Monday, March 17, 2014

"အမေ့ထံသို့ ပေးစာများ-၉၃..."



သို့
ချစ်တဲ့အမေ
သားသတိတရစာရေးလိုက်ပါတယ်။
အမေ နေကောင်းတယ်လို့ကြားသိရတဲ့အတွက် ဝမ်းသာမိပါတယ်။
ကျနော်တို့ အမေရိကားကိုရောက်လာတာ သုံးနှစ်တောင် ကျော်လာပြီ။
အမေ ပြောခဲ့ဖူးတဲ့ “တပိဿာ ငါးမူးမဖြစ်စေနဲ့” ဆိုတဲ့
စကားကို ပြန်သတိရမိတယ်။
ဒီစကားကို အမေက ဖြစ်ရပ်မှန်ပုံပြင်နဲ့ပြောပြခဲ့တာလေ။
တစ်ခါတုန်းက လို့အစချီပြီး အမေ ငယ်စဉ်တုန်းက အဖြစ်အပျက်ကို ပြောပြခဲ့တယ်။
ကျနော်တို့မြေးတွေက အမေကြီးလို့ခေါ်တဲ့ အမေရဲ့အမေက ရွာမှာ ကုန်စုံဆိုင်ဖွင့်တယ်။
အမေက အမေကြီးကို ကူညီရင်းနဲ့ ငယ်ငယ်ကထဲက ဈေးအရောင်းအဝယ်ကို နားလည်ကျွမ်းကျင်ခဲ့တယ်။
အမေကြီးရဲ့ကုန်စုံဆိုင်ကို အမြဲတမ်းလာဝယ်နေကျ လူတစ်ယောက်ရှိတယ်။
အဲဒီလူဟာ ကရင်တိုင်းရင်းသားနဲ့တူတဲ့အတွက် အမေတို့က “ဖထီး” လို့ခေါ်ကြတယ်။
အဲဒီဖထီးဟာ မုဆိုးလုပ်ငန်းနဲ့အသက်မွေးသူဖြစ်တယ်။
တောလိုက်အလွန်ကျွမ်းကျင်တယ်။
ရလာတဲ့သားကောင်တွေကို တပိဿာ အလေးနဲ့ချိန်ပြီး ရှေ့နောက်
ထမ်းဖိုးမှာ လျှိုပြီး ရွာမှာ လည်ရောင်းတတ်တယ်။
“တပိဿာ ငါးမူး”
ဖထီး ဘာအသားလဲ။
တောဝက်၊
တစ်ခါတစ်ရံ သမင်၊
တစ်ခါတစ်ရံ ဒရယ်၊
ဘာအသားရရ ဖထီးကတော့ တပိဿာ ငါးမူးသာ ရောင်းလေ့ရှိတယ်။
ဒီလိုရောင်းလာတာ နှစ်ပေါင်းများစွာ။
ရလာတဲ့ငွေကြေးနဲ့အမေကြီးရဲ့ကုန်စုံဆိုင်မှာ အစားအသောက်တွေ လာဝယ်လေ့ရှိတယ်။
ဒီလိုနဲ့ အမေကြီးနဲ့ခင်မင်ရင်းနှီးနေပါတယ်။
