Wednesday, December 9, 2009

“ ကူညီသောလက်ကို ကမ်းပေးပါ...”



(၁၉၃၆)ခုနှစ်၊ ဘာလင်အိုလံပစ်အားကစားပြိုင်ပွဲမှာ ဖြစ်ခဲ့တဲ့ဖြစ်ရပ်မှန်ပါ။

ဒီဖြစ်ရပ်ကတော့ အန္တရာယ်ရှိမှန်းသိပေမယ့် လက်မတွန့်ဘဲရဲရဲရင့်ရင့် ကူညီသူရဲ့အကြောင်းပါ။

အမေရိကန်အပြေးသမား ဂျက်စီအိုဝင်ဟာ တစ်နေ့တည်းမှာ

ကမ္ဘာ့စံချိန်သစ် သုံးခုကို တင်နိုင်ခဲ့သူဖြစ်တယ်။

အဲဒီနေ့က အဖြစ်အပျက်ကတော့  အိုဝင်ကလူမည်းဖြစ်တော့

ပြိုင်ပွဲမှာ ဖိအားပေးမှု အမျိုးမျိုးကြုံခဲ့ရပါတယ်။

အဲဒီအချိန်က အာဏာရှင်ကြီးဟစ်တလာနဲ့ သူ့ရဲ့နာဇီတွေက

သူတို့နိုင်ငံသားကို အနိုင်ရဖို့ အင်အားသုံးနေချိန်ပေါ့။

အိုဝင်ဟာပြိုင်ပွဲဝင်နေစဉ် နောက်ဆုံးပွဲမှာ ပါဝင်ခွင့်ရအောင်ကြိုးစားအားထုတ်ချိန်ပါ။

အဲဒီအချိန်မှာ အရပ်မြင့်မြင့်၊ မျက်လုံးပြာပြာ၊ ရွှေရောင်ဆံပင်နဲ့ ဂျာမန်လူမျိုးတစ်ယောက်ဟာ

(၂၆)ပေ ရောက်အောင်ခုန်ပြီးလေ့ကျင့်နေတာကိုတွေ့ရတယ်။

အိုဝင်ဟာ စတင်ခုန်ရမယ့်သတ်မှတ်ထားတဲ့နေရာ မတိုင်မီ

ခပ်ကွာကွာနေရာကစတင်ခုန်နေခဲ့တယ်။ အစဉ်မပြေပါ။

ဒုတိယအကြိမ်ခုန်တဲ့အခါ စည်းကျော်နင်းပြီးခုန်နေခဲ့တယ်။

အိုဝင်အတွက် နောက်ဆုံးကြိုးစားဖို့တစ်ကြိမ်သာကျန်တော့တယ်။

ဒီတစ်ကြိမ်မှာ တစ်ခုခုလွဲမှားသွားပါက နောက်ဆုံးပိတ်ပြိုင်ပွဲကို ဝင်ခွင့် ရတော့မည်မဟုတ်ပါ။

အရပ်မြင့်မြင့် ဂျာမန်က အိုဝင်နားကပ်လားပြီးသူ့ကိုယ်သူမိတ်ဆက်ပါတယ်။

သူ့နာမည်က“လာလောင်”ဖြစ်ပါတယ်။

နာဇီတွေကမျက်စိမလပ်အောင်ကြည့်နေတဲ့ကြားထဲက “လောင်”ဟာ

အိုဝင်ကို အားပေးပါတယ်။ ပြီးတော့ အကြံဉာဏ်တစ်ချို့ပေးပါတယ်။

နောက်ဆုံးပိတ်ပြိုင်ပွဲဝင်နိုင်ဖို့ (၂၃-ပေ၅.၆လက္မ)ခုန်နိုင်ရင်ရပါတယ်။

ဒါကြောင့် သတ်မှတ်စည်းကနေ နည်းနည်းခွာပြီးမှသာခုန်ပါ။

စည်းကျော်တာမဖြစ်အောင် ဂရုစိုက်ပါ” ဟုအကြံပေးပါတယ်။

တတိယအကြိမ်ခုန်တဲ့အခါ အိုဝင်ဟာအောင်မြင်သွားပါတော့တယ်။

နောက်ဆုံးပွဲစဉ်မှာ အိုဝင်ဟာ အိုလံပစ်စံချိန်သစ်တစ်ခုထပ်ချိုးပြီး

စတုတ္ထမြောက်ရွှေတံဆိပ်တစ်ခုကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။

(အဝေး ခုန်ပြိုင်ပွဲမှာ (၂၆-ပေ၈-၁/၄လက္မနဲ့စံချိန်တင်ခဲ့တယ်။)

