Tuesday, November 25, 2014

"အမေ့ထံသို့ ပေးစာများ-၁၀၁..."




သို့
ချစ်တဲ့အမေ
သတိရစွာဖြင့် စာရေးလိုက်ပါတယ်။
အေသင်မြို့ကနေ ထွက်လာကထဲက ကားကို ပုံမှန်မောင်းခဲ့တယ်။
နားချင်တဲ့နေရာမှာ နားမယ်။
အိပ်ချင်တဲ့အချိန်ရောက်ရင် ရောက်တဲ့မြို့မှာ ဝင်အိပ်မယ်။
ဂျော်ဂျီယာပြည်နယ်ကနေ တောင်ပိုင်းကာရိုးလိုင်းနားပြည်နယ်ကို နှစ်နာရီလောက်ပဲ
မောင်းရတယ်။
နေရောင်ခြည်က ရှိနေသေးတာမို့ ဆက်မောင်းခဲ့တယ်။
မြောက်ပိုင်းကာရိုးလိုင်းနားပြည်နယ်ကိုရောက်တော့ နေရောင်ခြည်မရှိတော့။
ည ဆယ်နာရီကျော်တော့ ရောက်တဲ့မြို့တစ်မြို့မှာ အိပ်မယ်ဆိုပြီး
မြို့တစ်မြို့ကို ဝင်ခဲ့တယ်။
အရင်ဆုံးလုပ်ရမယ့်အလုပ်က အိပ်ရမယ့်ဟော်တယ်တစ်ခုကို ရှာတယ်။
တွေ့တဲ့ဟော်တယ်တိုင်းက လူပြည့်နေတယ်။
GPS ထဲက ပြတဲ့ဟော်တယ်အတော်များများကို သွားဖြစ်တယ်။
အချို့ဟော်တယ်က တစ်ခန်းသာ ကျန်တော့တယ်။
အဲဒီအခန်းက ဆေးသောက်သောက်သူတွေ နေတဲ့အခန်း။
အခန်းကို သွားကြည့်တော့ မနေနိုင်လောက်အောင် ဆေးလိပ်အနံ့တွေ ရနေတယ်။
ဟော်တယ်အခန်းကို ရှာရင်း သတိထားမိတဲ့အချက်က
ဆယ်နာရီကျော်ကျော်သာ ရှိသေးတယ်။ ဒီမြို့ရဲ့လမ်းမတွေပေါ်မှာ
ကားတွေ မတွေ့ရခြင်းဖြစ်တယ်။ဒါဟာ ဖြစ်ရိုးဖြစ်ဆင်မဟုတ်ပါ။
အမေရိကန်ရဲ့မြို့အတော်များများကို ရောက်ဖူးပါတယ်။
တစ်ညလုံး ကားတွေနဲ့ဥဒဟို သွား၊လာနေကြမြဲ။
ည ဆယ်နာရီဆိုတာ ကားပြတ်တတ်တဲ့အချိန်မဟုတ်။
လမ်းမပေါ်တွင် ကားမရှိတော့ ကျနော်တို့ကားတစ်စီးထဲ သွားလာနေတော့ ထူးခြားနေသလိုဖြစ်နေတယ်။
ဒါနဲ့တွေ့တဲ့ဟော်တယ်တစ်ခုမှာ
အခန်းရရင် ဘာဘဲဖြစ်ဖြစ် ဝင်တည်းတော့မယ်လို့
စိတ်ကူးပြီး ဟော်တယ်တစ်ခုထဲဝင်တော့
အဲဒီဟော်တယ်ထဲကနေ ရဲကား သုံးစီးထွက်လာပါတယ်။
ဒီမြို့ဟာ တည်းခိုသင့်တဲ့မြို့တစ်မြို့မဟုတ်မှန်း နားလည်လိုက်ပါတယ်။
စိတ်ကူးကို ပြောင်းလိုက်ပါတယ်။
ကားကို ဆက်မောင်းလာတယ်။ တစ်မြို့ပြီးတစ်မြို့ကို ဖြတ်ကျော်လာခဲ့တယ်။
လေယာဉ်ကွင်းနဲ့နီးတဲ့မြို့တစ်မြို့ကိုရောက်တော့ အချိန်ကလည်း ည ၁၂း၀၀နာရီ
