Sunday, December 6, 2009

“အရိပ်နောက်ကို လိုက်ရင်း....လိုက်ရင်း..နဲ့...”



ဘိုနီဆိုတဲ့ခွေးဟာ မွေးလာတုန်းကအမွှေးရှည်ကမျက်နှာကို အုပ်နေတယ်။

အရောင်ကအနီရောင်ဖြစ်တာမို့သူ့ကို“ဘိုနီ”လို့အမည်ပေးခဲ့တယ်။

ဘိုနီဟာခိုးယူလာတဲ့အမဲရိုးတုံးတစ်တုံးကိုပါးစပ်မှာကိုက်ချီပြီး တံတားတစ်ခုကိုဖြတ်လျှောက်လာတယ်။

အဲဒီတံတားရဲ့အောက်မှာ စမ်းချောင်းလေးကညင်ညင်သာသာလေး စီးဆင်းနေတယ်။

ဘိုနီဟာတံတားပေါ်ကအောက်ကို ငုံ့ကြည့်လိုက်တော့ သူ့ရဲ့အရိပ်ဟာပေါ်လာတယ်။

အဲဒီ့အရိပ်ကိုအခြားခွေးတစ်ကောင်က အမဲရိုးတုံးတစ်တုံးကို ကိုက်ချီလာတယ်လို့

သူ့စိတ်ထဲမှာထင်တာပေါ့။

အဲဒီအခြားခွေးရဲ့အသားတုံးကို

လိုချင်တဲ့လောဘဖြစ်လာပြီးသတိလက်လွတ်နဲ့အလောတကြီးဆတ်ကနဲလှမ်းဟတ်လိုက်တာပေါ့။

သူ့ရဲ့ပါးစပ်မှာကိုက်ထားတဲ့အမဲရိုးတုံးဟာ လွတ်ကျသွားပါလေရော။

အမဲရိုးတုံးဟာ စမ်းချောင်းထဲပြုတ်ကျသွားပြီး နောက်ဆုံးမှာ သူ့မျက်စိရှေ့မှာပဲပျောက်ဆုံးသွားပါတယ်။



လောဘရဲ့သဘောပါပဲ။

ကိုယ့်မှာရှိတာလေးနဲ့မတင်းတိမ်နိုင်တဲ့အခါ လောဘစိတ်ဝင်လာတတ်တယ်။

လောဘဝင်လာတော့ အမှန်၊အမှား ခွဲခြားမသိတော့ပါဘူး။

လိုချင်စိတ်ကပြင်းထန်လာတော့ သတိလက်လွတ်ဖြစ်လာရော။

အဲဒီအခါ အသိစိတ်ပါပျောက်သွားတတ်ပါတယ်။


ကျနော်မှာ ညီလေးတစ်ယောက်ရှိတယ်။

သူကတရားအကြောင်းကိုတော်တော်နှံ့နှံ့စပ်စပ်သိတယ်။

တရားအကြောင်းဆွေးနွေးရင် သူကကိုယ့်ထက်ပိုသိနေတတ်တယ်။

အသက်သာငယ်ပေမယ့် တရားသိတဲ့အတွက်သူ့ကိုလေးစားမိပါတယ်။

ဒါပေမယ့် သူ့ရဲ့အားနည်းချက်တစ်ခုကတော့ ချဲကိုအလွန်အမင်းထိုးတာပါပဲ။

“လောဘစိတ်မရှိဘဲ ချဲထိုးလို့ရသလား? ”လို့မေးတော့

သူကဝေ့လယ်ကြောင်ပတ်ဖြေပါတယ်။

တန်ရာတန်ကြေးမပေးချင်ပဲ လိုချင်တာဟာ လောဘစိတ်ပါပဲ။

အရိပ်နောက်ကို လိုက်ရင်းနဲ့ ရှိတာလေးတွေ မကုန်ခင်မှာ“ ဘိုနီ” လေးကို သတိရစေချင်ပါတယ်။


“အလုပ်နှင့် တူသော အကျိုး...”