အဲဒီနေ့နောက်ပိုင်း“လောင်”ကို သူနောက်ထပ်ဘယ်တော့မှ မတွေ့တော့ပါ။

ဒါပေမယ့် လောင်ရဲ့ကူညီခဲ့မှုကို အိုဝင် ဘယ်တော့မှမမေ့နိုင်ပါ။

အိုဝင်က

“ ကျနော်ရထားတဲ့ရွှေတံဆိပ်ဆုတွေ၊ရွှေခွက်တွေကိုပေါင်းပြီး

မီးနဲ့အရည်ကျိုလိုက်နိုင်ပါတယ်။

ဒါပေမယ့် ဒီ၂၄ ကာရက်အရည်အသွေးရှိတဲ့ ရွှေရည်တွေဟာ

လောင်နဲ့ကျနော်တို့ကြားမှာ ရှိတဲ့မိတ်ဆွေရင်းချာဘဝကို တော့ ဘယ်တော့မှ မလွှမ်းမိုးနိုင်ပါဘူး။”

လို့ပြောခဲ့ပါတယ်။


“ မှားတဲ့အခါလည်း မှားပေမပေါ့...”



တစ်ခါတုန်းကပေါ့... မခင်သန္တာဟာ လေးလသား ကလေးငယ်ကို ပိုက်ပြီး

ဒေါက်တာခင်မောင်ဝင်းရဲ့ဆေးခန်းကို ရောက်လာပါတယ်။

ဒေါက်တာခင်မောင်ဝင်းကမေးပါတယ်။“ဘယ်သူ ဘာဖြစ်တာလဲ?”

မခင်သန္တာက“ကလေးကိုပြချင်လို့ပါဆရာ၊ ကလေးကပိန်လွန်းတယ်။

ပြီးတော့ အလေးချိန်လည်းမတက်ဘူး။အဲဒါဘာဖြစ်တာလဲလို့သိချင်လို့ပါ”

ဒေါက်တာက “ကလေးကို နို့မှုန့်တိုက်သလား? ၊အမေနို့တိုက်သလား?”

“အမေနို့တိုက်တာပါ။”

“အဲဒါဆို အမေအင်္ကျီ ချွတ်လိုက်ပါ”

“ရှင်…ဒေါက်တာ ကျမ………”

“ ခင်ဗျား….ဆရာဝန်ရှေ့ ရောက်နေတာပါ။

ဘာမှရှက်စရာ မလိုပါဘူး။အတွင်းခံဘရာစီယာကိုချွတ်လိုက်ပါ။”

“ဒေါက်တာ ကျမ ပြောပါရစေဦး…….”

မခင်သန္တာ ဆက်လက်ငြင်းနေတဲ့အတွက်

ဆရာဝန်ကိုယ်တိုင်ကအင်္ကျီနဲ့ဘရာစီယာကို ချွတ်လိုက်ပါတယ်။

ဒီနောက်မှာတော့ မခင်သန္တာရဲ့ရင်သားနှစ်ဖက်ကို ဆရာဝန်က လက်နဲ့ဆုပ်နယ်တယ်။

အတန်ကြာတော့မှ မခင်သန္တာကို ပြောလိုက်တာက

“ အင်း၊ ခင်ဗျားက နို့မှမထွက်ဘဲ၊ကလေးအတွက်ဘယ်မှာအာဟာရဖြစ်မလဲ?”

“ဘယ်ထွက်မလဲရှင့်၊ ကျမက ကလေးရဲ့အမေမှ မဟုတ်တာ”

“ ကိုယ့်ကိုယ်ကို သနားတဲ့စိတ်...”



ပြင်သစ်စာရေးဆရာကြီး ဗစ်တာဟူးဂိုး ကို စာပေဝါသနာရှင်အများစုက သိကြပါတယ်။

ဗစ်တာဟူးဂိုးဟာ ပြင်သစ်ဘုရင် တတိယမြောက် နပိုလီယံနဲ့မတည့်ဘူး။

ဒါကြောင့် သူချစ်တဲ့ပြင်သစ်ပြည်ကို ခွဲခွာပြီး ဂျာစီကျွန်းမှာခိုလှုံနေရတယ်။

အဲဒီရက်တွေမှာ ဗစ်တာဟူးဂိုးဟာ

ညနေစောင်းတိုင်းမှာ ကမ်းပါးယံပေါ်တက်ပြီး ခုံတန်းလေးမှာ ထိုင်လေ့ရှိတယ်။

ပြီးရင် နေဝင်ချိန်ရှုခင်းကို ငေးမောကြည့်ရင်း အတွေးနယ်ချဲ့နေတတ်တယ်။

ဒီနောက်မှာတော့ ထိုင်ခုံက ထပြီး သူစိတ်တိုင်းကျတဲ့ ကျောက်စရစ်ခဲတစ်လုံးကို ကောက်ယူလိုက်ပါတယ်။

