ဇော်ဂျီဖေါင့်ယူရန်

ကျနော့်ကိုခင်မင်ကြသူများ.....

ဒီနေရာတွေကလာကြတယ်.....

   

About Me



တစ်ခါတုန်းက တရားဘာဝနာ ကျင့်ကြံအားထုတ်ပြီး

တရားအမြင်ပေါက်နေတဲ့ ရဟန်းကြီးတစ်ပါးရှိတယ်။

အဲဒီရဟန်းအနားမှာ သူ့ရဲ့တူတော်တဲ့ အသက်(၉)နှစ်အရွယ်ကိုရင်လေးတစ်ပါးလည်းရှိတယ်။

အဲဒီကိုရင်လေးက ဦးဇင်းရဟန်းရဲ့ဝတ်ကြီးဝတ်ငယ်ကို ဖြည့်ပေးနေတယ်။

တစ်နေ့မှာတော့ ရဟန်းကြီးက ကိုရင်လေးရဲ့မျက်နှာကိုကြည့်တဲ့အခါ

မကြာခင်မှာ ကိုရင်လေး သေဆုံးတော့မယ်ဆိုတာကို မြင်မိတယ်။

ဒါကြောင့် မိဘရပ်ထံပြန်ပြီးသေဆုံးစေချင်တယ်။

ဒါနဲ့ပဲ ကိုရင်လေးကို မိဘဆီပြန်ဖို့ ခွင့် နှစ်လပေးလိုက်မယ်။

မိဘဆီပြန်လိုက်အုန်းလို့ဆိုပြီး လွှတ်လိုက်တယ်။

ကိုရင်လေးလည်း မလွန်ဆန်နိုင်တာမို့ ရွာကိုပြန်ခဲ့ရပါတယ်။

ရွာကိုပြန်ပြီး (၂)လကြာတဲ့အခါ ကိုရင်လေး

ကိုတောင်ပေါ်ကျောင်းကိုပြန်တက်လာတာကိုတွေ့တော့

ရဟန်းကြီးဟာ တအံ့တသြဖြစ်နေတယ်။

ကိုရင်လေးရဲ့မျက်နှာကိုပြန်ကြည့်တော့ ကိုရင်လေးဟာ

အသက်(၈၀)နှစ်အရွယ်ဆရာတော်၊ သမားတော်ကြီးဖြစ်ပြီးမှ ပျံတော်မူမယ့်

အနာဂတ်အရေးကိုမြင်တော့ ဘယ်လိုဖြစ်၊ပျက်ခဲ့တာကို သိချင်တာနဲ့မေးမြန်းမိတယ်။

ကိုရင်လေးပြောပြတာကတော့

“အိမ်ပြန်တဲ့ တပည့်တော်ခရီးမှာလမ်းတစ်လျှောက်လုံး ရွာတွေ၊မြို့တွေကိုဖြတ်ရသလို

မြစ်တွေ၊ချောင်းတွေကိုလည်းဖြတ်ခဲ့ရတယ်။

တောတွေ၊တောင်တွေလည်းဖြတ်ကျော်ရပါတယ်။

တစ်နေ့တော့ မြစ်တစ်စင်းကိုဖြတ်ကူးမယ့်အလုပ်မှာ မိုးသည်းထန်စွာရွာတဲ့အတွက်

အရှိန်အဟုန်နဲ့ စီးဆင်းနေတဲ့ ရေစီးကြောင်းကိုတွေ့မြင်ရတယ်။

အဲဒီအချိန်မှာ ကျွန်းကလေးတစ်ကျွန်းပေါ် မှာ မကြာခင်အတွင်း ရေပြည့်လာရင်

ရေနစ်ပြီးသေတော့မယ့် ပုရွက်ဆိတ်အုံကြီးကိုတွေ့မြင်မိတယ်။

ပုရွက်ဆိတ်တွေဟာ ကျွန်းဘေးကစီးသွားတဲ့ရေစီးကြောင်းကို ဖြတ်ကူးပြီး ကမ်းပါးပေါ်သွားဖို့

