Thursday, November 12, 2009

“အရာရာဟာ ကောင်းဖို့ဖြစ်လာတာပါ”


တစ်ခါတုန်းက ရွာတစ်ရွာမှာ ချမ်းသာတဲ့ သူဋ္ဌေးကြီးတစ်ယောက်ရှိပါတယ်။
တစ်နေ့တော့ သူဋ္ဌေးကြီးကတန်ဖိုးကြီးတဲ့ ပြိုင်မြင်းတစ်ကောင် ဝယ်လာတယ်။
မကြာခင်မှာပဲ အဲဒီမြင်းဟာပျောက်သွားပါလေရော။
သူဋ္ဌေးကြီးဟာစိတ်ညစ်ညစ်နဲ့ ရွာဦးဘုန်းတော်ကြီးကျောင်းကို သွားပြီး
ဆရာတော်ကို စိတ်ညစ်ရတဲ့အကြောင်းကို ပြောပြတယ်။
ဆရာတော်ကြီးက “စိတ်မညစ်ပါနဲ့တကာကြီး၊ အဲဒါကောင်းဖို့ဖြစ်လာတာပါ” လို့ပြောလိုက်တယ်။
သူဋ္ဌေးကြီးက နားမလည်ဘူး၊
နောက်တစ်ပတ်မှာတော့ မြင်းကိုရှာတွေ့တယ်။
အဲဒီမြင်းနဲ့အတူ မြင်းမတစ်ကောင်ပါ အပိုပါတဲ့အတွက်သူဋ္ဌေးကြီးကပျော်နေတယ်။
ဆရာတော်ပြောတာ မှန်လိုက်တာလို့တွေးမိတယ်။
နောက်(၆)လမှာတော့ တစ်ဦးတည်းသောသားဟာ အဲဒီမြင်းကို စီးရင်းနဲ့
မြင်းပေါ်ကလိမ့်ကျပြီး ခြေထောက်ရော၊လက်ရောကျိုးသွားပါတယ်။ သူဋ္ဌေးကြီးကစိတ်ညစ်ညစ်နဲ့ဆရာတော်ကြီးဆီရောက်သွားပြန်တယ်။
ဆရာတော်ကြီးက“စိတ်မညစ်ပါနဲ့တကာကြီး၊ အဲဒါဟာလည်း ကောင်းဖို့ဖြစ်လာတာပါ”လို့
ထပ်ပြောပြန်တော့သူဋ္ဌေးကြီးက နားမလည်ပြန်ဘူး၊
ဒုက္ခိတဖြစ်သွားတဲ့သားနဲ့ပက်သက်ပြီး ဘယ်လိုလုပ်ပြီးကောင်းဖို့ဖြစ်နိုင်မှာလဲ?
စိတ်ရှုတ်ရှုတ်နဲ့ပြန်လာတယ်။
နောက်မကြာခင်မှာပဲ ပြည်တွင်းစစ်တွေဖြစ်လာပါတော့တယ်။
စစ်ဖြစ်ပြီးဆိုတော့ အဲဒီရွာမှာရှိတဲ့ အရွယ်ရောက်
လူငယ်တွေအားလုံးဟာ စစ်ထဲပါသွားပြီး တစ်ယောက်မှရွာကို ပြန်မရောက်ကြတော့ပါဘူး။
သူဋ္ဌေးကြီးရဲ့သားကတော့ဒုက္ခတဖြစ်နေတာကြောင့်
စစ်သားစုဆောင်းသူတွေက မခေါ်ဘဲ ချန်ထားခဲ့တယ်။
ဒီတော့မှ ဆရာတော်ကြီးပြောတဲ့ “အရာရာဟာကောင်းဖို့ဖြစ်လာတယ်”ဆိုတာကို သဘောပေါက်လာပါတော့တယ်။

ကျနော်တို့ ရှေ့ကိုကြိုမမြင်နိုင်တာတွေက အများကြီးပါပဲ။
လတ်တလော ဖြစ်ရပ်ကို ပဲ စိတ်နှစ်ပြီး ခံစားတော့ စိတ်ညစ်စရာဆိုမပြေပျောက်တော့ဘူး။
မမြဲတဲ့လောကကြီးကိုလည်း အရာရာဟာမြဲနေသလို ထင်လာမိတတ်တယ်။
သေသေချာချာပြန်စဉ်းစားကြည့်ပါ။
မြဲတာဘာရှိသလဲ?
အသက်လည်း မမြဲဘူး။
ဥစ္စာလည်း မမြဲဘူး။
အာဏာလည်း မမြဲဘူး။
ပြီးတော့......................မမြဲဘူး။
ပြီးတော့.......................မမြဲဘူး။
ပြီးတော့.......................မမြဲဘူး။
အဓိကအရေးကြီးဆုံးကတော့ ဘာဘဲဖြစ်ဖြစ်၊စိတ်မညစ်ဖို့ပါပဲ။
ပြီးတော့ လုပ်သင့်လုပ်ထိုက်တာကို အရှိန်အဟုန်မပျက်၊ဆက်လုပ်နေဖို့ပါပဲ။
အရာရာဟာ ကောင်းဖို့ဖြစ်လာတာပါ။