တစ်ခါတစ်လေ ကျောက်စရစ်ခဲကသေးသေးလေးပေါ့။ တစ်ခါတစ်လေ ကျောက်စရစ်ခဲကကြီးကြီးပေါ့။

ပြီးရင် ဒီကျောက်စရစ်ခဲကို အောက်ဘက်မှာရှိတဲ့ ပင်လယ်ရေပြင်ထဲကို

အားပါးတရ လွှဲပြီးပစ်လိုက်ပါတယ်။

အဲဒါက သူ့ရဲ့နေ့စဉ်အလုပ်တစ်ခုဖြစ်ပါတယ်။

ဗစ်တာဟူးဂိုးဟာအဲဒီလို နေ့စဉ်နေ့တိုင်း ကျောက်စရစ်ခဲတစ်လုံးစီကောက်ပြီးလွှင့်ပစ်တာကို

အနီးအနားမှာ ကစားနေတဲ့ ကလေးတွေက သတိထားမိကြတာပေါ့။

ဒါနဲ့ပဲ တစ်နေ့မှာ ကလေးတွေထဲက နဲနဲကြီးတဲ မိန်းကလေးတစ်ယောက်က

သိချင်နေတာနဲ့ ဆရာကြီးကိုမေးမိတယ်။

“ဆရာကြီး နေ့တိုင်းနေ့တိုင်း ဒီကိုလာပြီး ကျောက်စရစ်ခဲလေးတွေကို ပင်လယ်ထဲလွှင့်ပစ်နေတာ

ဘာကြောင့်လဲ ဟင်?”

မမျှော်လင့်ထားတော့ အံသြသွားတယ်။

ပြီးတော့ ဗစ်တာဟူးဂိုးဟာ ငေးသွားပါတယ်။

ပြီးတော့မှ ပြုံးပြီး ကလေးမလေးကို အလေးအနက်ပြန်ဖြေလိုက်ပါတယ်။


“ကျောက်စရစ်ခဲတွေကို

လွှင့်ပစ်နေတာမဟုတ်ပါဘူးကလေးရယ်…..။

ဘဘမှာရှိနေတဲ့

ကိုယ့်ကိုယ်ကို သနားတဲ့စိတ်ကို လွှင့်ပစ်နေတာပါကွယ်…” တဲ့။


ကိုယ့်ကိုယ်ကို သနားတဲ့စိတ်ဟာ ရင်ထဲကို ရောက်လာပြီးဆိုရင်

အက်စစ်လိုပဲ ကောင်းတဲ့အရည်အသွေးတွေကို လှိုက်စားတော့တာပဲ။

လူတိုင်းမှာ ကိုယ့်ကိုယ်ကို သနားတဲ့စိတ်ဟာ အနည်းနဲ့အများရှိတတ်ကြပါတယ်။

လူတစ်ယောက်ဟာ အတ္တကြီးလာတာနဲ့အမျှ

ကိုယ့်ကိုယ်ကို သနားတဲ့စိတ် ကလည်း ကြီးမားလာတော့တာပဲ။

ကိုယ့်ကိုယ်ကို သနားတဲ့စိတ်ကို နဲပါးသထက်နဲပါးသွားအောင်

ကျောက်စရစ်ခဲတစ်လုံးကိုကောက်လိုက်ပါ။

အဲဒီကျောက်စရစ်ခဲကို ကိုယ့်ကိုယ်ကို သနားတဲ့စိတ်လို သဘောထားပြီး

ဝေးနိုင်သလောက်ဝေးအောင် အားကုန်လွှင့်ပစ်လိုက်ပါလေ။


ရောမတွေးခေါ်ရှင်ကြီး ဆီနီကာရဲ့စကားကို လက်ဆောင်ပါးလိုက်ပါတယ်။

“ကိုယ့်ကိုယ်ကို သနားတဲ့စိတ်အတွေးတွေကြောင့်

ဘာအကျိုးကျေးဇူးမျှရရှိလာမည်မဟုတ်ပါ။

စိတ်ဓာတ်ပျော့ညံ့သူ၊ဆုတ်ယုတ်ကျဆင်းသူသာဖြစ်လာနိုင်၏။

ထို့ပြင် ဒီစိတ်များ ကြာရှည်နေပါက

သူတစ်ပါးအပေါ် စာနာထောက်ထားတဲ့စိတ်များ တစ်နေ့တခြား လျော့ပါးလာမည်ဖြစ်၏။”


“ တစ်လုတ်စားဖူး...သူ့ကျေးဇူး...”