ကြိုးစားနေတာကိုတွေ့ရတယ်။

အဲဒီအတိုင်းကြည့်နေမယ်ဆိုရင် မကြာခင်အတောအတွင်း ရေစီးကြောင်းထဲမျောပါသွားမယ့်

ပုရွက်ဆိတ်ကောင်ရေ အသင်္ချေအနန္တကို ကယ်ဖို့အတွက်

တပည့်တော် သစ်ကိုင်းတစ်ကိုင်းရှာပြီး ကျွန်းကလေးနဲ့ ကမ်းပါးအကြား

တံတားသဏ္ဍန်လုပ်ပေးလိုက်တယ်။

တပည့်တော်ချပေးလိုက်တဲ့ တံတားအပေါ် ပုရွက်ဆိတ်တွေ ကူးသွားကြတဲ့အခါ

တပည့်တော် ပုရွက်ဆိတ် တစ်ကောင် မကျန်ကူးသွားနိုင်တဲ့ အချိန်အထိ

သစ်ကိုင်းကို မျောပါ မသွားအောင် မြဲမြဲကိုင်ပေးထားတယ်။

ပုရွက်ဆိတ်တွေ တစ်ကောင် မကျန် အသက်ချမ်းသာရမယ့် ကုန်းမြေပေါ် ရောက်သွားပြီးတဲ့အခါမှ

တပည့်တော်လည်း မိမိသွားရမယ့်လမ်းကို ဆက်သွားခဲ့ပါတယ်။”



ကိုရင်လေးရဲ့ပြောပြတာကိုကြားရပြီးတော့ ရဟန်းကြီးက

“လူကိုမဆိုထားနဲ့ ပုရွက်ဆိတ်ကလေးတွေရဲ့ အသက်ပေါင်းများစွာကို

ကယ်ဆယ်သူရဲ့အသက်ကိုပင်

မသေစေဘဲရှည်ကြာအောင်လုပ်နိုင်ပါကလား? ပြီးတော့

ကရုဏာအပြည့်ရှိတဲ့ကုသိုလ်ကောင်းမှုဟာ

တစ်စုံတစ်ယောက်သော ပုဂ္ဂိုလ်ရဲ့ကံကြမ္မာကို

အလှည့်အပြောင်းဖြစ်စေပါလား”လို့တွေးတောမိပါတယ်



လူဆိုတာ ကုသိုလ်အရှိန်နဲ့ လာခဲ့တာဖြစ်လို့ တစ်ဘဝလုံး ကုသိုလ်အရှိန်နဲ့ပဲ

နေနိုင်အောင်ကြိုးစားရမှာဖြစ်တယ်။

ဒါမှ ကုသိုလ်အရှိန်နဲ့ပြန်နိုင်မှာပါ။

ဒါကြောင့် ဘယ်အရာမဆို ကုသိုလ်ရဖို့တစ်ခုကိုပဲ အဓိကထားကြည့်ရတယ်။

ပရိသတ်ကို အုပ်ချုပ်တော့လည်း ကုသိုလ်ရအောင်ပဲ အုပ်ချုပ်ပါတယ်။

ခန္တီမေတ္တာကို အများဆုံးသုံးပြီး ပရိသတ်ကို သိမ်သိမ်မွေ့မွေ့ အုပ်ချုပ်ပါတယ်။

(၁) မိသားစု စိတ်ဓာတ်ထားပြီး မေတ္တာတရားနဲ့ပျော်ရွှင်ချမ်းမြေ့စွာအတူတကွ လက်တွဲနေထိုင်ရေး၊

(၂) အဆင့်မမီသေးသူများကို ကရုဏာနဲ့ အရိပ်ပေးပြီးဖေးမကူညီစောင့်ရှောက်ရေး၊

(၃) တကယ်တော်သူ ကောင်းသူများကို လက်မနှေးဘဲ မုဒိတာနဲ့

ဝမ်းမြောက် ဝမ်းသာဂုဏ်တင် ချီးမြှောက်ရေး၊

(၄) မတော် မကောင်း တိမ်းစောင်းသွားလို့ အပြစ်ရှိသူများကို ဥပေက္ခာနဲ့

အေးမြစွာ အပြစ်ပေးရေး၊

ဆိုတဲ့ ဗြဟ္မဝိဟာရလမ်းစဉ် ၄-ချက်နဲ့ပဲ အုပ်ချုပ်ပါတယ်။

ရိုက်နှက်ဆူပူ ငေါက်ငမ်းမှု လုံးဝပြုလေ့မရှိပါဘူး။

ကိုယ့်ကြောင့်လည်း သူ ကုသိုလ်ရအောင်,

သူ့ကြောင့်လည်း ကိုယ်ကုသိုလ်ရအောင်သာ အမြဲကြိုးစားပါတယ်။


(ယော)ဆရာတော်....................

တိပိဋကဓရ-ဓမ္မဘဏ္ဍဂါရိက.....

၄၅-နှစ်တရားတော် စာအုပ်မှ……..

