Monday, October 11, 2010

“ အစဉ်ပြေနေတာကိုး...”


အိုင်စတိုင်းဟာ
ကလေးတစ်ယောက်အနေနဲ့
စကားပြောနောက်ကျသူတစ်ဦးဖြစ်တယ်။
အသက်တော်တော်ကြီးလာတဲ့အထိ စကားမပြောတဲ့အတွက်
မိဘများကအလွန်ပင်စိတ်ပူပန်နေကြပါတယ်။

နည်းမျိုးစုံအောင်ကြိုးစားကြပေမယ့် အကြောင်းမထူးလာပါ။
တစ်နေ့မှာတော့
အလွန်ပူတဲ့ စွတ်ပြုတ်ကို သောက်မိတဲ့အခါမှာ

စကားမပြောတဲ့

အိုင်စတိုင်းက
“ အား....ဒီစွတ်ပြုတ်ကလည်း ပူလိုက်တာ ”
လို့အော်ပြောလိုက်ပါတယ်။
ကလေးရဲ့စကားပြောသံကို ကြားရတဲ့ မိဘများဟာ
အလွန်ဝမ်းသာပြီး
စိတ်သက်သာလည်းရသွားကြပါတယ်။
အဲဒါနဲ့အရင်က
"ဘာကြောင့် စကားတစ်ခွန်းတစ်လေတောင်မပြောရတာလဲ" လို့
 

မိဘများက မေးကြည့်တဲ့အခါမှာတော့
အိုင်းစတိုင်းက
“ အခုအချိန်ထိ ကျနော့်အတွက် အစစအရာရာ အဆင်ပြေနေလို့ပါ ”
လို့ပြန်ဖြေလိုက်ပါတယ်။

“ ကျော်ကြားတဲ့နိမိတ်...”




ဗစ်တာဟူးဂိုးကို မေးကြတယ်။

`ဆရာကြီးရဲ့ဘ၀မှာ နောင်ကျော်ကြားမယ့်နိမိတ်
တစ်စုံတစ်ခုကို ကြုံတွေ့ခဲ့ဖူးပါသလား´

ဗစ်တာဟူးဂိုးကဖြေတယ်။

“ ကြုံခဲ့ဖူးတယ်။
တစ်နေ့ ညနေမိုးချုပ်မှ ကျနော် အိမ်ကိုပြန်ရောက်လာတယ်။
အိမ်ရှေ့တံခါးမှာ ချိတ်ထားတဲ့လူခေါ်ခေါင်လောင်းကို နှိပ်လိုက်တယ်။
ဘာကြောင့်မှန်းမသိဘူး။

အိမ်ဖေါ်အမျိုးသမီးက တံခါးကို တော်တော်နဲ့လာဖွင့်မပေးဘူး။

အဲဒီအချိန်မှာပဲ ကျနော်ဆီးသွားချင်စိတ်ပေါ်လာတယ်။
မတတ်နိုင်တော့တာနဲ့ တံခါးရှေ့မှာပဲ ရှူးရှူးပေါက်ချလိုက်တယ်။
ဖြစ်ချင်တော့ အဲဒီအချိန်မှာပဲ လူတစ်ယောက်ဖြတ်လျှောက်လာတယ်။
ကျနော် ဘာလုပ်နေသလဲ ဆိုတာမြင်တော့ သူလှမ်းဆဲတယ်။

` ညစ်ပတ်တဲ့ဝက်စုတ်၊
ဗစ်တာဟူးဂိုးရဲ့ အိမ်ရှေ့မှာမှ လာလုပ်ရသတဲ့။
လူယုတ်မာ ´

တဲ့ဗျာ ”

“ အချည်းနှီးဖြစ်ခြင်း.....”




