Friday, April 1, 2011

" ငါ စွဲပြုတ်ပြီ..."


တစ်ခါတုန်းက
တရားအားထုတ်တဲ့ယောဂီတစ်ဦးဖြစ်တဲ့ ဦးစိန်သန်းဟာ
တရားစခမ်းက ထွက်ပြီး အိမ်ပြန်သွားပါတယ်။
တရားစခမ်းက ဆရာတော်ဘုန်းကြီးက
" ငါ မဟုတ်ဘူး၊
သူ မဟုတ်ဘူး၊
ပုဂ္ဂိုလ် သတ္တဝါ၊
ယောကျာ်း၊မိန်းမမဟုတ်ဘူး "
လို့ အမြဲဟောပြောနေတော့
ဦးစိန်သန်းဟာ အတော်လေး နားစွဲသွားတယ်။

အိမ်ရောက်တော့ သားသမီးတွေက ဝမ်းသာအားရ ကြိုဆိုကြတယ်။
ထမင်းဟင်း ခူးခပ်ကျွေးမွေးကြတော့ သူက ခပ်တည်တည်ကြီး လုပ်နေတယ်။
သားသမီးတွေက ထမင်းဝိုင်းထဲ အတင်း လက်ဆွဲခေါ်ပြီး၊
"အဖေ စားလေ၊
အဖေ စားလေ"
လို့ ပြောကြတော့
သူ့မှာ ပြန်ပြောဖို့ ခက်နေတယ်။

"ငါ မဟုတ်ဘူး၊ သူမဟုတ်ဘူး"
ဆိုတော့ ဘယ်လို စကားပြန်ရမလဲ၊
ဘယ်လို စကားပြန်ပြောရမလဲလို့ စဉ်းစားနေတာပေါ့။

နောက်မှ အကြံရပြီး ဝမ်းသာအားရနဲ့
ဒကာကြီး ဦးစိန်သန်းက
သားသမီးတွေကို ပြန်ပြောလိုက်တာက...


"ကျနော် မဆာသေးလို့ပါ"
တဲ့။

" ပေါင်းစပ်တတ်ရင် လှပ..."




တစ်ခါတုန်းက မွန်ပြည်နယ်ကရွာတစ်ရွာမှာ
အမြဲ မေတ္တာပွားနေတဲ့ ဆရာတော်တစ်ပါး ရှိပါတယ်။
တစ်နေ့မှာတော့ ဆရာတော်ရယ်၊ ကျောင်းက ကပ္ပိယဖိုးသူတော်ကြီးရယ်၊
ရွာထဲကို ထုံးစံအတိုင်း ဆွမ်းခံကြွလာပါတယ်။
ဆရာတော်က ကျောင်းကထွက်လာကတည်းက မေတ္တာပွားလာတာပါ။
ရွာထဲမရောက်ခင် လယ်ကွင်းကို ဖြတ်တော့ ကျွဲတစ်ကောင်က
ဆရာတော်ဆီကို ပြေးလာပါတယ်။
ဆရာတော်ကတော့ သူ့ဆီကို ပြေးလာနေတဲ့ ကျွဲကြီးကို အာရုံပြုပြီး
" ကျွဲကြီး ကျန်းမာပါစေ"
" ကျွဲကြီး ချမ်းသာပါစေ"
ဆိုပြီးတော့ မေတ္တာပဲ ပို့ပေးနေပါတယ်။
ကျွဲကြီးက နီးသထက် နီးလာနေပါတယ်။
ဆရာတော်ကတော့ မေတ္တာပို့နေတုန်းပါ။
ရှေ့နှစ်လှမ်း၊သုံးလှမ်းအကွာလောက်လည်း ရောက်ရော
ကပ္ပိယဖိုးသူတော်ကြီးက ပါလာတဲ့ တောင်ဝှေးနဲ့
ပြေးလာတဲ့ ကျွဲကြီးခေါင်းကို အားရပါးရ ရိုက်ထည့်လိုက်ပါတယ်။
ကျွဲကြီးလည်း နာလွန်းတာကြောင့်
နောက်ပြန်လှည့်ပြေးပါတော့တယ်။
ဒီတော့ ဆရာတော်က
" ဖိုးသူတော်ကြီးရယ်...
ငါ့မေတ္တာထက် နင့်တောင်ဝှေးက ပိုပြီးအစွမ်းထက်နေပါလား "လို့
ပြန်ပြောလိုက်ပါတယ်။

မေတ္တာမှာ ပွားမေတ္တာ နဲ့ထားမေတ္တာဆိုပြီး နှစ်မျိုးရှိပါတယ်။
နှစ်မျိုးစလုံးရှိပါမှ လည်း အကျိုးများပါတယ်။
မနောကံအနေနဲ့ ပွားမေတ္တာရုံနဲ့ မလုံလောက်ပါဘူး။
ကာယကံနဲ့ ဝစီကံမြောက် ထားမေတ္တာနဲ့ပေါင်းလိုက်မှသာ
အစွမ်းထက်တဲ့မေတ္တာဖြစ်ကြောင်းကို ပြောချင်တာပါ။
ပေါင်းစပ်တတ်ရင် လှပလာတတ်ပါတယ်။

တစ်ရံတစ်ခါမှာတော့ ပုံပြင်တစ်ခုက ပြောချင်တဲ့အကြောင်းအရာကို
ပိုပြီးထင်ရှားစေတာမို့ ပေါင်းစပ်ပြောလိုက်မိတာပါ။
ပေါင်းစပ်တတ်ရင် လှပလာတတ်စမြဲပါ။



လူသားတိုင်း ကျန်းမာကြပါစေ... လူသားတိုင်း ချမ်းသာကြပါစေ...
ခန္ဓာကိုယ်ကို လေ့ကျင့်ခန်းနဲ့စောင့်ရှောက်ပါ။ စိတ်ကို စာဖတ်ခြင်းနဲ့စောင့်ရှောက်ပါ။...

နူတ်ဆက်စကားလေးများ.....

မြန်မာတို့ရဲ့ ဘလော့ဂ်များ...

picoodle.com