“ လျှာ...”

Posted by A.W. Hein Friday, December 25, 2009 0 comments




ရှေးခေတ်ဂရိသမိုင်းမှာ အင်မတန်စကားပြော ကျွမ်းကျင်တဲ့
နန်းတွင်းအရာရှိတစ်ဦးရှိတယ်။
အဲဒီအရာရှိဟာ စကားပြောရာမှာ အင်မတန်လိမ္မာတယ်။
နှုတ်သွက်လျှာသွက်ရှိလှတယ်။
နှုတ်မှုရေးရာ အင်မတန်တော်တယ်။
နှုတ်မှုရေးရာကျွမ်းကျင်တော့ ဟိုလူကို ဟိုလိုပြော၊
ဒီလူကို ဒီလိုပြော၊
ဟိုနေရာတစ်မျိုး၊ ဒီနေရာတစ်မျိုး နဲ့
အမျိုးမျိုး ပြောတော့တာပဲ။
အဲဒီအရာရှိရဲ့စကားကြောင့်တစ်ချို့မိတ်ဆွေတွေဟာ ရန်သူတွေဖြစ်ကုန်ကြတယ်။
တစ်ဦးနဲ့တစ်ဦးဟာ ယုံကြည်မှုတွေ ပျက်ပြားကုန်ကြတယ်။
အဲဒီအရာရှိစကားကြောင့် လူတော်တော်များများဟာ ဒုက္ခရောက်ကုန်ကြတယ်။
ဒီအရာရှိရဲ့စကားကြောင့် လူတွေဒုက္ခရောက်တာကိုသိတဲ့
ဘုရင်ရဲ့မိဖုရားက အဲဒီအရာရှိကိုခေါ်လိုက်တယ်။
မိဖုရားရှေ့မှောက်ရောက်တဲ့အခါ
“ဒီလောက်တောင် အပြောအဆိုကျွမ်းကျင်သွက်လက်တဲ့ မောင်မင်းရဲ့လျှာကို ဂုဏ်ပြုရဦးမယ်”လို့
မိဖုရားကပြောပြီးရွှေစင်အစစ်နဲ့လုပ်ထားတဲ့ဆံထိုးကြီးနဲ့အဲဒီအရာရှိရဲ့လျှာကို ဆွဲထုတ်ထိုးဖောက်စိုက်ထောင်ပြီးဂုဏ်ပြုခိုင်းလိုက်ပါတယ်။

လျှာဟာအသုံးပြုတတ်ရင်အကျိုးရှိပါတယ်။
အသုံးမပြုတတ်ရင်လည်း အကျိုးယုတ်စရာအများကြီးဖြစ်လာတတ်ပါတယ်။
ကောင်းကျိုးအတွက်အသုံးပြုမလား
ဒါမှမဟုတ်
ဆိုးကျိုးအတွက် အသုံးပြုမလားဆိုတာကတော့
လျှာကိုပိုင်ဆိုင်တဲ့ ပိုင်ရှင်ရဲ့သဘောထားအတိုင်းပါပဲ။

“အ.ရန်ကော ”

Posted by A.W. Hein Thursday, December 24, 2009 0 comments



တစ်ခါတုန်းကပေါ့ ဘကြီးအိုင်ဟာ ကလေးများကိုချစ်တတ်သူဖြစ်တယ်။

ကလေးများနဲ့အတူပျော်ရွှင်စွာဆော့ကစားရတာကိုလည်း နှစ်သက်တတ်တယ်။

ကလေးများကလည်း ဘကြီးအိုင် ကို ချစ်ကြတယ်။

သူဟာ ကလေးများကို ချစ်တတ်သလို တိရ စ္ဆာန်များကိုလည်းချစ်တတ်သူဖြစ်တယ်။


တစ်နေ့မှာတော့ ဘကြီးအိုင် ရဲ့အိမ်မှာရှိတဲ့ ကြောင်မကြီးက

ကြောင်ကလေး ငါးကောင်ပေါက်လာတယ်။

ကြောင်ကလေးတွေက အရောင်အသွေးမျိုးစုံနဲ့မို့ ချစ်စရာကောင်းလှပါတယ်။

ဘကြီးအိုင်က ဘာစိတ်ကူးပေါ်သလဲမသိပါ။

ကြောင်မကြီးနဲ့ ကြောင်ကလေးတွေအတွက် အိမ်တစ်လုံးဆောက်ပေးပါတယ်။

ဘကြီးအိုင်ရဲ့ ကြောင်အိမ်က အပေါက်နှစ်ပေါက်နဲ့အိမ်ဖြစ်နေပါတယ်။

တစ်ပေါက်ကအကြီး၊ နောက်တစ်ပေါက်ကအသေး။

အဲဒီကြောင်အိမ်ကိုတွေ့တော့ စပ်စုတတ်တဲ့ကလေးတစ်ယောက်က ဘကြီးအိုင်ကိုမေးပါတယ်။

“ဘကြီးအိုင်…ဒီအပေါက်ကြီးကဘာအတွက်လဲ?”