မှားယွင်းမှုဟူသည်

မောဟမကင်းသူ လူတိုင်းနှင့် ဆက်ဆံ၏။


သူတစ်ပါးမှားလျှင်

အမှန်ရောက်အောင် ငါပြင်မည်။


ငါမှားလျှင်

သူတစ်ပါးအပြင်ကို ငါခံမည်။


ငါ့ကိုပြုပြင်သူကို

ငါ့ဆရာဟု အသိအမှတ်ပြုမည်။


သူတစ်ပါးအကျိုးကို ငါလိုလားမှ

ငါ့အကျိုးကို သူတစ်ပါးက လိုလားမည်။


ငါတာဝန်ကို ငါကိုယ်တိုင်သိ၍

ဆောင်ရွက်မည်။


ငါ့အလိုသို့သာ တစ်ဖက်သတ်လိုက်သူမှာ

ငါ့မိတ်ဆွေမဟုတ်။


သုခ၏မျိုးစေ့ဖြစ်သော ဒုက္ခကို

ရဲဝံ့စွာ ငါခံယူမည်။


ဒုက္ခ၏ မျိုးစေ့ဖြစ်သော သုခကို

ရဲဝံ့စွာ ငါရှောင်ရှားမည်။


ငါ့အလုပ်နှင့်တူသော အကျိုးကို

မချွတ် ငါရမည်။


ဆရာတော်ဘုရားကြီး ဘဒ္ဒ န္တ ဝိမလ။

စတုတ္ထ စံကျောင်း၊ရွှေဟသာင်္တောရ၊

ညောင်တုန်းမြို့။

“စိတ်ချမ်းသာမှုကို တန်းဖိုးထားမယ်ဆိုရင်...”



မြို့ကြီးတစ်မြို့ရဲ့အဝင်ဝနားမှာရှိတဲ့ စားသောက်ဆိုင်တစ်ခုမှာ

ပညာရှိဆိုကရေးတီးက စားသောက်ပြီးထိုင်နေတယ်။

မကြာခင်မှာ အခြားမြို့က ခရီးသွားတစ်ယောက်ရောက်လာပြီး

ဒေသခံဖြစ်သူ ဆိုကရေးတီးကိုမေးခွန်းတစ်ခုမေးပါတယ်။

“ဒီမြို့ကလူတွေ ဘယ်လိုစိတ်နေသဘောထားမျိုးရှိကြပါသလဲ ခင်ဗျာ.?”

ဆိုကရေးတီးကပြန်မေးပါတယ်။

“ခင်ဗျား…ထွက်လာခဲ့တဲ့မြို့ကလူတွေကရော ဘယ်လိုစိတ်နေသဘောထားမျိုးရှိကြသလဲ?”

ခရီးသွားဧည့်သည်က

“ကျနော်တို့မြို့ကတော့ ဆိုးပါ့ဗျာ…လုံးဝမယုံကြည်ရတဲ့လူတွေ၊

အမြီးကျက်အမြီးစား ခေါင်းကျက်ခေါင်းစားလူတွေ၊ ချည်းပါပဲ။

လူလိမ်လူညာလည်း ပေါပါ့ဗျာ…။ကောင်းကွက်ဆိုလို့တစ်စက်မှမရှိတဲ့ လူတွေချည်းပါပဲ”

လို့မဲ့မဲ့ရွဲ့ရွဲ့နဲ့ပြောပြတယ်။

ဒီတော့ ဆိုကရေးတီးကလည်း ပြန်ပြောတယ်။

“အင်း…ဒီမြို့ကလူတွေလည်းအဲဒီအတိုင်းပါပဲ”လို့ပြန်ဖြေလိုက်တယ်။

နောက်များမကြာခင်မှာ အခြားခရီးသွားတစ်ယောက် ရောက်လာပြန်ပါတယ်။

ဆိုကရေးတီးနဲ့စကားပြောရင်းက မေးခွန်းတစ်ခုမေးပြန်ပါတယ်။

“ဒီမြို့ကလူတွေ ဘယ်လိုစိတ်နေသဘောထားမျိုးရှိကြပါသလဲ ခင်ဗျာ.?”တဲ့။

ဆိုကရေးတီးက

“ခင်ဗျား…ထွက်လာခဲ့တဲ့မြို့ကလူတွေကရော ဘယ်လိုစိတ်နေသဘောထားမျိုးရှိကြသလဲ?”ပေါ့။

ဒုတိယခရီးသွားဧည့်သည်က

“ကျနော်တို့မြို့ကလူတွေလား?

