Tuesday, October 5, 2010

*ဆေးဖြစ်သွားသောအဆိပ်များ*




*ဆိုရိုးစကား
အနာသိဆေးရှိတဲ့၊
ဆေးမရှိဘဲ အနာသိနေတော့
၂၆ နာရီ
တစ်ရက်များလားကွယ်။ ။

*ကုန်ဆုံးခဲ့ဘ၀တွေ
တိပ်ခွေလို နောက်ပြန်လှဲလို့ ရပါသလား
အချိန်တွေ....
လျှော့ဈေးနဲ့ ရောင်းခဲ့ရ
တိုးတက်နေတဲ့ ကမ္ဘာကြီးရေ
အင်တာနက်ဆိုတာ ဘာလဲဟင်။ ။

*တံခါးခေါက်သံကြားမှ
စုံလုံးကန်းသူအဖို့
ကိုယ်လုံးပေါ်မှန်တစ်ချပ်ဟာ
သီလရှင်နဲ့ ဘီးလို
လှေပေါ်ရောက်မှ
ကိုယ်မဖေါ့ကြပါနဲ့ တော့။ ။

*ဖျားနာနေတဲ့ ရုပ်ကြီးဟာ
နာတာရှည်ရောဂါသည်ပုံနဲ့
ဘုံးဘုံးလဲကျမသွားခင်
ဆေးဝါးကုသဖို့
အမြန်လိုအပ်ပါတယ်။ ။

*အပြုံးတုအောက်က
လက်ဆွဲနှုတ်ဆက်မှုဟာ
ဆားမပါတဲ့ ဟင်းဖြစ်စေတော့
သွေးတိုးရောဂါအတွက်
အလွန်အသုံးဝင်လိမ့်မယ်။ ။

..............................................

စိမ်းထိုက်သူ...(မော်ကျွန်း)
(
03/25/99)

“ ငါဟာ ဘယ်သူလဲ….? ”



ငါဟာ ကြီးမားတဲ့ အဓိပ္ပာယ်ရှိတဲ့ သေးမွှားတဲ့ အရာဖြစ်ပါတယ်။

ငါဟာ လူတိုင်းကို ကူညီပါတယ်။

ငါဟာ တံခါးကို ဖွင့်တယ်။

နှလုံးသားကို ဖွင့်ပါတယ်။

ဘက်လိုက်မှုများကို ပပျောက်စေပါတယ်။

ငါဟာ မိတ်ဆွေဖွဲ့ပြီး စိတ်ကောင်းမွေးပါတယ်။

ငါဟာ ချီးကျူးလေးစားထိုက်အောင် ကျင့်ကြံနေထိုင်ပါတယ်။

ငါဟာ ဥပဒေကို မချိုးဖောက်ပါ။

ငါ့အတွက် ဘာမှ အကုန်အကျ မရှိပါ။

အများက ငါ့ကို ချီးကျူးပါတယ်။

ဘယ်သူကမှ ငါ့ကို မပစ်ပယ်ပါ။

နိမ့်မြင့်မဟူ၊ အားလုံးက ငါ့ကို ကြည်ဖြူကြပါတယ်။

ငါဟာ အချိန်တိုင်းတွင် အသုံးကျပါတယ်။

ငါဟာ ဘယ်သူလဲသိတယ်မဟုတ်လား။


ငါဟာ

ယဉ်ကျေးသိမ်မွေ့ခြင်း

ပင်ဖြစ်ပါတယ်းးးးးးးး

* အသက်ဝင်တာလား၊ အသက်ငင်တာလား *





*ကချင်ပြည်နယ်၊
ဖါးကန့် အတွင်း၊
မြို့ မကျ၊ တောမက
ကတ္တရာပါးပါးနဲ့
ဆိပ်မူ ဆိုတဲ့အရပ်ကလေး။ ။

* နေရာတိုင်းမှာ
ကာရာအိုကေ၊
ဗြူတီပါလာ
နောက်ပြီး...
အရောင်စုံဆိုးထားတဲ့ နူတ်ခမ်းများ။ ။

*လမ်းပေါ်မှာတော့
တံဆိပ်မျိုးစုံနဲ့
နောက်ဆုံးပေါ်ကားများ
နှိုက်.......ဖိနပ်များ၊
ပွိုင့်.........ဖိနပ်များ၊
ဒေါက်......ဖိနပ်များ၊
ဖိနပ်များ.....ဖိနပ်များ။ ။

