Monday, October 17, 2011

" မဆိုင်ဘူးဆိုတာမရှိပါ"



တစ်ခါတုန်းက တောင်သူဦးကြီးတစ်ယောက်ရှိတယ်။
သူ့နာမည်က ဦးရွှေသန်းပါ။
သူ့မိသားစုအားလုံးက သူ့ကိုကြောက်ကြတယ်။
ဒါပေမယ့် သူကတော့ သူ့မိန်းမကိုကြောက်ရတယ်။
သူ့မိန်းမက ကြွက်ကိုကြောက်တယ်။
သူ့ရဲ့အိမ်မှာ ကြွက်အလွန်ပေါတယ်။
ညအချိန်ရောက်ရင် ကြွက်တွေကသောင်းကျန်းပြီ။
ကြာလာတော့ တောင်သူဦးကြီးက သီးမခံနိုင်တော့ဘူး။
မိသားစုတွေတိုင်ပင်ကြတယ်။
ကြွက်ကို ဘယ်လိုနှိမ်နင်းရင်းကောင်းမလဲပေါ့။
နောက်ဆုံးကြတော့ တောင်သူဦးကြီးကပဲဆုံးဖြတ်ချက်ချပါတယ်။
မြို့တက်ပြီးကြွက်ထောင်ချောက်ဝယ်မယ်ပေါ့။
ဒါနဲ့ပဲ နွားလှည်းနဲ့မြို့တက်ပြီးကြွက်တွေကိုနှိမ်နင်းဖို့
ကြွက်ထောင်ချောက်သွားဝယ်ပါတယ်။
အဲဒီလိုတိုင်ပင်နေတာကို ကြက်ကကြားသွားတော့
ကြွက်တွေကို သွားပြီးသတင်းပေးပါတယ်။
" မင်းတို့ကြွက်တွေကို နှိမ်နင်းဖို့
ကြွက်ထောင်ချောက်သွားဝင်နေလေရဲ့။
မင်းတွေသတိထားကြပါ၊
တစ်အိမ်ထဲအတူနေကြလို့ စိုးရိမ်ပြီးသတိလာပေးတာပါ"
လို့ပြောတာပေါ့။
ကြွက်တွေထဲက ကြွက်ခေါင်းဆောင်က
" လာပြီးသတိလာပေးတာကို ကျေးဇူးတင်ပါတယ်။
တစ်ခုတော့ပြောချင်တယ်။
ကိုကြက်ကြီးလည်း သတိထားပါ"
ပြန်သတိပေးတော့ ကြက်က
" ဟ.ကြွက်ထောင်ချောက်နဲ့ကြက်နဲ့ဘာဆိုင်လို့လဲ"
ကြွက်ခေါင်းဆောင်က
"မဆိုင်ဘူးဆိုတာတော့ မရှိပါဘူးကိုကြက်ရာ၊
သတိထားဖို့သာ သတိပေးတာပါ "
လို့ပြန်ပြောလိုက်တယ်။
ကြက်က မကျေမနပ်နဲ့ပြန်လာတယ်။
တောင်သူဦးကြီးကလည်း မြို့ကကြွက်ထောင်ချောက်ဝယ်ပြီးပြန်လာတယ်။
ဒီတော့ ကိုနွားကြီးက စိုးရိမ်တာနဲ့ကြွက်တွေကို သတိပေးပြန်တယ်။
"ဟေ့ကြွက်တွေ သတိထားကြနော်၊
တို့ဦးကြီးကတော့ မင်းတို့ကို တော်တော့်ကို စိတ်ဆိုးနေတယ်။
ကြွက်ထောင်ချောက်လည်းဝယ်လာခဲ့ပြီ"
ကြွက်ခေါင်းဆောင်က
"လာပြီးသတိပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်ကိုနွားကြီးရာ၊
ဒါပေမယ့် ကိုနွားကြီးလည်း သတိထားပေါ့။"
နွားကြီးက
"ဟကောင်တွေရ။
ဒီကိစ္စက မီးဖိုချောင်မှာလုပ်မယ့်ကိစ္စ။
ငါက မင်းတို့မီးဖိုချောင်ကို ဘာလာလုပ်ရမှာလဲ
မင်းတို့ကို စိုးရိမ်လို့သတိပေးတာကို ငါ့ပြန်ပြီ
သတိပေးရတယ်လို့၊
ဒီကိစ္စ ငါနဲ့ဘာမှမဆိုင်ဘူး"
ကြွက်ခေါင်းဆောင်က
" စေတနာနဲ့ပြန်သတိပေးတာပါကိုနွားကြီးရာ။
မဆိုင်ဘူးဆိုတာမရှိပါဘူး။"
လို့ပြန်ပြောလိုက်သတဲ့။
ကြွက်ထောင်ချောက်ကိစ္စကို အိမ်ဘေးမှာနေတဲ့ကိုဝက်ကြီးကလည်းကြားပြန်တော့
မနေနိုင်ပဲ ကြွက်တွေကို သတိပေးပြန်တယ်။
