Sunday, May 27, 2012

"အမေ့ထံသို့ ပေးစာများ-၄၃..."




သို့
ချစ်တဲ့အမေ
သား စာရေးလိုက်ပါတယ်။
သား အမေရိကန်ကိုရောက်တာ တစ်နှစ်ကျော်ပြီ။
သား အပျော်ဆုံး နေရာတစ်ခုကို ပြောပါလို့ အမေကမေးလာရင်
စာကြည့်တိုက် လို့ဖြေရလိမ့်မယ်။
ဟုတ်တယ်အမေ။
ကယ်လီဖိုးနီးယားမှာ နေတုန်းက
ရပ်ကွက်တိုင်းမှာ စာကြည့်တိုက်ရှိတယ်။
ကိုယ်နေတဲ့ရပ်ကွက်ပေါ် မူတည်ပြီးတော့ စာကြည့်တိုက်ကဒ်ကို အခမဲ့လုပ်လို့ရတယ်။
အဲဒီကဒ်ရှိရင် ဘယ်စာကြည့်တိုက်က စာအုပ်တွေကိုဖြစ်ဖြစ်
အခမဲ့ငှားနိုင်တယ်။
စာအုပ်တင်ပဲလား။
မဟုတ်သေးဘူးအမေ၊
ဗီဒီယိုခွေတွေ၊ သီချင်းခွေတွေ ငှားနိုင်တယ်။
တစ်ခါငှားရင်တော့ သုံးပတ်ရတယ်။
သုံးပတ်အတွင်းတော့ ပြီးအောင်ဖတ်ပေါ့လေ။
စာကြည့်တိုက်ထဲမှာ ဖတ်ဖတ်၊ အိမ်ငှားပြီးဖတ်ဖတ်
ဖတ်လို့ရတယ်။
စာကြည့်တိုက်ထဲမှာဆိုရင် အင်တာနက်ကို အခမဲ့သုံးခွင့်ရှိတယ်။
ကိုယ် ဖတ်ချင်တဲ့စာအုပ်ကို ရှာလို့မရရင် စာကြည့်တိုက်မှူးကို မေးနိုင်တယ်။
လိုက်ရှာပေးတယ်။
ကဲ...ဘယ်လောက်ကောင်းလဲ။
လိုချင်တဲ့စာရွက်စာတမ်းကို မိတ္တူကူးချင်တယ်ဆိုရင်လည်း ကူးဖို့
စာကြည့်တိုက်အတွင်းမှာ မိတ္တူကူးစက်တွေ ရှိတယ်။
တော်တော်ကို အစဉ်ပြေတယ်အမေ။
စာကြည့်တိုက်မှာ စာဖတ်ရတဲ့အချိန်ဟာ
တော်တော်အေးချမ်းတဲ့အချိန်လို့ပြောရမယ်ထင်တယ်။
အနှောက်အယှက်လည်း ကင်းတယ်။
တော်တော် အလုပ်ပြီးမြောက်တယ်။
ဒါကြောင့်
စာကြည့်တိုက်မှာ စာဖတ်ရတာ၊စာရေးရတာကို ပိုကြိုက်မိတယ်။
အင်ဒီယားနာရောက်တော့ စာကြည့်တိုက်ကို လိုက်ရှာဖြစ်တယ်။
တွေ့တယ်။
ဒါပေမယ့် ဘဏ်စာအုပ်တွေတောင်းတယ်။
ကားမောင်းလိုင်စင်တွေ တောင်းတယ်။
နေတဲ့လိပ်စာနဲ့တင် မလုံလောက်တော့တဲ့သဘောဖြစ်နေတယ်။
အလုပ်လုပ်နေတော့ မအားတာနဲ့ကို နောက်တော့ မသွားဖြစ်တော့ပါဘူး။
ဟော... မစ်ချီဂန်ရောက်တာ တစ်လတောင်ကျော်ပါပြီ။
စာကြည့်တိုက် ဘယ်မှာရှိသလဲဆိုတာကို မသိပါဘူး။
သိအောင် စုံစမ်းဖို့ အချိန်တောင် မရှိဘူးပြောရမယ်ထင်တယ်။
အလုပ်ပြီး အလုပ်ဖြစ်နေတယ်။
နေထွက်က နေဝင် အလုပ်ထဲရောက်နေတယ်။
အလုပ်လုပ်လို့ ဝင်ငွေရတာတော့ ကောင်းပါတယ်။
ဒါပေမယ့် ဘာမှမတွေးတောနိုင်လောက်အောင်
အလုပ်ရှုတ်နေတာကိုတော့ မကြိုက်ဘူး။
မပျော်ဘူး။
ဒီမှာအလုပ်လုပ်ရတာ ဘယ်လိုကောင်းအောင် လုပ်နိုင်သေးတယ်ဆိုတာကို
တွေးချိန်မရဘူး။
ဘယ်လောက်မြန်မြန် လုပ်နိုင်တယ်ဆိုတာကိုသာ
အလုပ်ရှင်တွေက အာရုံစိုက်တော့
အဲဒီနောက်ကို လိုက်ရင်းနဲ့ ဘာမှမတွေးတောနိုင်တော့ဘူး။
အတွေးကို မတွေးပဲနဲ့ ကိုယ့်ကိုယ်ကိုယ် ပိုကောင်းအောင် လုပ်နိုင်တယ်လို့
မယုံကြည်ဘူး။
အမေရိကန်နိုင်ငံရဲ့လူဦးရေဟာ ကမ္ဘာ့လူဦးရေရဲ့ ၅%(ရာခိုင်နှုန်း)ပဲ ရှိပါတယ်။
ဒါပေမယ့် ကမ္ဘာ့ကြီးရဲ့ သဘာဝအရင်းအမြစ်တွေကို သုံးစွဲမှုကတော့
၂၅% ရှိတယ်လို့ ဆိုပါတယ်။
ကမ္ဘာပေါ်က လူသားအားလုံးသာ အမေရိကန် လူနေမှုအဆင့်အတိုင်းအတိုင်း
နေထိုင်ကြမယ်ဆိုရင် ခုလက်ရှိ ကမ္ဘာကြီး၁၀-ခုလောက်
လိုလိမ့်မယ်လို့ သုတေသီတွေက ဆိုကြပါတယ်အမေ။