“ဟဲ့ ဖထီး…နှစ်တွေ ခေတ်တွေသာ ပြောင်းလာတယ်။ နင့်မှာ တပိဿာငါးမူးကနေ
မတက်ဘူး။ ဈေးတက်သင့်တာ ကြာပြီ။ နည်းနည်းဖြစ်ဖြစ် ဈေးတက်ကြည့်ပါလား” လို့
အမေကြီးက အကြံပေးပါတယ်။
“အဒေါ်ပြောတာကောင်းပါတယ်။ ဒါပေမယ့် လူတွေက ကျနော့်ရဲ့အသားတွေကို ကြိုက်တာ
ယူပြီး တပိဿာ ငါးမူးပဲ ပေးသွားကြတယ်။ကျနော် ပြောချိန်တောင် မရလိုက်ဘူး”
“ဒီလိုဆို အခြားရွာသွားပြီး ရောင်းကြည့်ပါလား” လို့ အမေကြီးက ထပ်ပြောပါတယ်။
“နောက်တစ်ခါ သားကောင်ရရင် ကျနော် အခြားရွာ သွားရောင်းကြည့်ပါ့မယ်” လို့
ပြောပြီး ပြန်သွားပါတယ်။
နောက် သုံးလေးရက်အကြာမှာ ဖထီး အမေကြီးဆိုင်မှာ ဈေးလာဝယ်ပါတယ်။
ဒီတော့ အမေကြီးက စိတ်အားထက်ထက်သန်သန်နဲ့မေးလိုက်ပါတယ်။
“ဟဲ့…ဖထီး အခြားရွာသွားပြီး ဈေးရောင်းဖြစ်လား”
“ရောင်းဖြစ်တယ်အဒေါ်ကြီး၊ ဒါပေမယ့် မထူးပါဘူး”
“ဟဲ့ ဘာမထူးတာလဲ”
“ဒီလို အဒေါ်ကြီးရေ့
အပင်ပန်းခံပြီး အခြားရွာ သွားရောင်းပါတယ်။
ဒါပေမယ့် ပါးစပ်က အကျင့်က ပါနေလို့
တပိဿာ ငါးမူးလို့အော်မိရဲ့သားဖြစ်သွားတယ်။
ဒါနဲ့ပဲ လူတွေကအသားတွေဝိုင်းဆွဲကြတယ်။
ကုန်သွားပါရောလား။
နောက်ဆုံးတော့ တပိဿာ ငါးမူးနှုန်းပဲ ရလိုက်တယ်။
ပင်ပန်းတာပဲ အဖတ်တင်တယ်အဒေါ်ရေ့…”
“ဖထီး…မင်းရဲ့နာမည်ကို တပိဿာ ငါးမူး လို့ ပြောင်းခေါ်ဖို့ကောင်းနေပြီ”
“ဟုတ်တယ်အဒေါ်ရေ့”လို့ ပြောကာ ငွေရှင်းပြီး
သူဝယ်ထားတဲ့ပစ္စည်းတွေကို ထမ်းကာ ထွက်သွားပါတော့တယ်”


