Saturday, October 24, 2009

ငါနဲ့ မတူ… ငါ့ရန်သူ…



တစ်ခါတုန်းက တောအုပ်တစ်အုပ်ထဲက ဂူကြီးတစ်ဂူထဲမှာ
လူခြောက်ယောက်ဟာ မီးဖိုဘေးမှာမီးလှုံရင်း ဝိုင်းထိုင်နေကြတယ်။
သူတို့ရဲ့လက်ထဲမှာ ထင်းချောင်း တစ်ချောင်းစီ ကိုင်ထားကြလေရဲ့။
(ဆောင်းညကို လွန်မြောက်ဖို့ လုံလောက်နိုင်ပါတယ်။)
အချိန်ကာလက ည၊ ဆောင်းည တစ်ညဖြစ်တယ်။
အေးလိုက်တာ အရိုးကွဲမတတ်ပါပဲ။
မီးဖိုလေးရဲ့ နောက်ဆုံးမီးညွန့်ဟာ အားနည်းသထက်နည်းလာနေပြီ။
မှိတ်တုတ် မှိတ်တုတ်နဲ့ ကတုန်ကရင်လဲကျသွားပါကော!။
မီးဖိုကထင်း ဆာနေပြီလေ။
ပထမလူက
သူနဲ့မျက်နှာချင်းဆိုင်က လူကိုကြည့်လိုက်တယ်။
“ဟင်- ငမည်းကောင်ပါလား!
ဒီလို လူမည်းကောင်နဲ့ မျက်နှာချင်းဆိုင်ရတာ ကျက်သရေယုတ်လိုက်တာ” ဟု
တွေးရင်းက မီးဖိုကို ကျောပေးလိုက်တယ်။
လက်ထဲက ထင်းကို တင်းတင်းဆုပ်လို့ပေါ့။
ဒုတိယလူ
အာဖရိက အမျိုးသားကြီးကလည်း
ဒေါသတကြီးနဲ့ တောက်ခေါက်လိုက်တယ်။
“တို့ကို တစ်သက်လုံး ဒုက္ခပေးလာတဲ့ မျက်နှာဖြူ-ဟင်း “
သူလည်းထင်းချောင်းကိုဆုပ်ပြီး မီးဖိုကို ကျောခိုင်းလိုက်ပြန်တယ်။
တတိယလူ ကသူဌေး၊
သူ့မျက်နှာချင်းဆိုင်က အဝတ်အစား စုတ်စုတ်ပြတ်ပြတ်နဲ့
လူကိုမသင်္ကာသလို ကြည့်နေလေရဲ့။
“ဒီကောင် ငါ့ဆီက ဘာများလုမလို့ မသိဘူး” …ဟု
တွေးရင်းက ထင်းချောင်းကို
ကုတ်အင်္ကျီနဲ့ ဆွဲဖုံးလိုက်တယ်။
စတုတ္ထလူ
ဆင်းရဲသားက မျက်ထောင့်နီကြီးနဲ့
“ဒီလူမလိုင်တွေဟာ ထောင့်ကိုမကျိုးဘူး။
ဟင်း…မရှိခိုးနိုး၊ လူကိုများ အထင်သေးလိုက်တာ”။
ထင်းချောင်းကြီးကို ဒေါသတကြီး ရိုက်ချိုးလိုက်တယ်။
ပဉ္စမလူ နဲ့ ဆဌမလူ ဟာ
တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ရင်း
စိတ်ထဲက ခုလိုပြောနေကြတယ်။
“ငါ့နှယ်နော်….မိစ္ဆာဒိဋ္ဌိနဲ့ မျက်နှာချင်းလာဆိုင်နေရပါလား”။
သူတို့နှစ်ယောက်က ကိုးကွယ်တဲ့ဘာသာချင်း မတူကြဘူးလေ။
သူတို့လည်း လက်ထဲကထင်းကို မေ့နေကြဟန် တူပါရဲ့။
နောက်တစ်နေ့ မနက်မှာ
အေးခဲနေတဲ့ အလောင်းခြောက်လောင်းကို တွေ့လိုက်ရပါတယ်။
သူတို့တတွေ အအေးမိ သေကြတာလား။
ဒါမှမဟုတ် ရင်ထဲက ဒေါသ ကြောင့် နှလုံးသွေးရပ်ပြီး သေကြတာလား…။
စဉ်းစားစရာပါ။
ကဲ ဘယ်သူတွေက အကျိုးရှိသွားသလဲ!
ဘယ်သူမှ အကျိုးမရှိကြပါဘူးဆိုတာ
အလောင်းခြောက်လောင်းကို ကြည့်ပြီ ပြောနိုင်ပါတယ်။
အကျိုးမရှိပါပဲ ဘာကြောင့် ဒါတွေကို လုပ်ကြသလဲ!
ဒေါသစိတ်ကြောင့်၊
လောဘစိတ်ကြောင်၊
မောဟစိတ်ကြောင်၊့
မာနစိတ်ကြောင့်၊
‘အာဃာတ ‘ဆိုတဲ့အမုန်းတရားတွေကြောင့်၊
‘ဂိုဏ်ဂဏစိတ'်ဆိုတဲ့ အုပ်စုအစွဲတွေကြောင့်၊
လူတွေဟာ ကိုယ့်ကို ကိုယ် သတ်နေကြလေရဲ့။