*ရတနာနယ်မြေ၊
ကျောက်စိမ်းထွက်ရာဒေသ
ငွေပမာဏ ဆိုတာ
ရာဘရိတ်၊ ထောင်ဘရိတ်
ဘရိတ်တွေကြားက
အိပ်ပြားချပ်နေသူများ။ ။

*လောပန်း၊ တာကော
တာကော၊ လောပန်း
လန့် ဆွေး လု
ပဲဆွေး လု
ဆွေးလုတွေကြားက
ပိန်းဥ၊ ၀ဥ နဲ့ အသက်လု နေရသူများ။ ။

*ထူးခြားနေတာက
မျက်စိတစ်မှိတ်
လျှပ်တစ်ပျက်မှာ
အဆိုး၊အကောင်း
အဟောင်း.....အသစ်
ဖြစ်ချင်ရာဖြစ်နိုင်တဲ့အရပ်ကလေးပေါ့။ ။
....................................................................

*( ရာဘရိတ်=သိန်းတစ်ရာ၊
ထောင်ဘရိတ်=သိန်းတစ်ထောင်
လောပန်း=သူဌေး
တာကော=အကိုကြီး
လန့်ဆွေးလု= ကျောက်စိမ်း...အပြာဘက်သန်းတဲ့အကောင်းဆုံးအရည်
ပဲဆွေးလု= အစိမ်းဘက်သန်းတဲ့ အကောင်းဆုံးအရည် )
............................................................................

(2000 ခုနှစ်ဝန်းကျင်က...ဖါးကန့်မြင်ကွင်း)

..............................................................................

စိမ်းထိုက်သူ (မော်ကျွန်း)
(02/24//2000)



“ ဘာမှ မသုံးစွဲသမျှ ကာလပတ်လုံး.....”




မလိုတမာစိတ်၊

ချောက်ချချင်တဲ့စိတ်နဲ့

အိုင်စတိုင်း ကိုဝိုင်းမေးကြတယ်။

“ ဆရာကြီး၊ ဆရာကြီးရဲ့ဖေါ်မြူလာအရ
အလွန်သေးငယ်တဲ့ ဘယ်ဝတ္တုမှာမဆို

ကြီးမားတဲ့ စွမ်းအားကိန်းအောင်းနေတယ်ဆိုရင်

အဲဒီ စွမ်းအားကို ဘာဖြစ်လို့ ဘယ်သူမှ သတိမထားမိတာလဲဟင် ”


အိုင်စတိုင်းကချက်ချင်းပြန်ဖြေလိုက်ပါတယ်။

“ရှင်းရှင်းလေးပဲ၊
အဲဒီစွမ်းအင် အပြင်ကို မထွက်လာမချင်း မမြင်နိုင်ဘူးလေ၊
ဥပမာအားဖြင့်....
လူတစ်ယောက်ဟာ မယုံကြည်နိုင်လောက်အောင် ချမ်းသာနေတယ်။

ဒါပေမယ့် သူ ဘာမှ မသုံးစွဲသမျှ ကာလပတ်လုံး

သူချမ်းသာတယ်ဆိုတာကို ကျနော်တို့ မသိနိုင်ဘူး။ ”


“ စပါးနှံတွေကိုကြည့်လိုက်ပါ...”




မောက်မာပြီး မာနကြီးတဲ့ရှေ့နေကြီးတစ်ဦးဟာ
သူမိတ်ဆွေလယ်သမားအဖိုးကြီးတစ်ဦးကို


`ခင်ဗျားက ခေါင်းကို ကျနော့်လို
ဘာဖြစ်လို့ မတ်မတ်မထောင်ထားသလဲ´
လို့ မေးပါတယ်။


ကျနော်ကတော့ ဘယ်သူရှေ့မှာမှ
ခေါင်းကိုမညွတ်ဘူးလို့ သူသဘောထားကို
ရှေ့နေကပွင့်ပွင့်လင်းလင်းထုတ်ပြောလိုက်ပါတယ်။

လယ်သမားကြီးက ပြန်ပြောလိုက်တာက

` မှန်ပါတယ်၊ ရှေ့နေကြီးခင်ဗျာ၊
လယ်ကွက်ထဲက စပါးနှံတွေကိုကြည့်လိုက်ပါ။
အဆန်မပါ၊ ဗလာကျင်းတဲ့ စပါးနှံတွေကတော့
မတ်မတ်ထောင်နေကြပါတယ်။
အဆန်တွေအပြည့်ပါတဲ့စပါးနှံတွေ၊
မျိုးအောင်တဲ့ စပါးနှံတွေကတော့ ကိုင်းညွတ်နေကြပါတယ်ခင်ဗျာ...'