ဟွန်ဒါ မော်တော်ကားကုမ္ပဏီကို
စတင်တည်ထောင်သူ “စူဟီရိုဟွန်ဒါ” က
သူ့အဖြစ်အပျက်ကို သူကိုယ်တိုင်ပြောပြခဲ့ပါတယ်။

“ ၁၉၅၁ခုနှစ်မှာ
ကျနော်နဲ့ ကျနော်ရဲ့ ပါတနာ “ဖူဂျီစားဝါး”တို့ဟာ
အရင်းအနှီး အရမ်းလိုနေတာနဲ့
“မစ်စူဘီစီ” ဘဏ်မှာ ငွေချေးဖို့ ဆုံးဖြတ်လိုက်ကြတယ်။

ငွေချေးချင်အောင်ဆိုပြီး ဧည့်ခံပွဲ တစ်ခုကို
ကျနော်တို့ တခမ်းတနားလုပ်တယ်။

ဧည့်သည်တော်တွေ စားနေ၊သောက်နေကြတဲ့ အချိန်မှာ
သူတို့ မပျင်းရအောင်ဆိုပြီး
ကျနော်တို့ နှစ်ယောက်ပျက်လုံးတွေ ထုတ်ကြတယ်။

နောက်နေ့ မှာ ကျနော်တို့ ဘဏ်ကို သွားကြတယ်။
မနေ့ ကဧည့်သည်အဖြစ်နဲ့ လာခဲ့ကြတဲ့ ဘဏ်သူဌေးတွေ
ကျနော်တို့ကို ငွေချေးမှာပဲဆိုတဲ့ ယုံကြည်ချက်အပြည့်နဲ့ပေါ့။

ဒါပေမယ့် ငွေချေးလျှောက်လွှာရဲ့ အောက်နားက
ဘဏ်ရဲ့ ဆုံးဖြတ်ချက်ကို မြင်လိုက်ရတော့
ကျနော်တို့ နှစ်ယောက်စလုံး ငိုရမလို၊
ရယ်ရမလို ဖြစ်သွားတော့တယ်။


ဆုံးဖြတ်ချက်မှာ....
ဘာရေးထားသလဲ သိလား။


“ လူရွှင်တော် နှစ်ယောက်ဦးဆောင်သော
ကုမ္ပဏီကို
ယုံကြည်ဘွယ်ရာမရှိတဲ့ဗျာ။
ကဲ...ကောင်းရော! ”



“ စာတစ်လုံး ကို တစ်ဒေါ်လာ...”




တစ်နေ့တွင်
ဝန်တိုစိတ်ပွားသူ တစ်ယောက်ဟာ
နာမည်ကြီးအမေရိကန် စာရေးဆရာ
`ဟဲမင်းဝေး´ (HEMINGWAY: 1899--1961)ထံ
ခနဲ့တဲ့တဲ့ စာတစ်စောင်ရေးပို့တယ်။


`စာတစ်လုံး ကို တစ်ဒေါ်လာနှုန်း
ခင်ဗျာရနေတယ်ဆိုတာ ကြားရတယ်။
အခု ကျနော်တစ်ဒေါ်လာထည့်ပေးလိုက်တယ်။
ခင်ဗျားဆီက နမူနာ စာတစ်လုံးပြန်ရချင်ပါတယ်။´






တစ်ဒေါ်လာတန်ငွေစက္ကူကို
`ဟဲမင်းဝေး´ကအိတ်ထဲထည့်လိုက်ပြီး
စာပြန်ရေးလိုက်တယ်။


`THANKS´

“ ပင်နီစလင်ကို ဖော်ထုတ်သူ...”




အင်္ဂလိပ် အဏုဇီဝဗေဒပညာရှင်

အလက်ဇန်းဒါး ဖလင်းမင်း( A.Fleming: 1908-1964)

ကို
သတင်းထောက်တစ်ဦးက

“ ပင်နီစလင်ဆေးကို မည်သို့မည်ပုံ စတင်တွေ့ရှိခဲ့ပါသလဲ.”

လို့မေးရာ
သက်ပြင်းချပြီး သူစတင်ပြောပါတယ်။

“ ဘ၀မှာ ကျနော် ဘယ်တော့မှ ကံမကောင်းခဲ့ဘူးဗျာ၊
ငယ်ငယ်တုန်းက ကျနော်ကျန်းမာရေးမကောင်းခဲ့ဘူး။
ဒါကြောင့် ဆရာဝန်ဖြစ်ချင်ခဲ့တယ်။
ဒါပေမယ့်
ကျနော်မိဘတွေက လယ်သမားတွေဖြစ်ပြီး ပိုက်ဆံမချမ်းသာကြဘူး။
သားရဲ့ရည်မှန်းချက်အောင်မြင်အောင်
ဘယ်လိုမှ အကူအညီမပေးနိုင်ခဲ့ကြဘူး။