ထိုးတော့မယ်။ ဒီမြို့တော့ အိပ်သင့်တဲ့မြို့လို့ မျော်လင့်မိပါတယ်။
လေယာဉ်ကွင်းရဲ့ဝင်းခြံတွေထဲမှာ ကားအမြောက်အများကို တွေ့ရတယ်။
အဲဒီကားတွေက လေယာဉ်နဲ့ခရီးသွားတွေရဲ့ကားတွေဖြစ်ကြောင်းကို
မိတ်ဆွေတစ်ဦးပြောဖူးလို့ သိထားပါတယ်။
လေယာဉ်နဲ့ခရီးသွားတွေက ကြိုက်တဲ့မြို့တွေကို သွားကြ၊
ကြိုက်တဲ့နိုင်ငံတွေကို သွားကြ၊
ကိုယ့်ရဲ့ကိုယ်ပိုင်ကားတွေကိုတော့ လေယာဉ်ကွင်းရဲ့ကားအငှားဌာနတွေမှာ ထားခဲ့ကြ၊
ကြိုက်သလောက်နေပြီးမှ ပြန်လာရင် အဲဒီအငှားဌာနကကားကို ပြန်ထုတ်ပြီး အိမ်ပြန်ကြ။
ဒီအချိန်က ခရီးသွားရာသီဖြစ်တာကြောင့် ကားအများအပြားကို တွေ့ရတယ်။
ဒါကြောင့်လည်း ဟော်တယ်တိုင်းလိုလို လူတွေပြည့်နေကြတာကိုးလို့နားလည်လိုက်ပါတယ်။
ဟော်တယ်တစ်ခုကိုဝင်စုံးစမ်းကြည့်တော့ ဈေးအမြင့်ဆုံးအခန်းတစ်ခန်းသာကျန်တော့ကြောင်း
သိရတယ်။
မတတ်နိုင်တော့ပါ။ အဲဒီတစ်ခန်းကို ရတာကိုပဲ
သူ့မကိုပဲ ကျေးဇူးတင်ရမလိုလို၊
ကိုယ့်အတွက်ပဲ ဝမ်းသာရမလိုလို၊
ဈေးအကြီးဆုံးအခန်းဖြစ်သလို အပေါ်ဆုံးအထပ်လည်း ဖြစ်နေပါတယ်။
အခန်းက ကျယ်သလို ကောင်းလည်း ကောင်းလှပါတယ်။
အိပ်ခန်းကသတ်သတ်၊
ဧည့်ခန်းက သတ်သတ်၊ဧည့်ခန်းမှာ ပစ္စည်းမျိုးစုံထားပေးထားပါတယ်။
မခံစားနိုင်တော့ပါ။
ပင်ပန်းနေတဲ့အတွက် ရောက်တာနဲ့အဝတ်အစားလဲပြီးအိပ်လိုက်ပါတယ်။
နောက်တစ်နေ့ နံက်စာစားချိန်ရောက်မှ နိုးပါတော့တယ်။
နံနက်စာ စားပြီး ထပ်အိပ်လိုက်ပြန်ပါတယ်။
အချိန်ပြည့်တော့မှ အိပ်ယာထ၊ ရေချိုးပြီး ခရီးဆက်ခဲ့ပါတယ်။
အမှန်ဆိုရင် ဒီနေ့ဟာ အိမ်ပြန်ရောက်ရမယ့်ရက်။
နောက်တစ်နေ့ဟာ အလုပ်ပြန်ဝင်ရမယ့်ရက်။
လုပ်ငန်းကို တာဝန်ယူထားသူကို ဖုံးဆက်လိုက်တယ်။
တစ်ရက်ပိုပြီး လုပ်ပေးနိုင်သလားလို့ မေးပါတယ်။
သူကတစ်ရက်ဆိုရင် တာဝန်ယူနိုင်ပါတယ်လို့ အကြောင်းပြန်လာပါတယ်။
ဒါကြောင့် ကျနော်တို့ ဝါရှင်တန်ဒီစီမြို့ကို ဆက်မောင်းသွားပါတယ်။
စိတ်ကူးထားတာက ဝါရှင်တန်ဒီစီမြို့မှာ တစ်ညအိပ်မယ်။