လို့ပြန်ပြောလိုက်ပါတယ်။


“ နေရောင်ခြည်ကို ဖမ်းနိုင်သူ….”

-->
ကလေးမလေးတစ်ဦးဟာ လန်ဒန်ရှိ ပျံကျရပ်ကွက်တစ်ခုအတွင်း
မှောင်မိုက်တဲ့ လမ်းကျဉ်းကလေးတစ်ခုတွင် နေထိုင်ပါတယ်။
ဒါပေမယ့် ပန်းအလှပြိုင်ပွဲ တွင်
သူမဟာ ပထမဆု ဆွတ်ခူးခဲ့ပါတယ်။
ဆုရွေးချယ်ရေးအဖွဲ့ဝင်လူကြီးများက ပထမဆုရသွားတဲ့ ကလေးမလေးကို
ဒီလောက် မှောင်မိုက်ပြီး နေရောင်ရဖို့ ခက်ခဲတဲ့နေရာမှာ
သမီးစိုက်ခဲ့တဲ့ ပန်းပင် ဘယ်လိုရှင်သန်နေတာလဲ
လို့မေးကြပါတယ်။
ကလေးမလေးက သူမရဲ့ လျှို့ဝှက်ချက်ကို ရှင်းပြပါတယ်။
ကျူမနေတဲ့လမ်းထဲကို နေရောင်တန်းလေးစဝင်လာနဲ့
တစ်ပြိုင်နက် ပန်းအိုးကို အဲဒီနေရောင်တန်းတည့်တည့်တွင်
ရွှေ့ပြောင်းပြီး ချထားလိုက်ပါတယ်။
နေရောင်ခြည်တန်းသွားတဲ့လမ်းကြောင်းအတိုင်း ပန်းအိုးကို လိုက်ရွှေ့ပေးပါတယ်။
ဒီနည်းနဲ့ ကျမ စိုက်ထားတဲ့ ပန်းအိုးဟာ တစ်နေ့တာလုံး နေရောင်ကို ရနေပါတော့တယ်။
လို့ပြောပြပါတယ်။

“ လျှာ နဲ့သွား….”



ပညာရှင်တစ်ဦးက

ပျော့ပျောင်းမှုဟာ စွမ်းအားဖြစ်တယ်

လို့ မိတ်ဆွေကို ပြောပြပါတယ်။

ပညာရှင်က သူရဲ့ပါးစပ်ကို ဟပြပါတယ်။

သူ့မှာ သွားတွေရှိသေးလား

လို့ မိတ်ဆွေကို မေးလိုက်ပါတယ်။

မိတ်ဆွေက

သွားတွေ မရှိတော့ပါ

လို့ပြန်ဖြေပါတယ်။

ပညာရှင်ကထပ်မေးလိုက်ပါတယ်။

လျှာကောရှိသေးလား

မိတ်ဆွေက

လျှာတော့ ရှိနေပါတယ်

လို့ဖြေလိုက်ပါတယ်။


အဲဒါသာကြည့်ပါတော့ မိတ်ဆွေ၊

လျှာဟာ သွားထက်ရပ်တည်နိုင်စွမ်းရှိပါတယ်။

လျှာက လိပ်နိုင်တယ်။

အထက်လှန်၊အောက်စိုက်၊ ဘေးထိုးအမျိုးမျိုးလုပ်နိုင်ပါတယ်။

လမ်းမှာ အခက်အခဲတွေ့ရင်လည်း ကျော်လွှားနိုင်ပါတယ်။

လျှာကဘယ်တော့မှ သွားကို မကိုက်ပါဘူး။ ”

လို့ ပညာရှင်ကြီးက ရှင်းပြလိုက်ပါတယ်။

လူသားတိုင်း ကျန်းမာကြပါစေ... လူသားတိုင်း ချမ်းသာကြပါစေ...
ခန္ဓာကိုယ်ကို လေ့ကျင့်ခန်းနဲ့စောင့်ရှောက်ပါ။ စိတ်ကို စာဖတ်ခြင်းနဲ့စောင့်ရှောက်ပါ။...

နူတ်ဆက်စကားလေးများ.....

မြန်မာတို့ရဲ့ ဘလော့ဂ်များ...

picoodle.com