အဲဒီနောက်ပိုင်းမှာ တစ်ရွာမပြောင်းသူကောင်းမဖြစ်ဆိုတဲ့အတိုင်း
ကျနော်တို့်မိသားစုလန်ဒန်ကို ပြောင်းလာကြတယ်။ ”

“ လန်ဒန်ရောက်တော့ အဆင်ပြေရောလား၊
အဲဒီမှာ တက္ကသိုလ်ကို ၀င်ခွင့်ရတယ် မဟုတ်လား ”

“ ဒီလိုဗျ၊
ရေကူးကောင်းလို့ ကျနော်ကို တက္ကသိုလ်ဝင်ခွင့်ပေးတာ။
တက္ကသိုလ်ကို ကိုယ်စားပြုပြီးရေကူးပေးနေရတာကများတယ်။
စာဖတ်ချိန်သိပ်မရှိခဲ့ဘူး။
အဲဒါကြောင့် တက္ကသိုလ်ကထွက်ရင်
တောမြို့ လေးတစ်မြို့မြို့မှာ
အလုပ်အကိုင်တစ်ခုရဖို့လောက်ပဲ မျှော်လင့်ရဲခဲ့တယ်။ ”


“ ဒါပေမယ့် ဆရာကြီးဟာ ပညာထူးချွန်သူလဲ ဖြစ်တယ်ဆိုတာ
ဆရာတွေ သိလာကြတယ် မဟုတ်လား၊ ”

“ ပါမောက္ခ `၀ှိုက်´က ကျနော့်ကို သူ့ဓါတ်ခွဲခန်းထဲခေါ်တာက
ဗလကောင်း၊ အားကောင်းတဲ့ လက်ထောက်တစ်ယောက်လိုနေတာနဲ့ခေါ်တာဗျ။ ”

သူ့ဓါတ်ခွဲခန်းမှာ အသစ်အဆန်းတွေကို ဆရာကြီးရှာဖွေတွေ့ရှိတယ် မဟုတ်လား ”

“ ဟုတ်တယ်၊
ဒါကလဲ အဆိုးထဲက ကောင်းဖို့ဖန်လာလို့ဗျို့။
ကျနော် စမ်းသပ်မှုတွေ လုပ်နေတုန်းအချိန်မှာ ပြတင်းပေါက်ပွင့်သွားပြီး
ကျနော်ရဲ့ ဖန်ပြွန်တွေထဲကို မှိုတက်စေမယ့် မျိုးအောင်းစေ့ တွေ ကျသွားတယ်။
ကျနော်ခေါင်းခဲသွားတယ်။
ဘာလုပ်ရမလဲဆိုတာစဉ်းစားလို့မရတာနဲ့

စမ်းသပ်ဖန်ပြွန်တွေထဲ မဖိတ်ခေါ်ဘဲရောက်လာတဲ့ ဧည့်သည်တွေကို

ကျနော်သေသေချာချာ ကြည့်လိုက်မိတယ်။

အဲဒီမှာတင် အတွေးတစ်ခု ဖြတ်ကနဲ ခေါင်းထဲဝင်လာပြီး

ပင်နီစလင် ကို ဖေါ်ထုတ်ဖို့ ကြိုးစားလိုက်တာပါပဲ။ ”

`နောက်ဆုံးကျတော့ ဆရာကြီး ကံကောင်းသွားတော့တာပဲပေါ့ မဟုတ်လား´

“ ဟုတ်တယ်၊
ဒါပေမယ့် အစပိုင်းမှာ ပင်နီစလင်ကို သံသယဖြစ်ဖွယ်ဆေး၊
ကျနော်ကိုလဲ အလယ်ခေတ် အဂ္ဂရတ်ဆရာ လို့သတ်မှတ်ကြသေးတယ်။
အဲ ဒုတိယ ကမ္ဘာစစ်အတွင်း ကျမှ
ပင်နီစလင်ရဲ့အာနိသင်ကို မြင်သွားကြတာကလား ”

“ အဲဒီနောက်မှာ ဆရာကြီးဆီကို
ထင်ရှားကျော်ကြားမှု ဟာ ထိုက်ထိုက်တန်တန် ရောက်လာတယ်ပေါ့”