အဲဒီလူတွေက အင်မတန်ကို စိတ်သဘောထားတွေ ကောင်းကြပါတယ်။

ပြီးတော့ ရိုးသားကြတယ်။ အလုပ်ကို ကြိုးစားကြတယ်။

တစ်ဦးကိုတစ်ဦးလည်း ကူညီရိုင်းပင်းကြတယ်။

အလှုအတန်းတွေလည်းရက်ရောကြပါတယ်ဗျာ။

အင်မတန်ကိုနေချင်စရာကောင်းတဲ့မြို့လေးပါ။

အဲဒီမြို့ကထွက်လာရတဲ့အတွက် စိတ်မကောင်းဖြစ်မိပါတယ်ဗျာ…” အားရပါးရပြန်ဖြေပါတယ်။

ဆိုကရေးတီးက

“အခုဒီမြို့မှာလည်း ခင်ဗျာပြောတဲ့လူမျိုးတွေကိုပဲ ထပ်တွေ့ရဦးမှာပါ။”လို့ပြန်ပြောလိုက်ပါတယ်။



တွေးကြည့်ရအောင်လားခင်ဗျာ…

တူညီတဲ့နေရာတစ်ခုမှာ တူညီတဲ့မေးခွန်းတစ်ခုကိုပဲ

အဖြေကနှစ်မျိုးထွက်နေတယ်။

ဘယ်လိုပါလိမ့်လို့ဇဝေဇဝါဖြစ်ခဲ့ဖူးပါတယ်။

အရက်ကိုကြိုက်တတ်သူဟာ အရက်ဆိုင်ကိုသွားမှာပဲ။

ဒီတော့ အရက်သမားတွေနဲ့တွေ့မှာပဲ။

ဘောလုံးပွဲကြိုက်တတ်သူက ဘောလုံးဝါသနာပါသူတွေနဲ့ဆုံကြမှာပဲ။

တရားကိုနှစ်သက်သူက ဘုရားကိုသွားပြီးတရားနှစ်သက်သူတွေနဲ့ဆုံကြမှာပါပဲ။

ဒီသဘောအတိုင်းပါပဲ။

ကိုယ့်စိတ်နေသဘောထားနဲ့တူညီတဲ့လူတွေနဲ့တွေ့ဆုံနေကြမှာပါပဲ။

စိတ်နေသဘောထားမတူတဲ့သူတွေဟာ ရိုးသားတဲ့စိတ်အခြေခံနဲ့ဆိုရင် ပေါင်းသင်းလို့မရပါဘူး။

ဘယ်နေရာသွားသွား၊ဘယ်နိုင်ငံရောက်ရောက်၊

ဘယ်သူတွေနဲ့တွေ့တွေ့၊

အစဉ်ပြေတာလဲ ကိုယ့်စိတ်ပဲ။ အစဉ်မပြေတာလဲ ကိုယ့်စိတ်ပါပဲ။

ကိုယ့်စိတ်ထဲမှာ အမုန်းတွေ၊အငြိုးအတေးတွေ၊

ဒေါသစိတ်တွေနဲ့အာဃာတတွေရှိနေမယ်ဆိုရင်တော့

ဘယ်နိုင်ငံရောက်ရောက်၊ပျောက်သွားမှာမဟုတ်ပါဘူး။

တွေ့တဲ့သူတွေကလည်း အဲဒီလိုစိတ်နေသဘောထားတွေရှိတဲ့သူတွေပဲဖြစ်နေမှာပါ။

ဒီလိုဆို ဘယ်မှာစိတ်ချမ်းသာတော့မလဲ။

စိတ်ချမ်းသာမှုကို တန်းဖိုးထားမယ်ဆိုရင်တော့ အကောင်းမြင်စိတ်ကိုမွေးမြူ

ရတော့မယ်ဆိုတာကို တဖြည်းဖြည်းသဘောပေါက်လာမိပါတယ်။


လူသားတိုင်း ကျန်းမာကြပါစေ... လူသားတိုင်း ချမ်းသာကြပါစေ...
ခန္ဓာကိုယ်ကို လေ့ကျင့်ခန်းနဲ့စောင့်ရှောက်ပါ။ စိတ်ကို စာဖတ်ခြင်းနဲ့စောင့်ရှောက်ပါ။...

နူတ်ဆက်စကားလေးများ.....

မြန်မာတို့ရဲ့ ဘလော့ဂ်များ...

picoodle.com