ကဲ…...အဲဒီအထဲမှာ လူကြီးမင်း မပါဘူးလို့ထင်ပါတယ်။
ဟာ.…ပါတယ်ဆိုရင်လည်း တစ်ခုလောက်ပြောချင်ပါတယ်။
“အခြေအနေတွေ ဘယ်လောက်ပဲဆိုးဆိုး၊
ပြဿနာတွေ ဘယ်လောက်ပဲ တက်တက်၊
ပဋိပက္ခတွေ ဘယ်လောက်ပဲကြီးကြီး၊
အတိတ်ကို သင်ပုန်းချေပြီး၊
ကျေအေးတဲ့အလုပ်ဟာ ဘယ်တော့မှ နောက်မကျပါဘူး”
လို့ပြောလိုက်ချင်ပါရဲ့…။ ။

သစ်တစ်ပင်ကောင်း.....ငှက်တစ်သောင်းမကနား....



တစ်ခါတုန်းက အသက်(၁၂)နှစ်အရွယ် ကောင်လေးတစ်ယောက်ဟာ

တံဆိပ်ခေါင်းစုဖို့ ဝါသနာပါတယ်။

မိဘဆီမှာ လက်ဖြန့်မတောင်းချင်ဘူး။

ကိုယ့်အားကိုယ်ကိုးချင်တယ်။

ဒါကြောင့် တရုတ်စားသောက်ဆိုင် တစ်ဆိုင်ကို သွားပြီး

ပန်းကန်ဆေးတဲ့ အလုပ်ကိုမရှက်မကြောက်လုပ်ခဲ့တယ်။

အဲဒီက ရတဲ့ငွေ နဲ့ တံဆိပ်ခေါင်းဝယ်တယ်။ စုတယ်။

နောင် နှစ်အနည်းငယ်ကြာတော့ တံဆိပ်ခေါင်း လေလံတင်တဲ့ လုပ်ငန်းကို စ တင်ခဲ့တယ်။

အဲဒီကောင်လေး အသက်(၁၆)နှစ်ရှိလာတော့

သတင်းစာတစ်စောင်ကို ကော်မရှင်ယူပြီး ရောင်းခဲ့ပြန်တယ်။

သတင်းစာရောင်းလို့ရတဲ့ ငွေနဲ့ကွန်ပျူတာ၊ ကားနဲ့စတီရီယို ကက်ဆက်တို့ စတဲ့ သူလိုချင်သမျှပစ္စည်းတွေကို သူ့ငွေနဲ့သူ ဝယ်လာနိုင်ပါတယ်။

အသက်(၁၉)နှစ်မှာ တက္ကသိုလ် ရောက်နေပြီ။

အဲဒီအချိန်မှာ သူ့အဆောင် အခန်းကနေကွန်ပျူတာတွေ ထုတ်ရောင်းနေပြီ။

သူ့မိဘများက သားကို စီးပွားရေး သိပ်မလုပ်နဲ့၊

တက္ကသိုလ်ကို ဆက်တက်ပါ လို့ တိုက်တွန်းပေမဲ့

သူကတော့ ကျောင်းထွက်ပြီး စီပွားရေးလောကထဲ ခြေစုံပစ်ဝင်ခဲ့ပါတယ်။

အဲဒီအချိန်မှာ သူ့လက်ထဲမှာလည်း ဒေါ်လာငွေ တစ်ထောင်လောက်ပဲရှိပါတယ်။

မိုက်ကယ်ဒဲလ်က ကွန်ပျူတာနဲ့ပက်သက်တဲ့ စာစောင်၊မဂ္ဂဇင်းတွေကို ကြိုးစားပြီးလေ့လာပါတယ်။နည်းလမ်းမျိုးစုံ စမ်းသပ်တယ်။

မိုက်ကယ်ဒဲလ်က

“ကျနော်တို့ လုပ်ငန်းမှာ အကောင်းဆုံးနဲ့ အားအသာဆုံး အချက်ကတော့

ကျနော်တို့က သတင်းကို ချက်ချင်း ရတာပါပဲ၊

ကျနော်တို့က ဝယ်သူတွေဆီက

နေ့စဉ်နေ့တိုင်း သတင်းတွေ အမြဲတမ်းယူနေတာပါ။


”မိုက်ကယ်ဒဲလ်က ”

