တစ်နေ့တွင်
ချစ်စနိုးမွေးထားတဲ့ ခွေးငယ်လေးဟာ
သူ့သခင်ခြံပတ်လည်ကို လမ်းလျှောက်ထွက်ခဲ့ပါတယ်။
  မြင်းကို အစာကျွေးတဲ့နေရာကို ရောက်သွားတယ်။
  မြင်းကြီးက သူ့ကိုခေါ်လိုက်တာကို ကြားရပါတယ်။
  “ဟေ့…ခွေးငယ်လေး၊ မင်းကြည့်ရတာ အသစ်ရောက်လာတာထင်တယ်။
  မင်းသိအောင်ပြောထားရဦးမယ်၊ ဒါကလည်း မင်းမကြာခင်သိပါလိမ့်မယ်။
  ဒို့သခင်က အခြားသတ္တဝါတွေ အားလုံးထက်
ငါ့ကို ပိုချစ်တယ်ဆိုတာ သိလာပါလိမ့်မယ်။ 
ဘာကြောင့်လဲဆိုတော့ ငါက ငါ့သခင်အတွက် 
လေးလံတဲ့ ဝန်ထုပ်ကြီးတွေကို သယ်ပေးလို့လေ။
  ငါ့အထင်ပြောရရင် မင်းလိုအကောင်သေးသေးလေးကတော့ 
ဒို့သခင်အတွက် ဘာမှ တန်ဖိုးရှိမယ် မထင်ပါဘူး။ ”လို့ ပြောလိုက်ပါတယ်။
  ခွေးငယ်လေးဟာ ချာကနဲ လှည့်ထွက်သွားပါတယ်။
  အနီးအနားမှာရှိတဲ့ နွားတင်းကုပ်ကို ရောက်သွားပါတယ်။
  နွားက “ငါကတော့ ဒီမှာ ချီးကျူးအခံရဆုံးပါပဲ။
  ဘာကြောင့်လဲဆိုတော့ ငါကပေးတဲ့ နွားနို့ကနေပြီး
ထောပတ်တို့၊ ချိစ်တို့ကို  သခင်မ ကလုပ်ရလို့ပေါ့။
မင်းကတော့ သူတို့မိသားစုကို   ဘာမှ ပေးတာမှ မဟုတ်တာ”
လို့ပြောတာကို ကြားရပြန်တယ်။
  “ကိုနွားကြီးရာ ခင်ဗျားနဲ့ ကျွန်ုပ်က အတူတူပါပဲ။ 
  ကျွန်ုပ်ကလည်း သိုးမွေးတွေကို သခင်တို့ဝတ်ဖို့အတွက်ပေးနေတာမို့
သခင်တို့မိသားစုအားလုံး နွေးထွေးဖို့ ကျွန်ုပ်ကပေးနေတာလေ။
ခင်ဗျားပြောတာမှန်တယ်ဗျ။
  ဒီခွေးငယ်လေးက သခင်အတွက်ဘာမှ မပေးပါဘူးဗျာ”
လို့ အနားမှာရှိတဲ့ သိုးက နွားကို ထောက်ခံလိုက်ပါတယ်။
  တစ်ကောင်ပြီးတစ်ကောင် ဝင်ပြောကြပါတယ်။
  သူတို့ဟာ ဘယ်လိုချီးကျူးခံရကြောင်း၊
  သခင်ရဲ့အရေးပေးမှုဘယ်လိုခံရကြောင်းပြောကြပါတယ်။
  ကြက်မကလည်း သူပေးတဲ့ ဥတွေကြောင့် သခင်ကအရေးပေးကြောင်း၊
  ကြောင်ကလည်း မြန်မြန် ကြွက်ဖမ်းပေးတဲ့အတွက် သခင်က အရေးပေးကြောင်း၊
  တစ်မျိုးစီ ဝင်ပြောကြပါတယ်။ 
  သတ္တဝါတို စွမ်းဆောင်မှုတွေ မတူကြပါ။
  ဒါပေမယ့် တူညီတဲ့ သဘောထားရှိပါတယ်။