ကြွက်ခေါင်းဆောင်က
"တကူးတက လာပြီးသတိပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။
ကိုဝက်ကြီးလည်း သတိထားပေါ့။
သတိရှိတာက အကောင်းဆုံးပဲမဟုတ်လား"
ကိုဝက်က
"ငါက အိမ်ပေါ်တောင်တက်တာမဟုတ်ဘူး။
မင်းတို့အတွက်ပြောတာ ငါ့ကိုလာပြီးသတိပေးမနေပါနဲ့
ဒီကိစ္စ ငါနဲ့မဆိုင်ပါဘူး။"
ကြွက်ခေါင်းဆောင်က
"မဆိုင်ဘူးဆိုတာတော့မရှိပါဘူး။
သတိရှိတာအကောင်းဆုံးမဟုတ်လား"
ကိုဝက်လည်း မကျေမနပ်နဲ့ပြန်လာခဲ့တယ်။
ဒါနဲ့ပဲ ညရောက်လာတယ်။
ထုံစံအတိုင်းပေါ့။ ကြွက်ဆိုတာက အစာကိုရှာစားမှစားရတာလေ။
ဘယ်သူကမှ လာကျွေးတာမှ မဟုတ်တာ။
ကြွက်ထောင်ချောက်ကလည်းထောင်ထားပြီ။
ညသန်းခေါင်ရောက်တော့ ကြွက်ထောင်ချောက်ဆီက အသံကြားရတယ်။
အိမ်ရှင်မကကြားတယ်။
"ဟေ့ကိုရွှေ၊ ကြွက်ထောင်ချောက်က အသံကြားတယ်။
ရှင်သွားကြည့်လိုက်ပါအုန်း"
ကိုရွှေသန်းကလည်း မိန်းမကိုကြောက်ရသူဆိုတော့
ဘာတစ်ခွန်းမှ ပြန်ပြောမနေတော့ပါဘူး။
အိပ်ချင်မူးတူးနဲ့ကြွက်ထောင်ချောက်ဆီကိုသွားတယ်။
အနားရောက်လို့ စူးကနဲ အကိုက်ခံလိုက်ရတော့မှ
ကြွက်ထောင်ချောက်မှာ မိနေတာ ကြွက်မဟုတ်ပဲ
မြွေဖြစ်နေတာကိုသိလိုက်ရတယ်။
မြွေက ကြွက်ဖမ်းစားဖို့တက်အလာမှာ
မြွေရဲ့အမြီးကထောင်ချောက်မှာမိနေတော့ နားလွန်းတာနဲ့
အနားလာတဲ့တောင်သူဦးကြီးကိုရွှေသန်းကို
ကိုက်လိုက်တာပဲ။
တောင်သူဦးကြီးကလည်းငါ ပိုးထိပြီးလို့အော်တော့
အိမ်သူအိမ်သားတွေကရောက်လာကြတယ်။
ပြီးတော့ မြွေကိုရိုက်သတ်လိုက်ကြတယ်။
ဆေးရုံကိုသွားဖို့ကလည်းဆေးရုံကမိုင်ပေါင်းများစွာ။
အချိန်ကလည်း ညသန်းခေါင်ကျော်။
ဒါနဲ့ရွာကလူတွေက ကြားဖူးနားဝ ဆေးမြီးတိုနဲ့ လုပ်ဖို့တိုက်တွန်းကြတယ်။
မြွေကိုက်ရင် အကောင်းဆုံးက ကြက်ကိုလည်လှီး၊အဲဒီသွေးကိုသောက်၊
အဲဒီကြက်ကိုမီးမြှိုက်၊အဲဒီအနံ့ကိုရှု၊ဆိုတာကြောင့် အိမ်ကကြက်ကိုပဲ
လုပ်လိုက်ကြတာပေါ့။
မဆိုင်ဘူးဆိုတဲ့ကြက်လည်းသေပြီ။
မရပါဘူး။ နောက်တစ်နေ့မိုးလင်းတော့
မြွေဆိပ်တက်ပြီး တောင်သူဦးရွှေသန်းဟာ သေပါရောလား။
ဆေးရုံကိုတောင်သွားခွင့်မရလိုက်ဘူး။
ရွာအသုဘဆိုတော့လည်း သက်ပျောက်ဆွမ်းကျွေးရတယ်။
ဒါနဲ့ပဲ ဆွမ်းချက်၊ ဆွေမျိုးတွေကိုကျွေးမွေးဖို့
ဆိုပြီး ဝက်ကိုသတ်လိုက်ရတယ်။
မဆိုင်ဘူးဆိုတဲ့ ဝက်လည်းသေပြန်ရောလား။
နောက် ရက်လည်ပြန်တော့ တစ်ရွာလုံးကိုကျွေးဖို့ဆိုပြီး
နွားကိုပါ သတ်လိုက်ရပြန်တယ်။
"ငါတို့နဲ့မဆိုင်ဘူး"
ဆိုတဲ့ ကြက်ရယ်၊ဝက်ရယ်၊နွားရယ်
နောက်ဆုံးတော့
အားလုံးဟာ ဆိုင်သွားပါတော့တယ်။

