Sunday, November 22, 2009

အဖွားပေးတဲ့ အမွေ


ကျနော် ငယ်ငယ်တုန်းကဆိုးသူတစ်ယောက်ဖြစ်ခဲ့ပါတယ်။
ကျနော် လေးတန်းစာမေးပွဲ ဖြေပြီးသောအခါ အချိန်များစွာ အားနေပါတယ်။

ထိုအချိန်တွင်

ကျနော်ရဲ့အကိုတစ်ဝမ်းကွဲဆိုသူ ကိုရွှေသိန်းက
ကျနော်ကို ဆေးလိပ် တစ်လိပ်ကို မီးညှိပြီး လာပေးပါတယ်။

စီးကရက်ဖြစ်ပါတယ်။

တစ်လိပ်ကုန်သောအခါ ကျနော် မူးနေပါတယ်။
အကို က အိမ်ကိုထမ်းပြီး ပြန်ပို့ပါတယ်။

သုံးရက်လောက်လေ့ကျင့်ပြီးသောအခါ ကျနော်ဆေးလိပ်သောက်တတ်သွားပါတယ်။
နောက်ပိုင်း သူလာမပေးတော့ပါ။

ကျနော် ဘာသာ မုန့်ဖိုးထဲက ဝယ်သောက်ရပါတယ်။
တစ်နေ့ကို ဆယ်လိပ်မှ အလိပ်နှစ်ဆယ်အထိသောက်သူဖြစ်လာပါတယ်။


အမေ မသိပါ။
ခုနှစ်တန်းစာမေးပွဲ ဖြေပြီးသောအခါ အဖွားရှိရာ ရွာလေးသို့ပြန်ပါတယ်။
အဲဒီရွာလေးဟာ လေးတန်းအထိသာရှိသောရွာလေးဖြစ်ပါတယ်။

အတန်းတူ သူငယ်ချင်းတွေအားလုံးဟာ

လုပ်ငန်းခွင်သို့ရောက်ကုန်ကြပြီ။

အချို့က မိန်းမရကြပြီ။

အချို့က အရက်သောက်တတ်နေပြီ။
သူငယ်ချင်းများဆီသွားသောအခါ မိန်းမယူဖို့မတိုက်တွန်းကြပါ။

အရက်သောက်ဖို့တိုက်တွန်းကြတယ်။
တစ်ခါ၊နှစ်ခါငြင်းကြည့်ပါသေးတယ်။

သုံးခါရောက်သောအခါ အဖွားကိုတိုင်ပင်ကြည့်ပါတယ်။
ဘာကြောင့်ဆိုတော့ အဖွားကိုချစ်သောကြောင့်ဖြစ်ပါတယ်။

အဖွားကလည်း မကန့်ကွက်ပါ။

သောက်မယ်ဆိုရင်တော့ အိမ်မှာလာသောက်ဖို့ပြောပါတယ်။
အံသြသွားပါတယ်။

ဒါနဲ့ပဲ အဖွားအိမ်မှာ သောက်ဖြစ်သွားပါတယ်။


အဖွားက အမြည်းများလုပ်ပေးပါတယ်။
တစ်ခါမှ မသောက်ဖူးသောကြောင့် အမြည်းများများစားပါတယ်။
အတင်းထိုးပေးသောအရက်ကတော့ ငြင်းမရခဲ့ပါ။
သောက်ရင်းနဲ့ အချိန် ဘယ်လောက်ကြာသွားတယ်ဆိုတာမသိပါ။
အန်တာကိုတော့သိပါတယ်။

မူးနေတယ်ဆိုတာကိုလည်းသိပါတယ်။

ဘယ်အချိန်အိပ်ပျော်သွားတာကိုလည်းမသိလိုက်ပါ။
နောက်တစ်နေ့နေမြင့်မှနိုးပါတယ်။

ခေါင်းထဲတွင် မူးနောက်နောက်ဖြစ်နေပါတယ်။မထချင်ပါ။

နေမွန်းတည့်နေပြီမို့ အဖွားက ရေချိုးပြီးထမင်းစားဖို့လာနိုးပါတယ်။

ပြီးတော့မှ ပြန်အိပ်ချင်အိပ်ပါလို့လာပြောပါတယ်။
အဖွားပြောတဲ့အတိုင်း ရေချိုးပါတယ်။

အဖွားပြင်ပေးသော ထမင်းကိုစားပါတယ်။

အမူးသက်သာသွားပါတယ်။
အဖွားကအနားမှာ ယပ်တောင်တစ်ချောင်းနဲ့ယပ်ခတ်ပေးနေပါတယ်။
ထမင်းစားနေတုန်းမှာ