“ ဟုတ်တယ်၊

ဒါပေမယ့် ချက်ချင်းမဟုတ်သေးဘူး။

ပင်နီစလင်ကို ကျနော် ၁၉၂၉ ခုနှစ်မှာ တီထွင်တယ်။

စစ်ကြီးပြီးတော့ ဒီဆေးကို ဘယ်သူတီထွင်သလဲဆိုတာ မေ့သွားကြပြီ။
ဒါကြောင့် နိုဘယ်ဆု ချီးမြှင့်တဲ့အခါမှာ

ကျုပ်ကိုတွေ့အောင် တော်တော်ကြာရှာကြရပါသေးတယ်။ ”

“ မိန်းမကြောက်ရတဲ့ ယောက်ျားများ...”



တစ်နေ့တုန်းက
တီမူးစော်ဘွားထံ
မိုလာ နာစရီဒင် ရောက်လာပြီး
မိန်းမကြောက်ရတဲ့ ယောက်ျားတိုင်းမှ
ကြက်တစ်ကောင်ကောက်ခံခွင့်အမိန့်ကို
မိမိအားထုတ်ပေးပါရန် လျှောက်ထားတယ်။

တီမူးစော်ဘွား
စိတ်ကောင်းဝင်နေတုန်းအချိန်ဖြစ်တဲ့အတွက်
တောင်းတဲ့အမိန့်စာကို ရေးပေးလိုက်တယ်။

နာစရီဒင် ဟာ စော်ဘွားကြီးအမိန့်စာဖြင့်
မြို့တွေ၊ရွာတွေကို လျှောက်တောင်းတယ်။
ကြက်ကောင်ရေ တစ်ရာကျော်ကျော်ရတဲ့အခါ
ကြက်တွေကို စော်ဘွားကြီးရဲ့နန်းတော်ကို ယူလာတယ်။
ကြက်တွေအမြောက်အများကိုမြင်တဲ့အခါ
စော်ဘွားကြီးက အရမ်းအံ့သြပြီးမေးတယ်။


`ဟေ့...ငါကိုယ်တော်မြတ်ရေးပေးလိုက်တဲ့ အမိန့်စာနဲ့
ကြက်တွေ
ဒီလောက်တောင်ရသလားကွ..ဟေ´

“ ဒါနည်းပါသေးတယ်ဘုရား၊
ကျွန်တော်မျိုးအချိန်မရတော့လို့ပါ။
ပြီးတော့
ပင်လည်းပင်ပန်းလာတာနဲ့ ဒီလောက်ပဲရတာပါ။
နို့မဟုတ်ရင် စော်ဘွားကြီးရဲ့ပြည်သူပြည်သားယောက်ျား မှန်သမျှဆီက
မုချ ကြက်တစ်ကောင်စီရမှာ သေချာပါတယ်ဘုရား၊
အခုကျွန်တော်မျိုးရောက်လာတာက ကြက်တွေကို
ပြဖို့မဟုတ်ပါဘူး။
ကြက်ကောက်ခရီးအတွင်းမှာ ဒီက မနီးမဝေးရွာကလေးတစ်ရွာမှာ
အရှင်စော်ဘွားကြီးအတွက် နောက်ထပ်ကြင်ယာအဖြစ်
ကောက်အပ်တဲ့မိန်းမချောလေးတစ်ယောက်ကို မြင်တွေ့ခဲ့ရကြောင်း
လာရောက်လျှောက်ထားခြင်းဖြစ်ပါတယ်ဘုရား ”

စော်ဘွားကြီး တီမူးဟာ ပါစပ်ကို လက်နဲ့ပိတ်ဟန်ပြုလိုက်ပြီး
ပြောလိုက်တာက...

`ရှူး၊တိုးတိုး၊ ငါ့မိဖုရားကြီး ...
တံခါးနားမှာ နားထောင်နေတယ်ကွ´


“ အဲဒါဆို ကျွန်တော်မျိုး သွားပါတော့မယ်၊
ကြက်တစ်ကောင်သာပေးတော်မူပါဘုရား ”

ဒီတော့မှ
ပျော်တော်ဆက်ဝန်ရဲ့ ထောင်ခြောက်ထဲ အမိခံလိုက်ရကြောင်း
စော်ဘွားကြီး တီမူး သဘောပေါက်သွားတယ်။
မတတ်နိုင်ပါ။
ကြက်တစ်ကောင်ပေးလိုက်ပါတော့တယ်။

“ ရွက်ကြမ်းရေကျို....”