ဘကြီးအိုင်က “အဲဒီအပေါက်ကြီးက ကြောင်မကြီးအတွက်ဝင်ပေါက်လေ”လို့ဖြေပါတယ်။

“ဒီအပေါက်သေးသေးလေးကရော”လို့အပေါက်သေးသေးလေးကိုညွှန်းပြီးမေးပါတယ်။

ဘကြီးအိုင်က “အဲဒါကတော့ ကြောင်ကလေးတွေဝင်ဖို့အပေါက်ပါကွယ့်”လို့ဖြေပါတယ်။

ဒီတော့ ကလေးငယ်က

“ကြောင်ကလေးတွေက ဒီအပေါက်ကြီးကဝင်လို့မရဘူးလား?လို့ထပ်မေးပါတယ်။

ဒီတော့မှ ဘကြီးအိုင်က “အေး…ဟုတ်သားပဲ၊ အဲဒါကို မစဉ်းစားမိလို့

အပေါက်သေးသေးကိုဖေါက်မိတာကွယ့်”တဲ့။


ဒီဇာတ်လမ်းလေးကိုဖတ်မိတော့ လူကြီးမင်းက ဒီအဖိုးကြီးက

“အ.ရန်ကော ”လို့တွေးမိကောင်းတွေးမိပါလိမ့်မယ်။

ဒီအဖိုးကြီးဟာ အ.သူတော့မဟုတ်ပါ။

ဘာကြောင့်ဆိုတော့ ဒီအဖိုးကြီးဟာ ဒီ ကမ္ဘာပေါ်မှာ ဂုဏ်သိက္ခာအရှိဆုံးသိပ္ပံပညာရှင်ကြီး

အယ်လ်ဘတ် အိုင်စတိုင် ဖြစ်လို့ပါပဲ။

အယ်လ်ဘတ် အိုင်စတိုင်ဟာဘွဲ့ထူးဂုဏ်ထူးများ၊ဆုတံဆိပ်များ၊

အဆောင်ယောက်များကို အလေးထားသူမဟုတ်။

ထင်ပေါ်ကျော်ကြားခြင်းကိုလည်းသာယာမိန်းမူးတတ်သူလည်းမဟုတ်။

သူဟာဘာကြီးဖြစ်လာအောင်ဆိုပြီးပင်ပန်းကြီးစွာကြိုးစားနေသူမဟုတ်။

စိတ်ဝင်စားတဲ့အရာကို စူးစူးစိုက်စိုက်လုပ်ကိုင်ကာ ဒီလိုလုပ်နေရတာကို

ကြည်နူးနှစ်သက်ခံစားတတ်သူမျိုးသာဖြစ်တယ်။

ဒီလိုအရည်အချင်းကောင်းရှိတဲ့အတွက် သူဟာပါရမီရှင်၊

ဉာဏ်ကြီးရှင်တစ်ယောက်အဖြစ် လေးစားခြင်းခံရသူဖြစ်တယ်။

တစ်ဖက်ကလည်းနှလုံးစိတ်ဝမ်း ငြိမ်းချမ်းသူ၊ စိတ်ကောင်းစေတနာကြီးမားသူတစ်ဦးအဖြစ်

မြတ်နိုးကြည်ညိုခြင်းပါခံခဲ့ရခြင်းဖြစ်တယ်။

သူရဲ့ဘဝကအလွန်ကြီးကျယ်အောင်မြင်ခဲ့တဲ့ ဘဝတစ်ခုဖြစ်ခဲ့ပါတယ်။

အယ်လ်ဘတ် အိုင်စတိုင်ဟာဂျူးလူမျိုးဖြစ်တာမို့ အစ္စရေးနိုင်ငံက သူ့ကို သမ္မတရာထူးထမ်းဆောင်ရန်

