Saturday, November 21, 2009

ဥာဏ်ရှိမှ...မေတ္တာရှိတယ်...


ကိုယ့်မှာ ကောင်းတဲ့ ဂုဏ်၊ ကောင်းတဲ့အရည်အချင်းတွေ များများလိုချင်ရင် သူများရဲ့ကောင်းတဲ့ဂုဏ်၊ကောင်းတဲ့အရည်အချင်းတွေကို များများမြင်အောင်
ကြည့်ပြီးတော့ စိတ်ထဲက လှိုက်လှိုက်လှဲလှဲ ချီးမွမ်းပါ။
အဲဒါ အင်မတန်အရေးကြီးတဲ့အချက်ပါပဲ။

အောင်မြင်ချင်တယ်၊ ကြီးပွားချင်တယ်
ဆိုရင် သူတစ်ပါးရဲ့ကောင်းတဲ့ ဂုဏ်တွေကို ကြည့်ပါ။
အသိအမှတ်ပြုပါ။

သူများမှာ ရှိနေတဲ့၊ ကောင်းတဲ့ဂုဏ်ကို ကိုယ်ကတန်ဖိုးမထားနိုင်ရင်၊
အသိအမှတ်မပြုနိုင်ရင် အဲဒီဂုဏ်မျိုး၊
အဲဒီလို အရည်အချင်းမျိုး ကိုယ့်မှာ မရနိုင်တော့ဘူး။
ကိုယ်လမ်း ကိုယ်ပိတ်လိုက်တာပါပဲ။

သူများအပြစ်ကို များများတွေးလေလေ၊ ကိုယ့်ဘဝမတိုးတက်လေလေပါပဲ။
မနာလိုတဲ့စိတ်နဲ့ သူများအကြောင်းကို များများတွေး၊
သူများအပြစ်ကို ပဲ စိတ်ဝင်စားနေရင်
ကိုယ်လုပ်သင့်တာကို
ကိုယ်မလုပ်ဖြစ်တော့ဘူး။

သူတစ်ပါးကို မုန်းတီးနေတဲ့သူ၊ အပြစ်တင်နေတဲ့သူဟာ အောင်မြင်တဲ့သူမဖြစ်နိုင်ဘူး။
ဘဝဟာ အင်မတန်တိုတောင်းပါတယ်။
သူများမကောင်းကြောင်းတွေ ထိုင်တွေးနေဖို့အချိန်မရှိပါဘူး။


မြင့်မြတ်တဲ့ဘက်ကို ဦးတည်ပြီးသွားနေတာဟာ
ပျော်စရာအကောင်းဆုံး၊
ကျေနပ်စရာအကောင်းဆုံးပါ။
ဒီလို အကြောင်းအရာတွေကို ငယ်ငယ်ကတည်းက သဘောပေါက်နိုင်ရင်
ကိုယ့်ဘဝဟာ ပိုပြီးတော့ လေးနက်မယ်။
ပိုပြီးတော့ တန်ဖိုးရှိမယ်။
ဦးတည်ချက်မှန်မယ်။

အင်မတန် အဖိုးတန်တဲ့ ဘဝ၊
အင်မတန် အဖိုးတန်တဲ့ အချိန်၊
အင်မတန် အဖိုးတန်တဲ့ ကိုယ့်ရဲ့စိတ်ဓာတ်အင်အားတွေ၊
ခန္ဓာကိုယ် အင်အားတွေဟာ ဘာမှအရေးမကြီးတဲ့ အကျိုးမရှိတဲ့ ကိစ္စတွေဘက်ကို
ရောက်ပြီးတော့ အကျိုးမရှိဘဲ ကုန်သွားတာမျိုးမဖြစ်တော့ဘူး။
ကိုယ့်အတွက် အကျိုးအမြတ်ရဖို့ တစ်ခုကိုပဲ ဦးစားပေးပြီးတော့
လူအများထိခိုက်တာကို လုပ်နေရင် ငွေတော့ရမယ်။ ……….
မြင့်မြတ်တဲ့စိတ်ကိုတော့ အဆုံးရှုံးခံလိုက်ရမယ်။
အဲဒီလူဟာ စိတ်အေးချမ်းမှုကို ရနိုင်မှာ မဟုတ်တော့ဘူး။
လူတစ်ယောက်မှာ တန်ဖိုးမဖြတ်နိုင်တဲ့ စိတ်ဓါတ်ပျက်စီးသွားတယ်ဆိုရင်
သူ့အတွက် တကယ်တော့ ဘာမှ မကျန်တော့ဘူး။
မလုပ်သင့်တာ တစ်ခုကို လုပ်မိတဲ့အခါမှာ စိတ်မှာ ဒဏ်ရာတစ်ခုခုတော့ရသွားတာပဲ။


မိမိကိုယ်ကို ပိုပြီးတော့ အသိဥာဏ်ကြီးမားလာအောင်၊
တိုးတက်လာအောင်လုပ်တာနဲ့
သူတစ်ပါးကိုလည်းပဲပိုပြီးတော့အသိဥာဏ်ကြီးမားလာအောင်၊
တိုးတက်လာအောင်ဆောင်ရွက်ပေးတာဟာ မေတ္တာပါ။
မေတ္တာဆိုတာ အကျိုးကိုလိုလားခြင်းဆိုတာ သေသေချာချာစဉ်းစားမှနော်။
အကျိုးကိုလိုလားခြင်းဆိုတာဟာ အသိဥာဏ်ရှိမှဖြစ်နိုင်တာနော်။
ဒါကြောင့် ဥာဏ်ရှိမှ မေတ္တာရှိတယ်ဆိုတာ ဖြစ်နိုင်ပါတယ်။

ဆရာတော် ဦးဇောတိက(မဟာမြိုင်တောရ)
လူသားတိုင်း ကျန်းမာကြပါစေ... လူသားတိုင်း ချမ်းသာကြပါစေ...
ခန္ဓာကိုယ်ကို လေ့ကျင့်ခန်းနဲ့စောင့်ရှောက်ပါ။ စိတ်ကို စာဖတ်ခြင်းနဲ့စောင့်ရှောက်ပါ။...

နူတ်ဆက်စကားလေးများ.....

မြန်မာတို့ရဲ့ ဘလော့ဂ်များ...

picoodle.com