  ခွေးငယ်လေးဟာ ဘာမှ မပေးနိုင်တဲ့အတွက် 
သခင်မိသားစုအတွက် ဘာမှတန်ဖိုး မရှိဘူး ဆိုတဲ့အမြင်ကတော့ 
  အားလုံးတူညီနေကြပါတယ်။
  သတ္တဝါအားလုံးရဲ့ ပြောဆိုမှုကြောင့် ခွေးငယ်လေးဟာ 
တိတ်ဆိတ်တဲ့ သီးသန့်တစ်နေရာမှာ တိတ်တိတ်လေး ငိုနေတယ်။ 
  အဲဒီအခါ ခွေးအိုကြီးတစ်ကောင်က ခွေးငယ်လေးကို နှစ်သိမ့်စကားဆိုပြီး
မငိုဖို့ပြောပါတယ်။
  ခွေးငယ်လေးက
“သူတို့တွေ ပြောတာမှန်တယ်။
  ကျနော်က သခင်တို့ရဲ့မိသားစုအတွက် ဘာမှ မပေးနိုင်ဘူး။”
လို့ ရှိုက်ကြီးတစ်ငင်ငိုရင်းပြောတယ်။
  ခွေး အိုကြီးက
“ ဟုတ်ပါတယ်။ မင်းက လှည်းကို ဆွဲဖို့သိပ်ငယ်သေးတယ်။
  မဖြစ်နိုင်ဘူး။
မင်းက သူတို့အတွက် သိုးမွေးတို့၊ နွားနို့တို့ကိုလည်း 
မပေးနိုင်ဘူးဆိုတာလည်း မှန်တာပဲ။
  မင်းမလုပ်နိုင်တာတွေအတွက် ငိုနေရင် မိုက်ရာကျပါတယ်ကွယ်။
  မင်းက မိသားစုကို ပျော်အောင် စိတ်ချမ်းသာအောင် လုပ်နိုင်တယ်လေ။
  မင်းမှာ အဲဒီအရည်အချင်း ရှိတာပါ။ 
အဲဒီ အရည်အချင်းကို အသုံးချရမှာပေါ့ကွ”
လို့ အားပေးလမ်းပြစကား ဆိုပါတယ်။
  နောက်နေ့ ညနေစောင်းမှာ အလုပ်ပင်ပန်းပြီး ပြန်လာတဲ့ သခင်ကို 
ခွေးငယ်လေးက ပြေးပြီးကြိုဆိုပါတယ်။
  အမြီးလေး တနှံ့နှံ့နှင့်ပြေးကြိုတာပေါ့။
သခင်ရဲ့ခြေကို လျှာဖြင့်လျက်ပါတယ်။ 
  သခင်လက်ထဲကို ခုန်တက်ပါတယ်။
  မြက်ခင်းထဲကို ပြန်လဲကျသွားရာ ခွေးငယ်လေးနှင့်သခင်ဟာ
မြင်ခင်းထဲမှာ လူးလဲကစားနေကြပါတော့တယ်။
  နောက်ဆုံးတွင် ခွေးငယ်လေးကို ရင်ခွင်တွင် ယုယစွာပိုက် ၊
ခေါင်းလေးကို ချစ်စနိုးပွတ်ပြီး၊
  “ငါ အိမ်ရောက်တဲ့အခါ ဘယ်လောက်ပဲပင်ပန်းနေနေ၊
မင်းကအခုလို ဆီးကြိုလိုက်တယ်ဆိုရင် အမောပြေသွားတာပဲ။
အခြားသတ္တဝါတွေတွေအပေါ် သဘောထားသလို 
ငါက မင်းအပေါ်သဘောမထားနိုင်ပါဘူး။
မင်းက ငါအမောပြေအောင်လုပ်တတ်တော့ ငါက မင်းကို ချစ်တယ်။”
လို့ လယ်သမားက ပြောရင်း ခွေးငယ်လေးကို  ယုယစွာပွေ့ထားလိုက်ပါတော့တယ်။