Friday, March 4, 2011

" ဒေါသချင်း ပြိုင်ကြတဲ့အကောင်တွေ... ”


စွန်းလွန်းဆရာတော်ဘုရားကြီးဟာ

ပတ်ဝန်ကျင်မှာ မြင်မြင်သမျှ၊

ကြားကြားသမျှ ကို တရားဟုသဘောထားသောကြောင့်

တရားရခဲ့ပါတယ်။


ဆရာတော်ဘုရားကြီးဟောတဲ့တရားကား

ဘုန်းကြီးဟာ လူဝတ်တုန်းက တောင်သူလုပ်ကိုင်

စားသောက်ခဲ့တာ ဖြစ်တော့

နွားကျောင်းရတာပေါ့။

နွားတွေဟာသူ့နွား၊ကိုယ့်နွားများစွာ စုရုံးမိတော့၊

အဲဒီအထဲမှာ နွားသိုးတွေလည်း ပါလာတာပေါ့၊

နွားသိုးတွေက တစ်ကောင်နဲ့တစ်ကောင်၊

တွန်းကြ၊ စောင်ကြ၊ နဲ့ တော်တော်ကြာကျတော့

ဝှေ့ကြတော့တာပေါ့။

ဝှေ့ကြလို့တော်တော်ကြာတော့ အားသာတဲ့နွားက

နိုင်ပြီးအားနည်းတဲ့ နွားဟာ ပြေးလေရော၊

အဲဒီတော့ နွားနှစ်ကောင်ဟာ ဂျိုရင်းမှာ

သွေးစက်လက်နဲ့ခေါင်းကလေးတစ်ခါခါနဲ့နေကြတယ်။

ဒီတော့မှ အင်းသူတို့နှစ်ကောင်ဟာ

ဒေါသချင်း ပြိုင်ကြတဲ့အကောင်တွေပဲ

ဒေါသဆိုတဲ့ တရားဟာ အခိုက်အတန့်ကာလ

ခဏကလေးသာ ဖြစ်တဲ့အာဂန္တုကဓာတ်ပဲ။

အစွမ်းကောင်းတဲ့ဝရမ်းပြေးနဲ့တူတယ်။

ဘယ်လိုပဲ ဝှေ့ကြပေမယ့်

ဒေါသကို ဘယ်သောအခါမှ မထိဘူး။

ဒေါသတည်းဟူသော ဝရမ်းပြေးကို လက်ခံတဲ့ခန္ဓာအိမ်ကသာ

ခေါင်းကလေးတစ်ခါခါနဲ့ကျန်ရစ်ခဲ့ပါကလား လို့

စဉ်းစားဆင်ခြင်ပြီး၊

နင် ဟိုအကောင်တွေလို ဒေါသတည်းဆိုတဲ့

ဝရမ်းပြေးကို လက်မခံပါနဲ့။

လက်ခံခဲ့ပါရင် ဟိုအကောင်တွေလို ဆင်းရဲဒုက္ခရောက်ရမယ်

အမှန်လို့ ဉာဏ်မျက်စိနဲ့မြင်အောင်ကြည့်ပါလေ

တပည့်ယောဂီတို့….”

ဆိုပြီးဆိုဆုံးမလေ့ရှိပါတယ်။


ဒေါသမှာ ဘာကောင်းတာရှိလဲ။
အချို့လူတွေက ဒေါသကိုဘဲ အကောင်းလုပ်ပြီး အားအားရှိ ဒေါသတွေ ထွက်ပြနေတတ်တယ်။
ဒေါသထွက်ရင်ကိုဘဲ အာဏာကြီးသယောင်ယောင်၊
သြဇာရှိသယောင်ယောင်၊
ယောင်နေတာပဲ ရှိပါတယ်။
တကယ်မဟုတ်ပါဘူး။
ဒေါသဟာ ကိလေသာတစ်မျိုးဖြစ်တယ်။
ကိလေသာကြီးသူဟာ ဥာဏ်နည်းသူဖြစ်တယ်လို့ ဆရာတော်တစ်ပါးကဟောတာကြားဖူးတယ်။
ဒါကြောင့် ဒေါသကြီးသူတိုင်းဟာ ဥာဏ်နည်းသူတွေလို့ပြောလိုက်ချင်ပါရဲ့။
ဒေါသထွက်လေတိုင်း သတိလေးကပ်ပြီး သိနေမယ်ဆိုရင်
ဥာဏ်နည်းသူမှ ဥာဏ်ကြီးသူ ဖြစ်အောင်လေ့ကျင့်ရာရောက်ပါတယ်။
ကဲ...လူကြီးမင်းကို ဥာဏ်ကောင်းသူဖြစ်တဲ့နည်းလမ်းတစ်ခု
လက်ဆောင်ပေးလိုက်ပါတယ်။
အခုပဲ လေ့ကျင့်လိုက်ရအောင်...။
လူကြီးမင်းကို စိတ်ချမ်းသာစေချင်လို့ပါနော်...။

" တံစဉ်ကို သွေးပါ..."