ကျနော်တို့ အမေရိကန်နိုင်ငံကိုမထွက်လာခင်တုန်းက
မိတ်ဆွေ စာရေးဆရာတစ်ဦးနဲ့စကားပြောဖြစ်တယ်။
သူပြောတာက " အမေရိကန်ကလူတွေက အရမ်းချမ်းသာလာတော့
သူ့နိုင်ငံသားတွေ ချမ်းသာမှုကို အပြည့်အဝ ခံစားနိုင်ဖို့အတွက်
ပြင်ပနိုင်ငံကလူတွေ၊ပညာရှင်တွေကို နည်းမျိုးစုံနဲ့ခေါ်ယူပြီး
အသုံးချနေတာပါ" လို့ပြောတယ်။
အဲဒီစာရေးဆရာ ပြောတာဟုတ်နိုးနိုး ထင်ခဲ့မိတယ်။
တကယ်တန်းရောက်လာတော့ သူပြောတာ မဟုတ်ပါဘူး။
အမေရိကန်မှာလည်း ဆင်းရဲတဲ့နိုင်ငံသားတွေ အများကြီးရှိနေတာကို
တွေ့ရတယ်လေ။
သူတို့တွေလည်း ရုန်းကန်နေကြရတာကိုတွေ့နေရတယ်။
ဘဏ်ကြွေးနဲ့ကင်းကင်းနေနိုင်တဲ့ အမေရိကန်နိုင်ငံသားဆိုလို့
၁%လောက်ပဲ ရှိပါတယ်။
ကျန်တဲ့၉၉%ကတော့ အကြွေး မကင်းကြပါဘူး။
အကြွေးနဲ့ ကားဝယ်စီးလို့ရတယ်။
အကြွေးနဲ့ အိမ်ဝယ်လို့ ရအောင် စီစဉ်ထားတယ်။
ဘဏ်က ယုံကြည်ရတဲ့ ခရက်ဒစ်ကဒ်သာ ရှိရင်
မိဘကလွဲပြီး အားလုံးကို ဝယ်လို့ ရမလားမသိပါဘူး။
အဲဒီလို ဝယ်လို့ရနိုင်အောင်ကို
နိုင်ငံတော်က စီစဉ်ပေးထားတယ်လေ။
ဒါကြောင့် အမေရိကန်က လူတွေ အရမ်းအထင်ကြီးတဲ့နိုင်ငံတစ်နိုင်ငံ
ဖြစ်နေတယ်လို့ထင်တာပဲ။
တကယ်တန်းရောက်လာတော့ ထင်သလောက်လည်း မဟုတ်လှပါဘူး။
အထင်ဟာ တကယ်မဟုတ်ဘူးဆိုတာ  ဒီရောက်လာမှ သိရပါတယ်။
လူတွေ အားလုံးဟာ သူ့နည်းသူ့ဟန်နဲ့ရုန်းကန်နေထိုင်နေကြတာကို
တွေ့နေရပါတယ်။
ဒီနိုင်ငံမှာလည်း Homeless လို့ခေါ်တဲ့သူတောင်းစားတွေ ရှိနေတာပါပဲ။
မူးယစ်ဆေးဝါးနဲ့မကင်းတဲ့သူတွေလို့ ယူဆရတာပဲ။
သူတို့ကို အကြောင်းတိုက်ဆိုင်လို့ ငွေကြေးတွေ ပေးကမ်းရတဲ့အခါ
ကျေနပ်မိတယ်။
အမေရိကန်သူတောင်းစားတွေကို ငွေပေးနိုင်တယ်ဆိုတဲ့အတွေးနဲ့ပေါ့လေ။
မစ်ချီဂန်ရဲ့နွေဥတုကတော့ အတော်နေလို့ကောင်းတယ်။
ပန်းမျိုးစုံ ပွင့်လို့။
အရောင်ကို စုံလို့ပါပဲ။
ဒီမှာနေသူတွေကပြောတယ်။
ဆောင်းတွင်းဆိုရင်တော့ ကြောက်ခမန်းလိလိ အေးတယ်ဆိုပါလား။
ရေတွေ ခဲတယ်။ ကားလမ်းပေါ်မှာ ရေခဲပြင်ကြီး ဖြစ်နေတာကို တွေ့ရပါလိမ့်မယ်တဲ့။
မရောက်သေးတဲ့ကာလကို တွေးပြီး မကြောက်ချင်ပါဘူးအမေ။
ဘာမှမတည်မြဲတဲ့လောကကြီးမှာ နွေလည်းမမြဲဘူးဆိုတာ သိပါတယ်။
ဆောင်းလည်း မြဲသလားဆိုပြန်တော့ မမြဲပါဘူး။
ရာသီမမြဲသလို လူတွေရော၊
နေရာဒေသရော၊
အလုပ်ရော၊
ပြီးတော့ အားလုံး…အားလုံး မမြဲပါဘူး။
ဒီနေ့ထက် ပိုကောင်းတဲ့နေ့ဆိုတာ မရှိဘူးလို့
တရားသဘောနဲ့ဆင်ခြင်လိုက်တော့
ဒီနေ့ကို အကောင်းဆုံးနေထိုင်လိုက်ရင်ပဲ
တန်ပါတယ်။
ဒါကြောင့် ဒီတစ်နေ့ပဲ နေတော့မယ်အမေ။
အမေလည်း ကျန်းမာရေးကို ဂရုစိုက်နော်။
အမေ့ကို ချစ်တဲ့သား
အောင်ဝင်းဟိန်း
လန်ဆင်းမြို့(Lansing)
မစ်ချီဂန်ပြည်နယ်(Michigan)
အမေရိကန်ပြည်ထောင်စု(USA)။
၅-၂၇-၂၀၁၂