ဝါရှင်တန်ဒီစီမြို့ရဲ့ညအလှကို တိုးကားတွေစီးပြီး လျှောက်ကြည့်မယ်။
နောက်တစ်နေ့မှာတော့ VOA သတင်းဌာနကို လျှောက်လည်မယ်။
မြန်မာထမင်းဆိုင်မှာ အဝစားမယ်။
မရောက်ဖူးသေးတဲ့နေရာတွေ အနှံ့လျှောက်လည်မယ်။
ဝါရှင်တန်ဒီစီမြို့ကိုရောက်တော့ နေဝင်ဆည်ဆာဖြစ်နေပြီ။
ဒီကာလဟာ ခရီးသွားရာသီဆိုတာ သိပေမယ့် အထပ်ပေါင်းများစွာရှိတဲ့ဟော်တယ်တွေ
ကိုယ့်အတွက် တစ်ခန်းတစ်လေတော့ဖြင့် ရနိုင်တယ်ဆိုတဲ့အတွေးနဲ့
ဟော်တယ်တစ်ခုပြီးတစ်ခု လျှောက်ရှာဖြစ်တယ်။
အခန်းလွတ်မရှိပါဆိုတဲ့စကားတွေကိုသာ ကြားခဲ့ရပါတယ်။
အံသြမိပါတယ်။ အခန်းရှာချိန်ဟာ သုံးနာရီကျော်သွားခဲ့တယ်။
ည ကိုးနာရီကျော်လာပြီမို့ စိတ်လျော့ကာ ဗားဂျီးနီးယားပြည်နယ်ရဲ့အက်ရှ် ဗန်းမြို့ကို ပြန်လာခဲ့တယ်။
အက်ရှ်ဗန်းမြို့မှာပင် ဟော်တယ်ကို ရှာချိန်ဟာ သုံးနာရီကျော်ကျော်ရှာလေတော့မှ
ဈေးနှုန်းမြင့်တဲ့အခန်းတစ်ခန်းကို ရပါတယ်။
ခရီးသွားရာသီမှာ ဟော်တယ်အခန်းကို ရှာရတဲ့ဒုက္ခက ကြီးမားလှပါဘိ။
အွန်လိုင်းနဲ့ကြိုတင်ဘွတ်ကင်လုပ်ထားသင့်ကြောင်းလည်း ထပ်လောင်း သိလိုက်ရပါတယ်။
ဟော်တယ်မှာ  ပြည့်ပြည့်ဝဝနားလိုက်တဲ့အတွက် ကျေနပ်သလိုလိုတော့ ဖြစ်သွားပါတယ်။
နောက်တစ်နေ့ နေ့လည်မှာတော့ DMVရုံးကိုဝင်ပြီး ကားကိစ္စကို အပြီးလုပ်ဆောင်ဖြစ်ပါတယ်။
DMVရုံးနဲ့ တည်းခိုခဲ့တဲ့ဟော်တယ်က နီးနီးလေးဖြစ်နေတဲ့အတွက်
 အစစအရာရာ အစဉ်ပြေသွားပါတယ်။
ကားကိစ္စကို ပြီးစီးအောင်လုပ်ပြီးတော့မှ အိမ်ပြန်ခဲ့ပါတယ်။
 ဒီနေ့တော့ ဒီလောက်ပါပဲ။
အမေ့ကို ချစ်တဲ့သား
အောင်ဝင်းဟိန်း
အက်ရှ်ဗန်းမြို့(Ash-burn)
ဗာဂျီးနီးယားပြည်နယ်(Virginia)
အမေရိကန်ပြည်ထောင်စု(USA)








လူသားတိုင်း ကျန်းမာကြပါစေ... လူသားတိုင်း ချမ်းသာကြပါစေ...
ခန္ဓာကိုယ်ကို လေ့ကျင့်ခန်းနဲ့စောင့်ရှောက်ပါ။ စိတ်ကို စာဖတ်ခြင်းနဲ့စောင့်ရှောက်ပါ။...

နူတ်ဆက်စကားလေးများ.....

မြန်မာတို့ရဲ့ ဘလော့ဂ်များ...

picoodle.com