++++++++++++++++++++++++
ပုံပြင်လေးကတော့ ဒါပါပဲ။
ငါတို့နဲ့မဆိုင်ဘူးဆိုတာမရှိပါဘူးဆိုတာကို
အားလုံးကို သိစေချင်ပါတယ်။
တစ်ချိန်မဟုတ်တစ်ချိန်၊
တစ်နေရာမဟုတ်တစ်နေရာ၊
တစ်ကြောင်းမဟုတ်တစ်ကြောင်း၊
မှာတော့ ဆိုင်နေတတ်တာကို
ဒီပုံပြင်ကနေ သတိပေးချင်တာပါ။

ကျနော်တို့နဲ့တိုက်ရိုက်မဆိုင်တာတောင်
ကျနော်တို့ရဲ့သားသမီး၊မြေးမြစ်နဲ့ဆိုင်ရင်လည်း
ကျနော်တို့နဲ့ဆိုင်တာပါပဲခင်ဗျား။
ကျနော်တို့ရဲ့မြန်မာတွေ အများစုဟာ
ငါတို့နဲ့မဆိုင်ဘူးဆိုပြီး
ဘေးထွက်ထိုင်လိုက်တော့
အခုဘာဖြစ်လဲ?

အားလုံးဆင်းရဲတဲ့အထဲကိုယ်ပါ ပါသွားတာရော...
မဆိုင်ဘူးလား?
အားလုံးဥာဏ်နည်းတဲ့အထဲကိုယ်ပါ ပါသွားတာရော...
မဆိုင်ဘူးလား?
သဘာဝရင်းမြစ်တွေ ကုန်သွားတာရော....
မဆိုင်ဘူးလား?
ရာသီဥတုဖောက်ပြန်သွားတာရော....
မဆိုင်ဘူးလား?
........................................
မဆိုင်ဘူးလား?
........................................
မဆိုင်ဘူးလား?
........................................
မဆိုင်ဘူးလား?








" ယောကျာ်းတစ်ယောက်နဲ့အတူ..."



ကမ္ဘာကျော်စာရေးဆရာကြီး ဘားနတ်ရှောဟာ

လန်ဒန်က အထက်တန်းစားအမျိုးသမီးတစ်ဦးကို

ဒီလိုမေးပါတယ်။

“ ပေါင်စတာလင်တစ်သိန်းရမယ်ဆိုရင်

ကိုယ်မနှစ်သက်တဲ့ယောကျာ်းတစ်ယောက်နဲ့

ခင်ဗျား တစ်ည အတူအိပ်နိုင်ပါ့မလား”

“ သိပ်အိပ်နိုင်တာပေါ့ရှင်”

ဘားနတ်ရှောကထပ်မေးပါတယ်။

“ တစ်ပေါင်ထဲရမယ်ဆိုရင်ရော…”

“ခင်ဗျား ကျမကို ဘယ်လိုအတန်းအစား

အောက်မေ့လို့လဲ”

ဘားနတ်ရှောပြန်ပြောလိုက်တာက…

“ခင်ဗျားကို ကျနော်နားလည်ပါတယ်။

ကျနော်က အနိမ့်ဆုံးဈေးနှုန်းကို သိချင်လို့မေးတာပါ”

+++++++++++++++++++++++++

ငွေအနည်းအများဟာ အရည်အတွက်ပါပဲ။

ငွေနဲ့ခန္ဓာကိုယ်ကိုလဲလှယ်တာဟာ

တန်ဖိုးဘယ်လောက်နဲ့လဲလဲ

တကယ်တော့ပြည့်တန်ဆာအလုပ်ပါပဲ။

အရည်အချင်းကတော့

ပြည့်တန်ဆာစိတ်မွေးရင်

ဘုရင်မဖြစ်ဖြစ်

မိဖုရားဖြစ်ဖြစ်

ပြည့်တန်ဆာပါပဲ။

ဒါကိုဘားနတ်ရှောကသိချင်လို့မေးလိုက်တယ်လို့ထင်မိပါတယ်။


လူသားတိုင်း ကျန်းမာကြပါစေ... လူသားတိုင်း ချမ်းသာကြပါစေ...
ခန္ဓာကိုယ်ကို လေ့ကျင့်ခန်းနဲ့စောင့်ရှောက်ပါ။ စိတ်ကို စာဖတ်ခြင်းနဲ့စောင့်ရှောက်ပါ။...

နူတ်ဆက်စကားလေးများ.....

မြန်မာတို့ရဲ့ ဘလော့ဂ်များ...

picoodle.com