိုရောင်ကနေ အဖြူရောင်ဖြစ်သွားတယ်။
ဆီးနှင်းတွေက နုနုလေးတွေ။
ကိုင်လို့ကောင်းပါရဲ့။
ဒါပေမယ့် မကြာခင်မှာပဲ အေးစက်တဲ့အထိအတွေ့ကြောင့်
အေးပြီးကျဉ်လာတယ်။
မနေနိုင်တော့ဘူး။ လက်အိတ်ကို စွတ်ရတော့တယ်။
လူတိုင်းလိုလို အနွေးထည်ထူထူကိုဝတ်လို့။
အမွှေးပွ ဦးထုပ်ကိုဆောင်းလို့။
အချို့က အမွှေးပွ ဖိနပ်ရှည်ကို စီးလို့။
အက်စကီးမိုးလူမျိုးတွေ အကြောင်းကို ငယ်ငယ်က သင်ခဲ့ဖူးတယ်။
အခုတော့ ကိုယ်ကိုယ်တိုင်က
အဲဒီအက်စကီးမိုးလူမျိုးတွေနဲ့ တူနေတယ်။


ဆယ်ရက်လောက် ဘယ်သူမှပိတ်ရက်မရတဲ့အခြေအနေကနေ
ခရစ်စမတ်နေ့ ပိတ်ရက်ရတော့ ဝန်ထမ်းတွေက ဝမ်းသာကြတယ်။
ရှားရှားပါးပါး ရတဲ့ပိတ်ရက်ဖြစ်လို့ပေါ့။
ကျနော်က ပိတ်ရက်ရရင် စာဖတ်ချင်တယ်။
စာရေးချင်တယ်။
အသိပညာနဲ့ပတ်သက်တဲ့အလုပ်တစ်ခုခုကို လုပ်နေချင်တယ်။
ယုံယုံက အလုပ်ပင်ပန်းထားတဲ့အတွက် အိပ်ချင်တယ်။
သူလုပ်ချင်တဲ့အလုပ်ကို သူလုပ်တာပဲ။
ကျနော်လည်း ကိုယ်လုပ်ချင်တဲ့အလုပ်ကို လုပ်တာပါပဲ။
အမေကပြောဖူးတယ်လေ။
“စားဝတ်နေရေးအတွက် အလုပ်တစ်ခုခုတော့ လူတိုင်းကိုယ်စီလုပ်ရတာ
သဘာဝပါပဲ။
ဝမ်းရေးကို မလွန်ဆန်နိုင်လို့ လုပ်ရတယ်ဆိုပေမယ့်
အားချိန်မှာ ဘာလုပ်သလဲဆိုတာက ကိုယ့်ဘဝကို ပြဋ္ဌာန်းလိမ့်မယ်။
လူတစ်ယောက်ကို လုပ်နေတဲ့အလုပ်ကို ကြည့်ပြီး တန်ဖိုးတစ်ခု သတ်မှတ်တယ်ဆိုတာ
ရာနှုန်းပြည့်မမှန်တတ်ပါဘူး။
တကယ့်တန်ဖိုးက သူအားလပ်နေတဲ့အချိန်မှာ သူဘာလုပ်သလဲ။
ဆိုတာပဲ။
အဲဒါက နေ့စဉ်ပုံမှန်ဝင်ငွေကြောင့် လုပ်နေတဲ့အလုပ်ထက် ပိုအရေးကြီးပါတယ်။
ပညာရှာနေသလား၊
ကုသိုလ်ရှာနေသလား၊
ဒါတွေက ဓားသွေးနေတာနဲ့တူတယ်။
ကိုယ့်ဓားသာ ထက်နေရင် ခုတ်ချင်တဲ့အချိန်မှာ
အလွယ်တကူခုတ်လို့ရတာပေါ့”လို့အမေပြောခဲ့တဲ့
အမေ့စကားကို သားသတိရတယ်။
ရောက်တဲ့လှေခါးထစ်မှာ ရပ်မနေချင်ဘူး။
နောက်ထပ်လှေခါးထစ်တွေကို တက်နိုင်သလောက် တက်ချင်တယ်။
တစ်ထစ်ပြီးတစ်ထစ်။
ကိုယ်ဘယ်လောက် တက်နိုင်သလဲဆိုတာလည်း သိချင်တယ်။