ပန်ကြားခြင်းကိုခံရသူဖြစ်တယ်။သူငြင်းပယ်ခဲ့တယ်။

သူနဲ့သမ္မတအလုပ် မသက်ဆိုင်ကြောင်းသူသိတယ်။

တကယ်လို့ သူသာ သမ္မတရာထူးကို လက်ခံခဲ့မယ်ဆိုရင်တော့

ဒီလောက်ကြီးမားတဲ့ ဂုဏ်သိက္ခာနဲ့ထိုက်တန်သုဖြစ်အံ့မထင်ပါ။

အကြောင်းမှာ ကိုယ်နားမလည်တဲ့အလုပ်တဲ့ကို ဝင်လုပ်မိတဲ့အတွက်ဖြစ်တယ်။

ကိုယ်နားမလည်တဲ့အလုပ်မှာ ဂုဏ်သိက္ခာရှိအောင်လုပ်ဖို့မဖြစ်နိုင်ပါ။

ဂုဏ်သိက္ခာရှိအောင်ပြောဖို့မဖြစ်နိုင်ပါ။

ဂုဏ်သိက္ခာရှိအောင်နေထိုင်ကျင့်ကြံဖို့မဖြစ်နိုင်ကြောင်းကို အယ်လ်ဘတ် အိုင်စတိုင်ကသိတဲ့အတွက်

“အ.ရန်ကော”ဆိုတဲ့စကားစုဟာ အယ်လ်ဘတ် အိုင်စတိုင်နဲ့မဆိုင်ခဲ့ခြင်းဖြစ်တယ်။



ဘုရားရှင်လက်ထက်က သက်တမ်းအလွန်ရှည်တဲ့ ဝရုဏ နဲ့ ဝါရဏ ဆိုတဲ့ နတ်ကြီးနှစ်ပါး ရှိသတဲ့။

ဂေါတမဘုရားအလောင်း ပဋိသန္ဓေနေတော့မယ်လို့ သတင်းကြားကတည်းက

ဗုဒ္ဓဂုဏ်ကို အာရုံပြုပူဇော်ဖို့ နတ်ပန်းကုံးကြီး လုပ်ကြသတဲ့။

ဘုရားပရိနိဗ္ဗာန် စံခါနီးလို့တောင် သူတို့ရဲ့ ပန်းကုံးကြီးကလုပ်လို့ မပြီးသေးဘူးဆိုပဲ။

ဘုရားပရိနိဗ္ဗာန် စံတော့မယ့်အကြောင်းကြားရတော့ နတ်နှစ်ပါး တအံ့တသြ ပြောကြသတဲ့။

“ဟယ်…ဘုရားကလည်း မြန်လိုက်တာ

ဒီနေ့ပဲ ပဋိသန္ဓေနေတယ်၊

ဒီနေ့ပဲ ဖွားမြင်တယ်၊

ဒီနေ့ပဲ တောထွက်တယ်၊

ဒီနေ့ပဲ ဘုရားဖြစ်တယ်၊

ဒီနေ့ပဲ တရားဦးဟောတယ်၊

ဒီနေ့ပဲ ရေမီးအစုံအစုံတန်းခိုးပြတယ်၊

ဒီနေ့ပဲ တာသတိံသာနတ်ပြည်ကို တက်တရားဟောပြီး

ဒီနေ့ပဲနတ်ပြည်ကပြန်ဆင်းတယ်၊

ဒီနေ့ပဲ အာယုသင်္ခါရ လွှတ်တယ်၊

ဒီနေ့ပဲ ပရိနိဗ္ဗာန်စံတော့မယ် ဆိုပဲ၊

မြန်လှချည်လား၊ ဘုရားကနေ့ချင်းပြန်ကြွလာတာပါလား၊

မနက်ဖြန် ယာဂုဆွမ်းဘုဉ်းပေးချိန်ထိတော့ နေဖို့ကောင်းသေးတယ်။” လို့ပြောကြသတဲ့။


ဟုတ်ပါတယ်။

တာဝတိံသာနတ်သက် (၁)ရက်တောင်မပြည့်တဲ့ဘုရားရှင်ရဲ့ သက်တော်(၈၀)၊

စတုမဟာရာဇ်နတ်သက်(၁)ရက်တောင်မပြည့်တဲ့ ဝါတော်(၄၅)ဝါ။

(ဘုရားသက်(၄၅)နှစ်)ဆိုတာ နတ်သက်နဲ့တွက်ကြည့်ရင် တကယ့်နေ့ချင်းပြန်ပါ။


(ယော)ဆရာတော် ............

တိပိဋကဓရ-ဓမ္မဘဏ္ဍာဂါရိက

(၄၅-နှစ် တရားသက်...စာအုပ်မှ.......)