အမေရိကန် သမ္မတဖြစ်ခဲ့သူ
`လင်ကွန်း´(LINCOLN: 1809-1865)
ဟာ
ဟောပြောရန်အတွက်
လူအုပ်ကိုဖြတ်ပြီး စင်မြင့်ရှိရာဘက်ဦးတည်ပြီးလျှောက်လာတယ်။

သူ့နောက်က
လူတစ်ယောက်ရဲ့ပြောသံ ကို သူကြားလိုက်ရတယ်။


“ သူ့ကို ကြည့်ရတာ ဘာမှမထူးခြားပါဘူး။
ကျုပ်တို့ခင်ဗျားတို့လို
သာမန်လူတစ်ယောက်ပါပဲလား ”

လင်ကွန်းပြန်လှည့်ပြီး မှတ်ချက်ပေးသူကို ပြောလိုက်တယ်။

“ မိတ်ဆွေ၊
ဘုရားသခင်ဟာ
ရွက်ကြမ်းရေကျိုသာမန်လူတွေကို ပိုပြီးသဘောကျတာဗျ။

ကြည့်ပါလား၊
ဒီလိုလူမျိုးတွေကို
သူဖန်ဆင်းထားတာ ဘယ်လောက်များလဲလို့ ”


“ ရိုးရိုးလေးနေတတ်သူ...”




ရိုးရိုးလေးနေတတ်တဲ့အကျင့် ကို
`ပလေးတိုး´ဟာ
ဆိုကရေးတီး ထံမှ ရလိုက်သူဖြစ်တယ်။

ပလေးတိုးဟာ
တစ်နေ့တော့ မြို့တစ်မြို့ကို ရောက်လာတယ်။
အိမ်ကြီးအိမ်ကောင်းများအများအပြားတွေ့ရပြီး
လူတွေကလည်း အလျှံပယ် စားသောက်နေကြတာကို မြင်လေရာ
ပလေးတိုးက ဒီလို ပြောချလိုက်ပါတယ်။

`ဒီမြို့သူမြို့သားတွေဟာ
အိမ်တွေဆောက်ထားလိုက်ကြတာ

ရာသက်ပန်နေကြရမယ့်အတိုင်းပဲ။

ပြီးတော့ စားကြသောက်ကြတဲ့ ပုံကလည်း

မနက်ဖြန်ပဲ
လူ့ဘ၀ကို စွန့်ခွာကြရတော့မယ့်အတိုင်းပါလား´


“ ခြားနားချက်...”




ရုရှားစာရေးဆရာကြီး
`ဒီ၊ဖွန်ဝီဇင်´ (D.Fonvizin: 1744-1792) ဟာ
ပြဇာတ်သာမက သရော်စာလည်း ရေးသူဖြစ်တယ်။
တိုတို နဲ့ လိုရင်း ကို ဖေါ်ပြတဲ့ သူရဲ့အဆိုအမိန့်များဟာ
အဲဒီတုန်းက ဇာဘုရင် နန်းစိုက်ရာ `ပီတာစဘတ်´မြို့ရဲ့
အထက်တန်းလွှာများအကြားမှာ အရမ်းရေပန်းစားခဲ့တယ်။

တစ်နေ့မှာတော့ သူ့ကို မေးကြတယ်။

`လူနဲ့တိရစ္ဆာန်အကြားခြားနားချက်ဟာ
ဘာလို့ထင်ပါသလဲ´


ဒီ၊ဖွန်ဝီဇင်ကပြန်ဖြေလိုက်တာက...

“ အကြီးမားဆုံးနဲ့ အဓိကအကျဆုံး ခြားနားချက်ကိုပဲပြောမယ်။
တိရစ္ဆာန်ဟာ ဘယ်တော့မှ လူမဖြစ်နိုင်ဘူး။
အဲ...လူ၊
အထူးသဖြင့်
လူချမ်းသာနဲ့အထက်တန်းလွှာက ပုဂ္ဂိုလ်တွေသာလျှင်

မကြာခဏ
တိရစ္ဆာန်အသွင်ပြောင်းသွားတတ်ကြတာကလား ”

တဲ့ .....