အရှင်သာရိပုတ္တရာ မထေရ်မြတ်ဟာ မြတ်စွာဘုရားရဲ့လက်ယာရံအဂ္ဂသာဝကဖြစ်သလို

ဉာဏ်ပညာအရာမှာ ဧတဒဂ်ရ မထေရ်မြတ်လည်းဖြစ်ပါတယ်။

တစ်ချိန်တုန်းက သာဝတ္တိမြို့မှာ “ရာဓ”အမည်ရတဲ့ ပုဏ္ဏားအိုကြီးတစ်ဦးဟာ အထီးကျန်လူမွဲ၊

သူဆင်းရဲဖြစ်တာမို့ ဇေတဝန်ကျောင်းတော်မှာ ရဟန်းတော်တွေကို မှီပြီးနေထိုင်ရပါတယ်။

ပုဏ္ဏားအိုကြီးက ရဟန်းဝတ်ချင်ပေမယ့်

ရဟန်းတော်တွေက“ပုဏ္ဏားအိုကြီးဟာအသက်အရွယ်ကြီးပြီး၊

ဝိနည်းသိက္ခာပုဒ်တွေကို ထိန်းသိမ်းနိုင်မယ် မထင်တာနဲ့”

စားစရာ၊နေစရာနဲ့။

ဝတ်စရာတွေသာပေးကြပေမယ့် ရဟန်းမပြုပေးပါဘူး။

ပုဏ္ဏားအိုကြီးဟာရဟန်းပြုချင်ပေမယ့် ပြုခွင့်မရတဲ့အတွက်

တစ်နေ့တစ်ခြားကြုံလှီပိန်ချုံးလာပါတယ်။

တစ်နေ့မှာတော့ မြတ်စွာဘုရားနဲ့တွေ့တော်မူလို့ ပုဏ္ဏားအိုကြီးရဲ့အဖြစ်ကို

စုံစမ်းမေးမြန်းသိတော်မူတဲ့အခါ သံဃာအားလုံးကို ကျောင်းဆောင်ထဲမှာ စုဝေးစေပြီး

မြတ်စွာဘုရားက

“ဘယ်သူဟာ ဒီရာဓ ပုဏ္ဏားကြီး ပြုခဲ့တဲ့ကျေးဇူးကို

အမှတ်ရကြသလဲ?” လို့မေးတော်မူပါတယ်။

အဲဒီအခါ အရှင်သာရိပုတ္တရာမထေရ်က

“ တပည့်တော် ရာဓ ပုဏ္ဏားကြီးရဲ့ကျေးဇူးကို သတိရပါကြောင်း”

လျှောက်ထားတော်မူပါတယ်။

မြတ်စွာဘုရားက“ ဘယ်လို ကျေးဇူးပြုဖူးသလဲ?

လို့ထပ်ဆင့်မေးတော်မူတဲ့အခါ

အရှင် သာရိပုတ္တရာမထေရ်က “တပည့်တော်တစ်ချိန်က သူ့အိမ်ရှေ့မှာ ဆွမ်းခံရပ်တော့

ဆွမ်းတစ်ဇွန်းလောင်းလှူဖူးပါတယ်။

အဲဒီကျေးဇူးကို တပည့်တော်မမေ့ပါဘုရား”

လို့ပြန်လည်းလျှောက်ထားတော်မူပါတယ်။

မြတ်စွာဘုရားက “အေး…ချစ်သားလို ကျေးဇူးသိတတ်တဲ့ ပုဂ္ဂိုလ်ရှိပါလျက် ဒီ ပုဏ္ဏားကြီး

ဘာဖြစ်လို့ရဟန်းအဖြစ်ကို မရနိုင်သလဲ?”

လို့ဘုရားရှင်က မိန့်တော်မူတဲ့အခါ

အရှင်သာရိပုတ္တရာမထေရ်မြတ်ဟာ မြတ်စွာဘုရားထံ ခွင့်ပန်ပြီး ရာဓ ပုဏ္ဏားကြီးကို

ရဟန်းပြုပေးတော်မူပါတယ်။


အရှင်သာရိပုတ္တရာမထေရ်မြတ်ရဲ့ အဆုံးအမသြဝါဒတွေနဲ့ နီးစပ်ခွင့်ရတာကြောင့်

မကြာခင်မှာပင် ရာဓ ပုဏ္ဏားကြီးဟာရဟန်းကိစ္စပြီးမြောက်သွားပါတယ်။

အဲဒီရဟန္တာဟာ ဧတဒဂ်ရ ရဟန္တာအရှင်မြတ်ကြီးတစ်ပါးဖြစ်တော်မူခဲ့ပါတယ်။

လူသားတိုင်း ကျန်းမာကြပါစေ... လူသားတိုင်း ချမ်းသာကြပါစေ...
ခန္ဓာကိုယ်ကို လေ့ကျင့်ခန်းနဲ့စောင့်ရှောက်ပါ။ စိတ်ကို စာဖတ်ခြင်းနဲ့စောင့်ရှောက်ပါ။...

နူတ်ဆက်စကားလေးများ.....

မြန်မာတို့ရဲ့ ဘလော့ဂ်များ...

picoodle.com