အများအကျိုး............ရွက်သည်ပိုးက

ခနိုးခနဲ့..............ဆိုကဲ့ရဲ့လည်း

မဖဲ့မစောင်း.................ကိုယ့်လမ်းကြောင်းကို

စိတ်ကောင်းနှင့်ယှဉ်....................ရှေးရှုနှင်လော့။


ရွှေဟသာင်္ဆရာတော်ဘုရားကြီး

“ တွေ့ရင် ပြောပါ့မယ်...”

Posted by A.W. Hein Sunday, December 20, 2009 0 comments



ဦးအေးရွှေဟာ အလွန်ရိုးသားသူဖြစ်တယ်။

တစ်နေ့မှာတော့ သူရဲ့ သူငယ်ချင်းဖြစ်သူ ကိုသာအေးရဲ့သမီး မင်္ဂလာဆောင်ကို

ဖိတ်တဲ့အတွက်သွားရပါတယ်။

မင်္ဂဆောင်သွားရတာမို့ အကောင်းဆုံးအဝတ်အစားကို ရွေးဝတ်သွားပါတယ်။

သွားရတဲ့ရွာကလည်း (၉)မိုင်လောက်ဝေးတဲ့ရွာဖြစ်နေတယ်။

အဲဒီအချိန်တုန်းက ကားမရှိတော့ ကုန်းကြောင်းသွားရပါတယ်။

သူငယ်ချင်းဆိုတော့ မသွားလို့ကလည်းမဖြစ်။ အဖေါ်ကလည်းမပါတော့

လမ်းမှာဓါးမြတိုက်ခံရပါတော့တယ်။

ကိုအေးရွှေကို ဓါးမြ နှစ်ဦးက နှစ်ဖက်နှစ်ချက်က ချုပ်ကိုင်ပြီး

အနီးကမြစ်ဆိပ်ကို အတင်းဆွဲခေါ်လာပါတယ်။

ကိုအေးရွှေရဲ့ခေါင်းကို ရေထဲနှစ်လိုက်ပါတယ်။

ပြီးတော့ ခေါင်းကိုဖေါ်ကာမေးပါတယ်။

“ပိုက်ဆံရှိသလား?”

ကိုအေးရွှေက“မရှိဘူး”

ကိုအေးရွှေကို ရေထဲ ပြန်နှစ်လိုက်တယ်။

ဒီတစ်ခါတော့ ပထမအကြိမ်ကထက်ပိုကြာအောင်နှစ်ထားလိုက်တယ်။

ဒီနောက်မှာတော့ ခေါင်းကိုပြန်ဖေါ်ပြီး မေးပြန်တယ်။

“ရွှေကောရှိသလား?”

ကိုအေးရွှေ က“မရှိဘူး”

“ တော်တော်ခေါင်းမာတဲ့အကောင် ”လို့ပြောကာ

ဓါးမြများက ကိုအေးရွှေကို ရေထဲနှစ်လိုက်ပြန်တယ်။

ခဏကြာတဲ့အခါမှာတော့ ပြန်ဖေါ်ပြီးမေးပြန်ပါတယ်။

“ပိုက်ဆံမရှိဘူး ဟုတ်လား?”

ကိုအေးရွှေက“ ဟုတ်တယ်၊ မရှိဘူး”

“ရွှေလည်း မရှိဘူး ဟုတ်လား?”

ကိုအေးရွှေက“ ဟုတ်တယ်၊ မရှိဘူး”

“ အဲဒါဆို ဘာရှိလဲ ပြော”

ကိုအေးရွှေက

“ရေကနောက်နေတော့ ဘာမှ မမြင်ရဘူး။

ကျနော်ကို ခပ်နက်နက် နှစ်ကြည့်ပါ၊ တွေ့ရင်ပြောပါ့မယ်။

လူသားတိုင်း ကျန်းမာကြပါစေ... လူသားတိုင်း ချမ်းသာကြပါစေ...
ခန္ဓာကိုယ်ကို လေ့ကျင့်ခန်းနဲ့စောင့်ရှောက်ပါ။ စိတ်ကို စာဖတ်ခြင်းနဲ့စောင့်ရှောက်ပါ။...

ရက်စွဲကြည့်ချင်ရင် ပြက္ခဒိန်ကိုနှိပ်ပါ

လာလည်သောလူကြီးမင်းများ...

နူတ်ဆက်စကားလေးများ.....

ကျနော့်အတွေးများ.....