“တကယ့် ယောက္ခမ”



ရှေးရှေးတုန်းက ပညာရှိဘုရင်တစ်ပါး ရှားရှားပါးပါး ပေါ်ပေါက်ခဲ့ပါတယ်။

အဲဒီဘုရင်ရဲ့နာမည်ကတော့ ဆော်လမွန်ဘုရင်ကြီးဖြစ်ပါတယ်။

ဆော်လမွန်ဘုရင်ကြီးဟာ အမှုအခင်းများကို စီရင်ဆုံးဖြတ်ရာမှာလည်း မှန်ကန်၊တိကျ၊မျှတတဲ့အတွက် ပညာရှိဘုရင်အဖြစ် တိုင်းသူပြည်သားများရဲ့ချစ်ခင်မြတ်နိုးခြင်းခံရသူဖြစ်ပါတယ်။

တစ်နေ့တော့ မိန်းမကြီးနှစ်ယောက်ဟာ လူငယ်ခပ်ချောချောတစ်ယောက်ကို

ခေါ်ဆောင်လာပြီး ဆော်လမွန်ဘုရင်ကြီးဆီရောက်လာပါတယ်။

ပထမ မိန်းမကြီးက

“ဒီလူငယ်ဟာ ကျမရဲ့သမီးကို လက်ထပ်မယ်လို့ ကတိပေးခဲ့ပါတယ်အရှင်မင်းကြီး ”


ဒုတိယ မိန်းမကြီးက ကန့်ကွက်ပါတယ်။

“မဟုတ်ပါဘူးအရှင်မင်းကြီး၊ သူငယ်လေးဟာ ကျမရဲ့သမီးကို ယူပါ့မယ်လို့ ကတိပေးခဲ့တာပါ။”


ဆော်လမွန်ဘုရင်ကြီးဟာသူရဲ့လက်သုံးတော်ဓါးရှည်ကိုယူလာခိုင်းပြီး မိန်းမများကိုပြောတာက

“မင်းတို့အငြင်းပွားနေတဲ့ ပြဿနာကို ငါကိုယ်တော်မြတ်ဖြေရှင်းပေးမယ်နာခံစေ။ ဒီလူငယ်ကို ဓါးနဲ့နှစ်ပိုင်း ပိုင်းပေးလိုက်မယ်။

တစ်ပိုင်းစီ ယူကြစေ။ ဘယ့် နဲ့လဲ?”


ပထမမိန်းမကြီးက သဘောတူတယ်။

“ အရှင်မင်းတရားကြီးဆုံးဖြတ်တဲ့အတိုင်း လိုက်နာပါ့မယ်”


ဒုတိယ မိန်းမကြီးက ကန့်ကွက်ပါတယ်။

“အရှင်မင်းတရားကြီးရယ်၊ သွေးထွက်သံယိုဖြစ်တာကို ကျမ မကြည့်ရက်ပါဘူး၊

ဒီလူငယ်လေးကို မသတ်ပါနဲ့။ သူ့ကိုသမက်မတော်ရရင်လည်းနေပါစေတော့….အရှင်မင်းတရားကြီးရယ်။”


မိန်းမကြီးနှစ်ယောက်ရဲ့တုန့်ပြန်ချက်များကို နားထောင်ပြီးနောက် ဆော်လမွန်ဘုရင်ကြီး

ကအမိန့်တော် ချမှတ်လိုက်တာကတော့

“ဒီသူငယ်ကို ပထမ မိန်းမကြီးရဲ့လက်ထဲအပ်လိုက်ပါ။

ဒီမိန်းမကြီးဟာ တကယ့်ယောက္ခမပီသပါပေတယ်” ဟူသတည်း။

လူသားတိုင်း ကျန်းမာကြပါစေ... လူသားတိုင်း ချမ်းသာကြပါစေ...
ခန္ဓာကိုယ်ကို လေ့ကျင့်ခန်းနဲ့စောင့်ရှောက်ပါ။ စိတ်ကို စာဖတ်ခြင်းနဲ့စောင့်ရှောက်ပါ။...

နူတ်ဆက်စကားလေးများ.....

မြန်မာတို့ရဲ့ ဘလော့ဂ်များ...

picoodle.com