“ အကင်းပါးလိုက်တာ...”




ကျနော်သိတဲ့ အမျိုးသမီးတစ်ယောက်ရှိတယ်။
သူမရဲ့နာမည်က ခင်လေးနွယ် ဂွမ်းပုံ ပါ။
မင်္ဂလာ ဧည့်ခံပွဲ တစ်ခုမှာပေါ့။
စကားပြောကြရင်း

သူမက

` ကျမအသက် ဘယ်လောက်ရှိပြီ ထင်လဲ၊
ခန့်မှန်းကြည့်စမ်းပါ ´

တဲ့။

လူမှုရေးအရ ကျနော်က

`မခန့်မှန်းတတ်ပါဘူးဗျာ´

လို့ ပြန်ပြောလိုက်တော့

သူမက

` ကျမ အရိပ်ပြ စကားပြောလိုက်မယ်၊
ကျမ ရဲ့သမီးဟာ မူကြိုကျောင်းကို သွားနေတယ်ရှင့် ´

တဲ့။

အဲဒီတော့ ကျနော်အနားမှာရှိနေတဲ့
အသိမိတ်ဆွေ ကိုလှအေးက
ပြန်မေးလိုက်ပါတယ်။

` ဘာလဲ...ခင်ဗျားရဲ့သမီးက
မူကြိုကျောင်းရဲ့ ကျောင်းအုပ်လား ´

တဲ့ဗျာ။

“ စိတ်ထားကောင်းတဲ့ ဘာသာပြန်သူ...”




၁၈၇၇-ခုနှစ်တွင် လန်ဒန်မှာ
ဗတ်ဂနာရဲ့ ဂီတပဒေသာပွဲများပြုလုပ်ကျင်းပတယ်။
တီးဝိုင်းတွင် ပါဝင်တီးမှုတ်ကြသူများအထဲတွင်
`အောတို ဒရစ်ဟမန် ´
ဆိုသူ

ဂျာမန်တစ်ယောက်လည်းပါတယ်။

အကြိုလေ့ကျင့်မှုလုပ်ရာတွင် ထရမ်းပက်သမားများကို
အကြီးအကျယ်မကျေမနပ်ဖြစ်ပြီး
ဒေါသထွက်နေတဲ့ ဗတ်ဂနာက
စိတ်ကိုအနိုင်နိုင်ထိန်းရင်း
`ဒရစ်ဟမန်´ကိုပြောတယ်။

` အဲဒီမြည်းတွေကို ပြောစမ်းပါ၊
ကောင်းကောင်းမမှုတ်ကြဘူးဆိုရင်
သူတို့အားလုံးကို
ကျုပ် မောင်းထုတ်ပစ်မယ်လို့ ´

စကားပြန်အဖြစ်လည်း ဆောင်ရွက်ပေးနေတဲ့
ဒရစ်ဟမန် ”က
ချက်ချင်း
ဘာသာပြန်ပြလိုက်တယ်။


“ မိတ်ဆွေတို့၊ တီးဝိုင်းဆရာကပြောပါတယ်။
သူရေးစပ်တဲ့ ဂီတကို ခင်ဗျားတို့ တီးမှုတ်ရာမှာ
အခက်အခဲတွေရှိတယ်ဆိုတာကိုသူသိပါတယ်တဲ့။ ဘယ်လိုပဲဖြစ်ဖြစ်
အစွမ်းကုန်ကြိုးစားကြဖို့နဲ့ စိတ်မလှုပ်ရှားကြဖို့
သူအနူးအညွတ်မေတ္တာရပ်ခံပါတယ် ”

တဲ့

“ မတန်ရင်...ဝေးဝေးကရှောင်လိုက်...”