“အခက်အခဲတွေ ဘယ်လိုတွေ့တွေ့

ကျနော်တို့ ကုမ္ပဏီအနေနဲ့ မှန်တာ၊ သင့်လျော်တာကိုပဲ လုပ်မယ်၊

ပစ္စည်းဝယ်တဲ့သူတွေဟာ စိတ်ချမ်းသာစေရမယ်ဆိုတဲ့မူကိုတော့

အပျက်မခံပါဘူး” ဆိုတဲ့ ခံယူချက်နဲ့ ကြိုးစားခဲ့ပါတယ်။

အဲဒီလိုနဲ့ သူ့အသက်(၃၅)နှစ်အရွယ် ရောက်လာတဲ့အခါမှာတော့

သူ့နာမည်နဲ့ နိုင်ငံတကာ ကွန်ပျူတာကော်ပိုရေးရှင်းကြီးကို ပိုင်ဆိုင်လာပြီး ဒေါ်လာဘီလီယံပေါင်းများစွာကြွယ်ဝချမ်းသာလာတဲ့ ပုဂ္ဂိုလ်တစ်ဦးဖြစ်လာပါတယ်။

သူ့နာမည်ကတော့ မိုက်ကယ် အက်စ် ဒဲလ် (Michael S. Dell) ဖြစ်ပါတယ်။

အသက်(၄၀) မပြည့်ခင်မှာပဲ သူ့ရဲ့ DELL ကုမ္ပဏီမှာ ဥက္ကဌအဖြစ်ရော၊

အမှုဆောင်အရာရှိချုပ် (CEO) အဖြစ်ပါ တာဝန်ယူထားပါတယ်။

အခုဆိုရင် DELL ကုမ္ပဏီ ရဲ့ တစ်နေ့ကို ပျမ်းမျှခြင်းရောင်းရတဲ့

တန်ဖိုးက ဒေါ်လာ သန်း (၅၀)ဖိုးလောက် ရှိပါတယ်။

DELL ကုမ္ပဏီဟာ နိုင်ငံပေါင်း (၁၇၀)ကျော်မှာ

ဝန်ထမ်းပေါင်း သုံးသောင်း သုံးထောင်ကျော်နဲ့ လှုပ်ရှားလည်ပတ်နေပါပြီ။

ကြီးပွားချင်တဲ့ လူများအတွက် သူပေးလိုက်တဲ့ အကြံ ဥာဏ် ကတော့

“ပထမအချက်အနေနဲ့ပြောရရင်

စီးပွားရေးလုပ်ငန်းတစ်ခုကို စတင်တော့မယ်ဆိုရင် လူတကာ လုပ်နေတာပဲ၊

သူတို့လည်း ပိုက်ဆံရတာပဲ၊

ငါလည်း ရအောင်လုပ်ကြည့်ဦးမှပဲဆိုပြီး မလုပ်ပါနဲ့။


လုပ်ငန်းတစ်ခု စချင်ရင် ကိုယ်က ဒီအလုပ်ကို နှစ်သက်တယ်ဆိုမှ လုပ်ပါ။


ပြီးတော့

ဒါကို လုပ်ဖို့ကိုယ်ကလည်း ဆန္ဒပြင်းပြနေတယ်ဆိုမှ လုပ်ပါ။

ကိုယ်လုပ်မယ့်လုပ်ငန်းက တခြားဘယ်သူနဲ့မှ မတူဘူး၊

ကိုယ်က သူများထက်သာအောင် လုပ်နိုင်မယ်ဆိုရင်လည်း လုပ်ပါ။

နောက်ပြီးတော့

ကိုယ် သိပ်ကိုလုပ်ချင်တဲ့ လုပ်ငန်းက လူ့အဖွဲ့အစည်း အတွက် အတော်ကြာကြာ အကျိုးပေးမယ့် လုပ်ငန်းမျိုးဆိုရင်လည်း လုပ်ပါ”


မြန်မာလူငယ်တိုင်း ကိုယ့်အားကိုယ်ကိုးပြီး တိုးတက်နိုင်ကြပါစေ။

လူသားတိုင်း ကျန်းမာကြပါစေ... လူသားတိုင်း ချမ်းသာကြပါစေ...
ခန္ဓာကိုယ်ကို လေ့ကျင့်ခန်းနဲ့စောင့်ရှောက်ပါ။ စိတ်ကို စာဖတ်ခြင်းနဲ့စောင့်ရှောက်ပါ။...

နူတ်ဆက်စကားလေးများ.....

မြန်မာတို့ရဲ့ ဘလော့ဂ်များ...

picoodle.com