သူလည်းအိပ်ရေးဝတဲ့အချိန်၊
ကျနော်လည်း ဖတ်ချင်တဲ့စာတွေဖတ်၊ရေးချင်တဲ့စာတွေရေးပြီးချိန်မှာ
ကားနဲ့အပြင်ကို ထွက်ဖြစ်တယ်။
ညနေပိုင်းမှာ ရာသီဥတုကတော့ သာယာပါရဲ့။
မနေ့က ကျထားခဲ့တဲ့ဆီးနှင်းဖွေးဖွေးတွေက နေရာတိုင်းမှာ ရှိနေတုန်းပဲ။
တစ်လောကလုံးဖွေးဖွေးကို ဖြူလို့ပါလား။
မြင်နေကျ မြင်ကွင်းမဟုတ်တော့ ထူးဆန်းနေတယ်။
ဒါပေမယ့် ကားလမ်းပေါ်မှာတော့ လမ်းရှင်းကားတွေကလမ်းရှင်းထားတာကြောင့် 
ဆီးနှင်းတွေ မရှိတော့ဘူး။
ကားမောင်းလို့ကောင်းတယ်။ 
လင်စင်းရေကန်ကို သွားတော့ ရေတွေက ခဲနေတယ်။
ကန်တစ်ခုလုံး ဖွေးဖွေးကို ဖြူလို့။
ဘာလှေမှကို မရှိဘူး။
လူလည်းတစ်ယောက်မှ မတွေ့ရဘူး။
အေးလွန်းလို့ အိမ်ထဲက အိမ်ပြင်ကို ထွက်ကြပုံ မရဘူး။
ဆိုင်တိုင်းလည်း ပိတ်ထားကြတယ်။
မက်ဒေါနယ်ဆိုင်တစ်ဆိုင်ဖွင့်လို့ မုန့်ဝင်စားဖြစ်တယ်။


မကြာပါဘူး။
မုန့်စားလို့ကောင်းတုန်း၊ထိုင်လို့ကောင်းတုန်း
အဲဒီဆိုင်လည်း ပိတ်တော့မယ့်အကြောင်းလာပြောလို့
ပြန်ခဲ့ရတယ်။
ဒီကလူတွေက ခရစ်စမတ်ပိတ်ရက်မှာ မိဘတွေဆီသွားကြ၊လည်ကြ၊
လက်ဆောင်ပေးကြ၊
စုပေါင်းချက်ပြုတ်စားကြတဲ့အလေ့အထ ရှိတယ်လို့
ဒီမှာ နှစ်နှစ်ဆယ်လောက် နေခဲ့ဖူးတဲ့သူက ပြောလို့သိရတယ်။
နောက်တစ်နေ့ အလုပ်ကိုစောစော သွားရတော့လည်း နှင်းတွေက ရှိနေတုန်းပဲ။
အလုပ်ကပြန်တော့ အအေးက ပိုလာပြီး နှင်းတွေ ပိုကျလာတာကို တွေ့ရတယ်။
ဒီတစ်ခါတော့ ပိုဆိုးလာတယ်။ ဆီးနှင်းထုက အနည်းဆုံး ခြေမျက်စိ မြှုပ်သွားတယ်။
အချို့နေရာတွေမှာ ခြောက်လက်မလောက်ကို ကျတယ်။
တဖွဲဖွဲဆိုတော့လည်း တဖြေးဖြေး ထူလာတယ်။
အဖြူတွေဆိုတော့ ကြည့်လို့ကောင်း၊ ကိုင်လို့ကောင်းလှတယ်။
အကြာကြီးသာ မကိုင်နိုင်တာပါ။
နင်းလိုက်ရင် ခြေထောက်တွေ မြှုပ်ဝင်သွားတယ်။
ကလေးဘဝကို တွေးမိတော့ ပျော်လာမိတယ်။
ကလေးသာဆိုရင် နှင်းဖွေးဖွေးတွေကို ဆုပ်ဆုပ်ပြီး
တစ်ယောက်နဲ့တစ်ယောက် ပစ်ပေါက်တမ်းကစားရရင်
ကောင်းမှာပဲလို့တွေးမိတယ်။
အခြားပြည်နယ်တွေမှာ နှင်းမုန်တိုင်း ကျတယ်လို့ တီဗွီသတင်းကလာတယ်။
လေယာဉ်ခရီးစဉ်ပေါင်း ၁၄၀၀၀ ကျော်ပယ်ဖျက်လိုက်ရတယ်လို့လည်း သိရတယ်။
အဲဒီအချိန်မှာ အေးလိုက်တာ မပြောပါနဲ့။
ဆီးနှင်းတွေ တဖွဲဖွဲကျနေတာ ကြည့်လို့တော့ ကောင်းပါရဲ့။
လမ်းတွေမှာ ဆီးနှင်းထုကြောင့် ကားမောင်းလို့မကောင်းတော့ဘူး။
လမ်းချော်တတ်တယ်လို့ သတိပေးထားတော့ သတိထားပြီးမောင်းနေရတယ်။
 ကားလမ်းပေါ်က အမှတ်အသားတွေလည်း ပျောက်ကုန်တယ်။
ကားတစ်စီးနဲ့တစ်စီးကလည်း မီးရောင်ပဲ မြင်ရတယ်။
သတိထားပြီး ဖြေးဖြေးပဲ မောင်းပြီး အိမ်ပြန်ခဲ့ရတယ်။
အိမ်ပြန်ရောက်တော့မှ သက်မကို ချနိုင်တော့တယ်။
ဒါလည်း အတွေ့အကြုံသစ်တစ်ခုတိုးလာတယ်လို့ မှတ်ယူပါတယ်။
အမေရိကားမှာနေတာ အတွေ့အကြုံသစ်တွေ အများကြီးတိုးတာက
အကျိုးအမြတ်လို့ မှတ်ယူတတ်ရင်တော့
ဒီမှာနေရကျိုးနပ်ပါတယ်အမေ။