အဖွားပြောတဲ့စကားကို ကျနော်ဘယ်တော့မှ မမေ့နိုင်ပါ။


“ငါ့မြေးလေးကို အဖွားစကားတစ်ခွန်းလောက်တော့ပြောချင်တယ်။

အရက်သောက်တာနဲ့ပက်သက်ပြီး အဖွား ဘာမှတော့မပြောချင်ပါဘူး။
လူတစ်ယောက်အနေနဲ့ အတွေ့အကြုံတွေအများကြီးရှိသင့်ပါတယ်။
ပြောလို့သိတာထက် ကိုယ်တိုင်သိရတာက ပိုပြီးရင့်ကျက်စေတာပေါ့။
လူတိုင်းဟာ ဘာဘဲလုပ်လုပ် ကောင်းမကောင်းဆိုတာသိပါတယ်။
လုပ်ကြည့်လို့မကောင်းမှန်းသိရင် ဆက်မလုပ်ဖို့ပါပဲ။
မကောင်းမှန်းသိပါရက်နဲ့ ဆက်လုပ်နေရင်တော့ အဲဒီလူဟာ လူမိုက်ပါပဲ။
အဖွားရဲ့မြေးလေးကို အဖွားက လူမိုက်မဖြစ်စေချင်ပါဘူးကွယ်။ ”


အဖွားစကားကို ကျနော် ဘယ်တော့မှ မမေ့ပါ။
အဖွားစကားကြောင့် ကျနော် ဆေးလိပ်ကိုဖြတ်ဖြစ်ခဲ့ပါတယ်။
အဖွားစကားကြောင့် ကျနော် အရက်သမားမဖြစ်ခဲ့ပါ။
အဖွားစကားကြောင့် ကွမ်းကြိုက်တတ်သူလည်းမဖြစ်ခဲ့ပါ။
အဖွားရဲ့စကားဟာ ကျနော်အပေါ် အကြီးအကျယ် လွှမ်းမိုးခဲ့ပါတယ်။
အဖွားစကားကြောင့် ကျနော်ဟာ ချဲထိုးသူ မဖြစ်ခဲ့ပါ။

အဖွားစကားကြောင့်

ကျနော် ဘောလုံးပွဲကြည့်သူ၊ဘောလုံးပွဲလောင်းသူမဖြစ်ခဲ့ပါ။
အဲဒါတွေ အားလုံးကို ကျနော် လုပ်ခဲ့ဖူးပါတယ်။

အခုအချိန်မှာ အဖွားက သက်ရှိထင်ရှားမရှိတော့ပါ။
အဖွားကွယ်လွန်ခဲ့တာတောင်

နှစ်ပေါင်း နှစ်ဆယ်ပတ်ဝန်းကျင် ရှိတော့မယ်ထင်ပါတယ်။
လူ့ဘဝမှာ အဓိပ္ပါယ်ရှိရှိနေခွင့်ရအောင်