အမေက ပုံပြင်ကို အဆုံးသတ်လိုက်တယ်။
ပြီးတော့ အမေက အသက်ကို ပြင်းပြင်းရှုသွင်းလိုက်တယ်။
“သားတို့၊သမီးတို့ကိုပြောချင်တာက ဘယ်မှာနေနေ၊ ဘယ်ကိုပဲသွားသွား
တစ်ပိဿာငါးမူး မဖြစ်စေနဲ့” တဲ့။
အမေ့စကားကို ကျနော်မမေ့ပါဘူး။
ဒါပေမယ့် အမေရိကားကို ရောက်လာတာ တစ်ပိဿာငါးမူး ဖြစ်နေပြီလားလို့တွေးမိတယ်။
မြန်မာပြည်မှာနေတုန်းက
နည်းနည်းပဲ ရတယ်။ နည်းနည်းပဲကုန်တယ်။
အမေရိကားမှာက များများရတယ်။ များများကုန်တယ်။
နောက်ဆုံးစာရင်းချုပ်ကြည့်လိုက်တော့
တစ်ပိဿာငါးမူး ပါပဲအမေရယ်။
ပင်ပန်းတာပဲ အဖတ်တင်တယ်။





မတ်လဆိုတာ မြန်မာပြည်မှာတော့ တော်တော်ပူတဲ့လလို့ပြောရလိမ့်မယ်ထင်တယ်။
ဧပြီလပြီးရင်တော့ ဒုတိယအပူဆုံးလလို့ Historical Weather ရာသီဥတုမှတ်တမ်းထဲမှာတွေ့ရတယ်။
အဲဒီမှတ်တမ်းထဲမှာတော့ ရန်ကုန်မြို့ရဲ့မတ်လမှာ တစ်နေ့ကို ၁၀နာရီ နေသာချိန်ရှိတယ်။
မိုးရွာမယ့်ရက်က တစ်ရက်ထဲရှိတယ်။
ပျမ်းမျှ အမြင့်ဆုံးနဲ့အနိမ့်ဆုံးအပူချိန်တွေကတော့ ၃၆ နဲ့၂၁ ဒီဂရီစင်တီဂရိတ်ရှိတယ်လို့ဆိုတယ်။
ကျနော်တို့ အက်ရှ်ဗန်းမြို့(Ashburn)မှာတော့…
ပျမ်းမျှ အမြင့်ဆုံးနဲ့အနိမ့်ဆုံးအပူချိန်တွေကတော့ ၁၄ နဲ့ဝ ဒီဂရီစင်တီဂရိတ်ရှိတယ်လို့ဆိုတယ်။
မိုးရွာမယ့်ရက်က ၁၂-ရက်တောင်ရှိတယ်။
စနိုးကျမယ့်ရက်က သုံးရက်ရှိသေးတယ်။
ဒါနဲ့ပြောရဦးမယ်။
ပထမအပတ်ထဲမှာပဲ နှင်းမုန်တိုင်းလာမယ်လို့သတင်းထဲမှာ သိရတယ်။
နှင်းထုက ၁၂-လက္မရှိမယ်လို့သိရတယ်။ဒီအတိုင်းသာဆိုရင်ဈေးတစ်ရက်ပိတ်ဦး
မယ်လို့ ထင်မိတယ်။နှင်းမုန်တိုင်းကို မကြိုက်သော်လည်း
နားရက်ရမှာမို့ ဝမ်းသာမိပါတယ်။
မတ်လ၃-ရက်နေ့ရောက်လာတယ်။
ရုံးချိန်ရောက်တော့ နှင်းထုကခြေမျက်စိမြှုပ်ရုံပဲ ရှိသေးတယ်။
မတ်ကက်ကို ဖုံးဆက်ကြည့်တော့
မပိတ်ဘူးလို့ အကြောင်းပြန်လာတယ်။
မျှော်လင့်တဲ့အတိုင်းလည်း မဟုတ်ပါလား။
စိတ်မပါတပါနဲ့ အလုပ်ကို သွားတယ်။