အမေ့ကို ချစ်တဲ့သား
အောင်ဝင်းဟိန်း
အရှေ့လင်စင်းမြို့၊
မစ်ချီဂန်ပြည်နယ်၊
အမေရိကန်နိုင်ငံ။


Sunday, December 30, 2012

“ ကျေးဇူးကမ္ဘာ…”




တစ်ခါတုန်းကလေ၊
သူတောင်းစားတစ်ယောက်က
အခြားတစ်ယောက်ကိုပြောတယ်။

သိလား၊ မနေ့က ငွေသိန်းတစ်ရာပါတဲ့
အတက်ချီကေ့စ်တစ်လုံးကို
ဘတ်စ်ကားမှတ်တိုင်မှာ ငါကောက်ရတယ်

ဟေ ဟုတ်လား။
ဟန်ကျတာပေါ့။ 
 အဲဒီတော့ မင်းဘာလုပ်သလဲ

အတက်ချီကေ့စ်ထဲမှာ ပိုင်ရှင်ရဲ့လိပ်စာ ကတ်ပြားပါလာတယ်။
ဒါနဲ့ ကျေးဇူးတင်စာနဲ့အတူ ငွေ ငါးထောင်ကျပ်ကို
ငါစာတိုက်ကနေ ပြန်ပို့ပေးလိုက်တယ်

Saturday, December 29, 2012

"ဘယ်သူက ပိုချစ်သလဲ?..."





သားငယ်က
“မေမေက သားကို ချစ်တာထက်တောင်
သားက မေမေကို ပိုချစ်တယ် သိလား”
မေမေက
“ဟုတ်ပါပြီ။
ဒီစကားကို သားက ဘယ်လိုသက်သေပြမလဲ ပြောစမ်းပါဦး”
သားငယ်က
 “ဘာကြောင့်ဆိုတော့ မေမေ့မှာ သားလေးယောက်တောင်ရှိတယ်။
သားမှာ မေမေ တစ်ယောက်ထဲ ရှိတယ်လေ”


လူသားတိုင်း ကျန်းမာကြပါစေ... လူသားတိုင်း ချမ်းသာကြပါစေ...
ခန္ဓာကိုယ်ကို လေ့ကျင့်ခန်းနဲ့စောင့်ရှောက်ပါ။ စိတ်ကို စာဖတ်ခြင်းနဲ့စောင့်ရှောက်ပါ။...

နူတ်ဆက်စကားလေးများ.....

မြန်မာတို့ရဲ့ ဘလော့ဂ်များ...

picoodle.com