သွန်သင်ဆုံမပေးခဲ့တဲ့အဖွားကို ကျေးဇူးတင်မိပါတယ်။

အကြိမ်ကြိမ်လည်း ဦးညွတ်မိပါတယ်။
အဖွားကောင်းရာသုဂတိလားပါစေ။

ဟင်း…….တွေ့လိမ့်မယ် အားကြီးကြီး။



တစ်ခါတုန်းက အင်ဂျင်နီယာတစ်ယောက်သေဆုံးသွားတယ်။

သူဟာ လူ့ဘဝတုန်းက ဘုရားကို အယုံအကြည် မရှိသူဖြစ်တယ်။

ဒါကြောင့် သေဆုံးသွားတဲ့အခါ အပါယ်ငရဲကို ရောက်သွားပါတယ်။

ဒါပေမယ့် အဲဒီအင်ဂျင်နီယာအနေနဲ့ အလွန်တော်သူဖြစ်ပါတယ်။

ဒါကြောင့် အပါယ်ငရဲကို ရောက်ပြီးမကြာခင်မှာပဲ

အပါယ်ငရဲကို တည်ဆောက်ရေးလုပ်ငန်းကိုလုပ်ပါတော့တယ်။

ငရဲမှာအဆောက်အဦးတွေအသစ်ဆောက်တယ်။

ခေတ်မီလေအေးစက်တွေတပ်ဆင်တယ်။ လမ်းတွေပြင်တယ်။ တံတားတွေဆောက်တယ်။

သူရောက်ပြီးမကြာခင်မှာပဲ အပါယ်ငရဲဟာနေချင့်စရာဖြစ်လာပါတော့တယ်။

အရမ်းကိုသာယာလှပလာပါတယ်။

ဒီအကြောင်းကို သိကြားမင်း ကြားသွားပါလေရော။

ဒါကြောင့် သိကြားမင်းကို အဲဒီ အင်ဂျင်နီယာကို နတ်ပြည်ကို ခေါ်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။

အင်ဂျင်နီယာဟာ ဘုရားကို မယုံကြည်တာက လွဲရင် ဘာဒုစရိုက်မှ မရှိတာကိုလည်း

သိကြားမင်းက သိထားပါတယ်။

ခက်တာက ငရဲမင်းကလည်း အသုံးကျ၊ အရာဝင်နေတဲ့ အင်ဂျင်နီယာကို လက်လွှတ်ရမှာကို နှမြောနေတယ်။

ဒါကြောင့် သိကြားမင်းရဲ့တောင်းဆိုချက်ကို မသိသလို လုပ်နေလိုက်တယ်။

ဒါကို သိကြားမင်းကသိသွားတော့ ဒေါသပုန်ထပြီး ငရဲမင်းကို ပြောလိုက်တာကတော့


“ဒီကိစ္စကို ငါဒီအတိုင်း မထားဘူးဟေ့ !

မင်းကို ငါတရားစွဲမယ်သိလား?”


ငရဲမင်းက“ တရားစွဲမယ်ဟုတ်လား?

ခင်ဗျားဘက်ကလိုက်ပေးမယ့် ရှေ့နေကို နတ်ပြည်မှာရှာကြည့်ပေါ့။

ခင်ဗျားကြီးသာ နတ်သက်သာကြွေသွားမယ်။

ဟင်း…….တွေ့လိမ့်မယ် အားကြီးကြီး။


ဟာသဆိုတာ ရီဖို့ပါ။

တစ်ဦးတစ်ယောက်ကို နစ်နာစေလိုတဲ့စေတနာမရှိပါဘူး။

မရီနိုင်ဘူးဆိုရင်တော့ တောင်းပန်ပါတယ်။

ရီစရာကိုဖတ်ပြီး တစ်ချက်လောက်ပြုံးလိုက်နိုင်ရင်ဘဲ တန်ပါတယ်။

စားရဖို့ပြေးလွှားနေရချိန်မှာ ရီစရာက စိတ်ကို ကျန်းမာစေပါတယ်။ စိတ်ကို ချမ်းသာစေပါတယ်။

စာရင်းချုပ်လိုက်ရင် အားလုံးဟာအတူတူပါပဲ။

ရီလိုက်ရသူက ဘာဖြစ်ဖြစ် မြတ်တယ်။


လူသားတိုင်း ကျန်းမာကြပါစေ... လူသားတိုင်း ချမ်းသာကြပါစေ...
ခန္ဓာကိုယ်ကို လေ့ကျင့်ခန်းနဲ့စောင့်ရှောက်ပါ။ စိတ်ကို စာဖတ်ခြင်းနဲ့စောင့်ရှောက်ပါ။...

နူတ်ဆက်စကားလေးများ.....

မြန်မာတို့ရဲ့ ဘလော့ဂ်များ...

picoodle.com