ယုံယုံကတော့ ဈေးဖွင့်ရင် စားသုံးသူတွေ လာနိုင်တယ်။
လာချိန်မှာ ဆူရှီးမရှိလို့မဖြစ်ဘူး။
သူမကတော့ အားကြိုးမာန်တက် ဆူရှီးလိတ်နေလေရဲ့။
ကျနော်ကတော့ ပိတ်မယ်လို့ထင်ပြီး မပိတ်တော့
အလုပ်လုပ်ရတာ စိတ်မပါ။
နှင်းက တဖြည်းဖြည်း များလာတယ်။လေကလည်း တိုက်ခတ်နေတဲ့အတွက် နှင်းက
ပြေးလွှားနေတာကို ကြည့်ကောင်းကောင်းနဲ့ကြည့်ဖြစ်တယ်။
ဝန်ထမ်းအများစုကလည်း ကျနော်လိုပင် အလုပ်လုပ်ရတာကို စိတ်ပါဝင်စားခြင်းမတွေ့ရပါ။
အုပ်စုတူရာ ဟိုတစ်စု၊ဒီတစ်စု ရပ်ပြီးစကားပြောနေကြလေရဲ့။
တာဝန်အရှိဆုံးစတိုးမန်နေဂျာလည်း ဒီတစ်ခါတော့ ဘာမှမပြောတော့ပါ။
သူလည်း စတိုးပိတ်ဖို့ဆုံးဖြတ်နိုင်သူတစ်ယောက်တော့မဟုတ်ကြောင်းကို ခုမှ သိရတယ်။
လုပ်ရင်းနဲ့ရှိုးကေ့ထဲမှာ ဆူရှီးတွေ ပြည့်သွားခဲ့တယ်။
စားချိန်ရောက်တော့ ဝန်ထမ်းအချို့ ဆူရှီးလာဝယ်စားကြတယ်။
ဝန်ထမ်းတွေဟာ ဆူရှီးနမူနာကိုစားရင်းနဲ့ဆူရှီးကို ကြိုက်နေကြတယ်။
နေ့တိုင်း သုံးလေးယောက်တော့ ဝယ်စားဖြစ်ကြတယ်။
ဒီနေ့တော့ သူတို့တွေအားပေးတဲ့အတွက် ဘဲဥကွဲသွားတယ်လို့ပြောရမယ်ထင်ပါ့။
စတိုးမန်နေဂျာလည်း ဆူရှီးနမူနာကို မကြာခဏ
လာစားတာကို တွေ့ရတယ်။နောက်ဆုံးအားမရလို့ထင်ပါ့။
ဝယ်စားတဲ့ကိန်းရောက်ပါလေရော။
ဒီနေ့တော့ စားသုံးသူတစ်ယောက် ရှားရှားပါးပါး ရောက်လာပြီး ဝယ်စားပါတယ်။
အဲဒီနောက်တော့ ဘယ်ကမှန်းမသိတဲ့အထက်က ဖုံးဝင်လာပါတယ်။အဲဒီနောက်
စတိုးမန်နေဂျာက မတ်ကက်ပိတ်ကြောင်းကိုကြော်ငြာပါတယ်။
ဝန်ထမ်းတွေက ပျော်ကြတယ်။အော်ကြတယ်။
နာရီလှမ်းကြည့်လိုက်တော့ နေ့ လည် ၁း၀၀နာရီ။
ကျနော်တို့က မပျော်နိုင်ပါ။ အကြောင်းမှာ နောက်တစ်နေ့မှာ
အခုလိတ်ထားတဲ့ ဆူရှီးတွေ အမှိုက်ပုံးထဲ လွှင့်ပစ်ရတော့မှာကို သိနေတဲ့အတွက်ကြောင့်ဖြစ်ပါတယ်။
ပိတ်ရင် လုံးလုံးပိတ်တာကို ပိုကြိုက်ပါတယ်။
အခုတော့ ဘဲဥကွဲသော်လည်း အရှုံးကြီးရှုံးတဲ့နေ့အဖြစ်
မှတ်တမ်းတင်ရမယ့်နေ့ဖြစ်သွားပါတယ်။