မြေခွေးတစ်ကောင်က
ခြင်္သေ့ဆီရောက်လာပြီး ပြောတယ်။

`သတ္တိရှိရင် မင်းနဲ့ငါ အားပြိုင်ရအောင်´
တဲ့

မြေခွေးရဲ့ စိန်ခေါ်ချက်ကို
ခြင်္သေ့က
လုံဝ ဂရုမစိုက်ဘဲ လျစ်လျူရူလိုက်ပါတယ်။
အဲဒီတော့ မြေခွေး က ခြိမ်းခြောက်တယ်။


“ မင်းဟာ သူရဲဘောကြောင်တဲ့အကောင်ပဲ။
ငါကို တုန်နေအောင် ကြောက်တဲ့အကောင်လို့
တစ်တောလုံး လျှောက်ပြောလိုက်မယ် ”
တဲ့။

တောရဲ့ဘုရင်ဖြစ်တဲ့ ခြင်္သေ့က ပြန်ပြောလိုက်တာက

“ ငါ့ကို ငကြောက်လို့ပြောချင်ပြောကြပါစေ။
မြေခွေးနဲ့ ဖက်ပြီး ရန်ဖြစ်တဲ့ အကောင်ဆိုပြီး

အထင်သေးတာကို တော့ မခံနိုင်ဘူး။ ”
လို့ ပြန်ပြောလိုက်ပါတယ်။

လူကြီးမင်းဟာလည်း မြေခွေးနဲ့ ဖက်ပြီး
ရန်ဖြစ်သူမဖြစ်ပါစေနဲ့
လို့ သတိပေးလိုက်ပါရစေ။

ရန်ဖြစ်တာဟာ ဘ၀ရဲ့အဖိုးတန်အချိန်တွေအများကြီးကုန်စေတာမို့
မတန်သူတွေနဲ့ ရန်မဖြစ်စတမ်းလို့

ကိုယ့်ကိုယ်ကို အမြဲတမ်း သတိပေးနေသင့်ပါတယ်။


`ဆေးပညာတွေကတိုးတက်လာပါတယ်။ ဒါပေမယ့်...´




ခွဲစိတ်ဖို့ ပြင်နေတဲ့ ဆရာဝန်ကြီးကို
လူနာကမေးလိုက်ပါတယ်။


` ဒေါက်တာ...

ကျနော့် ကိုခွဲစိတ်ပြီးရင်

ကျနော် တယောထိုးနိုင်မလားဟင်´


ဆရာဝန်ကြီးက

“ ထိုးနိုင်မယ် ”

လို့ ပြန်ဖြေလိုက်ပါတယ်။

လူနာက ထပ်ကွန့်ပြီး မေးပြန်တယ်။

`တကယ်ထိုးနိုင်မယ်နော်...ဆရာ´


`တကယ်ထိုးနိုင်မှာပါ´

လို့
ဆရာဝန်ကြီးက ထပ်ပြီး ကတိပြုလိုက်တော့

လူနာက အံ့သြသံနဲ့ပြောလိုက်တာကတော့

`အံသြစရာပဲနော်၊
မခွဲခင်က တယော မထိုးတတ်ဘူး။
ခွဲစိတ်ပြီးတဲ့အခါမှ တယော ထိုးနိုင်မယ်´
တဲ့။

“ နှစ်သက်တဲ့အလုပ်...”




ရှေးရှေးတုန်းက ဘုရင်ကြီးတစ်ပါးမှာ
မိဖုရားတွေ အများကြီးရှိခဲ့တယ်။
အဲဒီမိဖုရားတွေ ကို ဘုရင်ကြီးက
နန်းတော်နဲ့ ခပ်ဝေးဝေးက အိမ်တော်မှာ ထားတယ်။
ဘုရင်ကြီး အလိုရှိတိုင်း မိဖုရားတွေထဲက တစ်ယောက်ကို
သူ့ရဲ့အပါးတော်မြဲနဲ့ အခေါ်လွှတ်တယ်။
အပါးတော်မြဲခမျာ
နေ့စဉ်နဲ့အမျှ အခေါက်ခေါက် အခါခါပြေးခေါ်ရတာပေါ့။

ကာလအတန်ကြာလာတော့
အပါးတော်မြဲဟာ အမောတွေဖောက်လာပြီး
ကျန်းမာရေးချွတ်ယွင်းလာပါတယ်။
တစ်နေ့မှာတော့
ဘယ်လိုမှ မနေနိုင်တော့တာနဲ့ ဘုရင်ကြီးရှေ့မှာ ငြီးပါတယ်။

´ တစ်ချိန်လုံး အသွားအပြန် ပြေးလွှားနေရတာနဲ့
ကျွန်တော်မျိုးသေရပါလိမ့်မယ်။´


ဘုရင်ကြီးက နားမလည်ဟန်နဲ့ပြန်မေးလိုက်တယ်။

`မောချင်းမောရင် ငါကမောရမှာပေါ့ မောင်မင်းရယ်။
မောင်မင်းက ဘာလို့မောရမှာတုန်း´
လို့မေးလိုက်တော့
အပါးတော်မြဲက ပြန်ပြောတာက....

