Saturday, December 12, 2009

“ ပညာရှိ..သတိဖြစ်ခဲ...”



ဂရိတွေးခေါ်ရှင် အာရစ္စတိုတယ် ကိုအများသိကြပါတယ်။

အာရစ္စတိုတယ်ဟာ ဥရောပမှာ နှစ်ပေါင်းထောင်ချီပြီး

သြဇာလွှမ်းမိုးခဲ့တဲ့ပညာရှိကြီးတစ်ဦးဖြစ်တယ်။

သူ့စကားကို ဘုရားဟောလို လူအများကမှတ်ယူခဲ့တယ်။

ဒါပေမယ့် အာရစ္စတိုတယ်ဟာ သွက်သွက်လည်အောင် မှားခဲ့တဲ့ အချက်တစ်ခုရှိခဲ့တယ်။

အဲဒါကတော့

“ မိန်းမများမှာ ယောကျာ်းများမှာထက် သွားအရေအတွက် လျော့နည်းတယ်”

ဆိုတဲ့ ယူဆချက်ဖြစ်တယ်။

ပညာရှိကြီး အာရစ္စတိုတယ်ဟာ သူ့ဇနီးသည်ရဲ့ ပါးစပ်ကို ဟကြည့်ရုံနဲ့

အဲဒီယူဆချက် မှားယွင်းကြောင်း သဘောပေါက်နိုင်ပါတယ်။

ဒါပေမယ့် ပညာရှိကြီးဟာ မကြည့်ခဲ့ပါ။

အမှန်ကို သူသိထားပြီးဖြစ်တယ်လို့ယုံကြည်နေတာကြောင့်

အဲဒီကိစ္စကို အတည်ပြုဖို့နောက်ထပ်ဒုက္ခခံမနေတော့တဲ့သဘောဖြစ်တယ်။

အဲဒီလိုပဲ မိမိမသိတဲ့အရာကို သိတယ်ထင်တာဟာ

ကျနော်တို့အားလုံးမှာဖြစ်တတ်တဲ့ ကြီးမားတဲ့အမှားပင်ဖြစ်တယ်။


Ref: By Bertrand Russell's " How to sharpen your judgement."

“ စီးပွားရေးသမားဆိုတာ...”




ကွယ်လွန်သူ မိတ်ဆွေရဲ့ အခေါင်းရှေ့မှာ စီးပွားရေးလုပ်ငန်းရှင် သုံးဦး ရပ်နေကြတယ်။
တစ်ယောက်က ပြောတာက

“ ကျနော် မွေးတဲ့အရပ်မှာ အယူတစ်ခုရှိတယ်ဗျ။
အဲဒါက ဘာလဲဆိုရင် သေသူ ဘဝကူးကောင်းဖို့
အတွက် သေသူရဲ့ အခေါင်းထဲကို ပိုက်ဆံနည်းနည်း ထည့်ပေးရသတဲ့။ ”

ဒီလိုပြောပြီး ပိုက်ဆံအိတ်ကို ထုတ်ကာ ဒေါ်လာ တစ်ရာတန် တစ်ရွက်ကို
အခေါင်းထဲကို ထည့်လိုက်ပါတယ်။
ဒုတိယလူလည်း ပထမလူအတိုင်း ဒေါ်လာ တစ်ရာကို
အလောင်းပေါ် ချလိုက်ပါတယ်။
တတိယ လူက သက်ပြင်းချတယ်။
နောက်မှာတော့ ချက်စာအုပ်ကို ထုတ်လိုက်တယ်။
ပြီးတော့ ဒေါ်လာ သုံးရာတန် ချက်လက်မှတ်တစ်ခုကိုရေးပြီး
အခေါင်းထဲကို ထည့်လိုက်ပါတယ်။
ဒီနောက်မှာတော့ စောစောက ဒေါ်လာ ရာတန်နှစ်ရွက်ကို ကောက်ကာ
မိမိအိတ်ထောင်ထဲကို ထည့်လိုက်ပါတယ်။

“ အပြစ်အိတ်...”



တစ်ခါတုန်းက…ဂျူပီတာနတ်မင်း ဟာ လူကိုဖန်းဆင်းစဉ်က

အဲဒီလူသားကို ခရီးဆောင်အိတ်နှစ်လုံးပေးခဲ့တယ်။

တစ်အိတ်က သူ့ရဲ့အိမ်နီးနားချင်းတွေရဲ့အပြစ်တွေကို ထည့်ဖို့၊

နောက်တစ်အိတ်ကတော့ ကိုယ့် ရဲ့အပြစ်တွေကိုထည့်ဖို့ဖြစ်တယ်။

ဂျူပီတာနတ်မင်းက လူသားရဲ့ပခုံးပေါ်ကိုပစ်တင်လိုက်တော့ အိတ်တစ်အိတ်က ရှေ့ဘက်၊

နောက်တစ်အိတ်က နောက်ဘက်မှာ တွဲလဲကျသွားတယ်။

လူသားဟာ သူ့ရဲ့ရှေ့ဘက်ကအိတ်ထဲမှာ သူတစ်ပါးရဲ့အပြစ်တွေကို ထည့်သိမ်းထားတယ်။

နောက်ဘက်ကအိတ်ထဲမှာတော့ သူ့ရဲ့အပြစ်တွေကို ထည့်သိမ်းထားတယ်။

ဒါကြောင့် ပထမအိတ်က လူသားရဲ့ မျက်စိအောက်မှာ အမြဲတမ်းရှိနေတော့ အမြဲမြင်နေရတယ်။

နောက်တစ်အိတ်ကတော့ နောက်ဘက်မှာရှိနေတာကြောင့် မမြင်နိုင်ဘူး။

မြင်ဖို့ဆိုရင် အတော်လေး အားထုတ်ရတယ်။

အဲဒီအကျင့်စရိုက်ဟာ အရမ်းကိုကြာရှည်လွန်းလှတဲ့ ကာလကတည်းကစတင်ခဲ့တာမို့

ဖျောက်ဖျက်ပစ်ဖို့အလွန်ကို ခက်ခဲလှတာကိုတွေ့ရပါတယ်။

ဒီလိုနဲ့ ဒီခေတ်အထိကို ကျင့်သားရလာပြီး လက်တွေ့ကျင့်သုံးနေကြတုန်းပဲရှိနေပါတယ်။

ဒါကြောင့် လူသားတွေဟာ သူများရဲ့အပြစ်တွေကို မြင်တတ်လွန်းလှပါတယ်။

ကိုယ့်အပြစ်ကျတော့ မြင်ဖို့အလွန်ခက်ခဲလှပါတယ်။

(အပြစ်အိတ်ကနောက်ဘက်ရောက်နေတာကိုး)။

သတိရှိမှမြင်နိုင်တယ်။ ဉာဏ်ရှိမှမြင်နိုင်တယ်။

ပုံပြင်လေးကတော့ ဒါပါပဲကွယ်။







လူသားတိုင်း ကျန်းမာကြပါစေ... လူသားတိုင်း ချမ်းသာကြပါစေ...
ခန္ဓာကိုယ်ကို လေ့ကျင့်ခန်းနဲ့စောင့်ရှောက်ပါ။ စိတ်ကို စာဖတ်ခြင်းနဲ့စောင့်ရှောက်ပါ။...

နူတ်ဆက်စကားလေးများ.....

မြန်မာတို့ရဲ့ ဘလော့ဂ်များ...

picoodle.com