ရာသီဥတုက ကိုယ့်ဖက်မပါဘူးအမေ။
ဆိုးရင်လည်း လုံးလုံးဆိုး၊ ဒီလိုဆိုရင် ပိတ်ရက်များများရပြီးနားရမယ်။
ကောင်းရင်လည်းလုံးလုံးကောင်း၊ ဒီလိုဆိုရင် စားသုံးသူများများလာလို့ဈေးရောင်းကောင်းမယ်။
အခုတော့ ပိတ်ရက်ကောင်းကောင်းရအောင်လည်း မဆိုးဘူး။
ဈေးရောင်းကောင်းအောင်လည်း မကောင်းဘူး။
ရာသီဥတုဆိုးဝါးမှုအောက်မှာ ကျနော်တို့တွေ အလူးအလဲပဲ။
အေသင်မြို့၊ဂျော်ဂျီယာပြည်နယ်မှာရှိတဲ့ အရောင်းဆိုင်က မတ်ကက်ကြီးဖွင့်ပြီးလေးလလောက်ဆိုရင်
တော်တော်ရောင်းကောင်းနေပြီ။အရှိန်လည်းရနေပြီ။အဲဒီဆိုင်ကဘာနဲ့တူသလဲဆိုရင် သူများတွေစိုက်ပျိုးထားတဲ့သစ်ပင်နဲ့တူတယ်။
စိုက်ပျိုးသူက ကိုယ်ရေးကိုယ်တာအကြောင်းကြောင့် ထွက်ခွာသွားရတော့
ကိုယ်က အသင့်စိုက်ထားတဲ့သစ်ပင်ကို အသီးခူးစားချိန်ရောက်သွားတာနဲ့တူနေတယ်။
အစစအရာရာ အစဉ်ပြေလှတယ်။
ဒီမှာက သစ်ပင်ကို ကိုယ်ကိုယ်တိုင်စိုက်ပျိုးရတာနဲ့တူတယ်။
ကိုယ်တိုင်ရေလောင်းပေါင်းသင်၊
ဒါပေမယ့် ရာသီဥတုဆိုးဝါးမှုအောက်မှာ သစ်ပင်ရှင်သန်အောင်မနည်းလုပ်ယူနေရတယ်။
လေးလရှိပြီ။ အသီးလည်း မသီးနိုင်သေးဘူး။
ရွေးချယ်မှု မှားသွားလေသလားလို့ မကြာခဏ တွေးမိလာတယ်။
တကယ်လို့မှားသွားတယ်ဆိုရင် အဲဒီအမှားက နေရာဒေသတစ်ခုရဲ့ရာသီဥတုအကြောင်းကို
သေသေချာချာမသိလိုက်ပဲ ရွေးချယ်လိုက်မိတာပဲဖြစ်မယ်။
အမေပြောခဲ့ဖူးတဲ့စကား၊
“ကိုယ်ရွေးတဲ့လမ်းကိုယ်လျှောက်ရမယ်ဆိုတာ မမေ့နဲ့။
အဲဒီတော့ မရွေးခင်ကထဲက အချက်အလက်တွေအားလုံးသိအောင်လုပ်။
ပြီးတော့ သေသေချာချာ ချင့်ချိန်စဉ်းစား၊
အခြားသူရဲ့စကားကို နားထောင်၊ ဒါပေမယ့် နားမယောင်နဲ့။
ကိုယ့်ဘဝဟာ ကိုယ်နဲ့သာသက်ဆိုင်တာမို့ ကိုယ်တိုင်ဆုံးဖြတ်၊
ဆုံးဖြတ်ရွေးချယ်ပြီးရင် ကောင်းကောင်းဆိုးဆိုး ဆက်လျှောက်ပေတော့။
ကောင်းရင် အကျိုးအမြတ်တွေရလိမ့်မယ်။စိတ်ချမ်းသာလိမ့်မယ်။
ဆိုးရင် အတွေ့အကြုံတွေရလာလိမ့်မယ်။
အမေ့စကားအတိုင်းပဲ ခုတော့ အတွေ့အကြုံတွေ အများကြီးရခဲ့ပါတယ်။
ဒီနေ့အဖို့တော့ ဒီလောက်ပါပဲ။
အမေ ကျန်းမာရေးကို ဂရုစိုက်ပါ။
အမေ့ကို ချစ်တဲ့သား
အောင်ဝင်းဟိန်း
အက်ရှ်ဗန်းမြို့(Ashburn)၊
ဗာဂျီးနီးယားပြည်နယ်(Virginia)၊
အမေရိကန်ပြည်ထောင်စု(USA)။


လူသားတိုင်း ကျန်းမာကြပါစေ... လူသားတိုင်း ချမ်းသာကြပါစေ...
ခန္ဓာကိုယ်ကို လေ့ကျင့်ခန်းနဲ့စောင့်ရှောက်ပါ။ စိတ်ကို စာဖတ်ခြင်းနဲ့စောင့်ရှောက်ပါ။...

နူတ်ဆက်စကားလေးများ.....

မြန်မာတို့ရဲ့ ဘလော့ဂ်များ...

picoodle.com