`အရှင်မင်းကြီး ဘယ်မောပါ့မလဲ၊
နှစ်သက်တဲ့အလုပ်ကို လုပ်နေရတာကိုး။
ကျွန်တော်မျိုးက တစ်ချိန်လုံး ပြေးသွားလိုက်၊ ပြန်လာလိုက်
လုပ်နေရတော့ မောတာပေါ့´

လို့ပြန်ဖြေလိုက်သတဲ့....။



ဒီနေရာမှာ ပြောချင်တာက
နှစ်သက်ရာအလုပ်ကို လုပ်နေဖို့ပါ။
ကိုယ်နှစ်သက်တဲ့အလုပ်က ဘာမဆို ဖြစ်နိုင်ပါတယ်။
နှစ်သက်တဲ့အလုပ်ကို လုပ်နေရရင်
ဘယ်လောက်ပဲ ပင်ပန်းပင်ပန်း မမော၊မပန်းပါဘူး။
ဘ၀ဟာတိုတိုလေးမို့ မနှစ်သက်တဲ့ အလုပ်တွေနဲ့
အချိန်မကုန်စေချင်တာက အဓိက အချက်ပါ။
ကိုယ်နှစ်သက်တဲ့အလုပ်က ဘယ်သူကိုမှလည်း မထိခိုက်စေဘူး။
ဝင်ငွေရော၊
အောင်မြင်မှုရော
ရစေနိုင်တဲ့အလုပ်မျိုးကို လုပ်နေရသူများဖြစ်ဖို့ဆိုတာကတော့
ကိုယ့်အကြောင်းကိုယ်သိသူဖြစ်ဖိုတော့ လိုပါတယ်။
ဘယ်သူမဆို အဲဒီအခွင့်အရေးမျိုး ရနိုင်ပါတယ်။

“ မေးလေလေ...ပညာရလေလေ...”





အလယ်ခေတ်က တွေးခေါ်ရှင်ကြီး
`ဂါဇာလီ´ (GAZALI-1058—1111)
ကိုမေးတယ်။

`ဆရာကြီးဟာ
ဘယ်လိုနည်းနဲ့ အသိအမြော်အမြင်ကြီးတဲ့လူအဖြစ်ကို
ရောက်လာသလဲဆိုတာ သိပါရစေ´

“ မေးရမှာကို
ငါ ဘယ်တော့မှ မရှက်ဘူး”


လို့ ပြန်ဖြေလိုက်ပါတယ်။

ကဲ... ဘာမှ မဟုတ်တဲ့ ကျနော်တို့က
မသိလို့မေးရတာကို ဘာဖြစ်လို့ရှက်နေပါလိမ့်။
ပြောသူဖြစ်တာထက်
မေးသူဖြစ်ရတာကို
ဂုဏ်ယူတတ်သူလာတဲ့အခါမှာတော့
ကျနော်တို့ဟာ တစ်နေ့ထက် တစ်နေ့
ပညာတွေ တိုးသထက်တိုးလာမယ်ဆိုတာ
ပညာရှိကြီးရဲ့စကားက သတိပေးနေပါတယ်။

လူသားတိုင်း ကျန်းမာကြပါစေ... လူသားတိုင်း ချမ်းသာကြပါစေ...
ခန္ဓာကိုယ်ကို လေ့ကျင့်ခန်းနဲ့စောင့်ရှောက်ပါ။ စိတ်ကို စာဖတ်ခြင်းနဲ့စောင့်ရှောက်ပါ။...

နူတ်ဆက်စကားလေးများ.....

မြန်မာတို့ရဲ့ ဘလော့ဂ်များ...

picoodle.com