တစ်ခါတုန်းက
သားဖြစ်သူ စိန်ထွန်းရီဟာ တုံးနေတဲ့တံစဉ်နဲ့ကောက်ရိတ်နေတာကို
ဖခင် ဖြစ်သူဦးလှမြင့် ကတွေ့ပါတယ်။

" သားရယ် ဘာကြောင့် တုံးနေတဲ့တံစဉ်နဲ အလုပ်လုပ်နေသလဲ "
လို့မေးပါတယ်။

ဒီတော့ သားဖြစ်သူ စိန်ထွန်းရီက
" ဒီမှာ လုပ်စရာတွေက သိပ်များတော့ တံစဉ်ကို သွေးပြီး
အချိန်မဖြုန်းချင်လို့ပါ "

လို့ ပြောပါတယ်။
အဲဒီအခါ ဖခင်လယ်သမားကြီးက

" ငါ့သားရယ်
အလုပ်လုပ်နေတဲ့ တံစဉ်ကို သွေးတာဟာ အချိန်ဖြုန်းတာမဟုတ်ပါဘူး၊
တကယ်ဆိုတော့ တံစဉ်ကို မသွေးဘဲနဲ့ အလုပ်လုပ်နေတာကိုက အချိန်ကို
ဖြုန်းရာရောက်ပါတယ် "

လို့ ပြန်ပြောလိုက်ပါတယ်။


ကျနော်တို့လည်း မကြာခဏ သတိလက်လွတ်ဖြစ်တတ်ပါတယ်။
တံစဉ်ကိုသွေးလိုက်ရင်ဘဲ အချိန်ကုန်သွားပြီး အကျိုးမထူးဘူးလို့ ထင်တတ်မိပါတယ်။
အဲဒီကိစ္စမှားတယ်ဆိုတာကို ဒီဖြစ်ရပ်က သတိပေးပါတယ်။
ဆရာဝန်အလုပ်ကို နှစ်ရှည်လများ လုပ်လာတဲ့အခါ ဒီလုပ်ငန်းမှာ အရမ်းကျွမ်းကျင်သွားပြီလို့
ထင်ခဲ့မိတာကြောင့်
စာတွေ့၊လက်တွေ့ကို လေ့လာဖို့မလိုတော့ဘူးလို့ထင်ခဲ့မိတာ နှစ်ပေါင်းများစွာကြာခဲ့ပါတယ်။
ဟော.....အခုတော့ အမေရိကားသို့ရောက်လာဖို့အကြောင်းဖြစ်လာတယ်။
ဒီနိုင်ငံက ဘယ်ကလာလာ စာမေးပွဲပြန်ဖြေရမယ်ဆိုတော့ စာပြန်ဖတ်ရပါတယ်။
နှစ်ပေါင်းများစွာ စာမဖတ်မိတဲ့အတွက် နောင်တရမိတယ်။
တံစဉ်မသွေးဘဲ အလုပ်လုပ်နေမိပါလား...ဆိုတာ သိလိုက်ရတော့
လူကြီးမင်းကိုလည်း ကျနော်လို နောင်တမရစေချင်လို့
တံစဉ်ကို အမြဲတမ်းသွေးပါလို့ မေတ္တာနဲ့ပြောလိုက်ပါရစေလားဗျာ...။



လူသားတိုင်း ကျန်းမာကြပါစေ... လူသားတိုင်း ချမ်းသာကြပါစေ...
ခန္ဓာကိုယ်ကို လေ့ကျင့်ခန်းနဲ့စောင့်ရှောက်ပါ။ စိတ်ကို စာဖတ်ခြင်းနဲ့စောင့်ရှောက်ပါ။...

နူတ်ဆက်စကားလေးများ.....

မြန်မာတို့ရဲ့ ဘလော့ဂ်များ...

picoodle.com