Saturday, May 26, 2012

"ဒါနစေတနာရဲ့ အရှိန်အဟုန်..."




တစ်ခါတုန်းက သီဟိုဋ္ဌ်ကျွန်းမှာ အရှင် စူဋ္ဌနာဂလို့ အမည်ရတဲ့ ရဟန်းတစ်ပါး ရှိခဲ့ဖူးပါတယ်။
တစ်နေ့ အရှင် စူဋ္ဌနာဂ ဆွမ်းစားပြီးလို့ ခံတွင်းဆေးပြီးချိန်မှာ
သားတွေပေါက်ထားတဲ့ခွေးမတစ်ကောင်ကို တွေ့လိုက်ရပါတယ်။
 ခွေးမကို သေသေချာချာ ကြည့်လိုက်တော့ ပိန်ပိန်ချည့်ချည့်နဲ့
အတော်ဆာလောင် မွတ်သိပ်နေတဲ့ပုံပါ။
ဆာလောင်နေတဲ့ခွေးမကို မြင်လိုက်တော့ အရှင် စူဋ္ဌနာဂ က တော်တော်လေး သနားသွားပါတယ်။
ဒါပေမယ့် ဆွမ်းစားပြီး သပိတ်ဆေးပြီးပြီဆိုတော့ ကျွေးစရာ ဆွမ်းကျန်လည်း မရှိတော့ပါဘူး။
ဒါကြောင့် ဘာလုပ်လိုက်သလဲဆိုတော့
" ငါဟာ စားပြီးတဲ့အစာ မှန်ပေမယ့် ဒီခွေးမကို အန်ပြီး လှူမယ်" လို့တွေးမိပါတယ်။
အဲဒီနောက် အရှင် စူဋ္ဌနာဂဟာ သူရဲ့ခံတွင်းထဲကို လက်ထိုးအန်ပြီး ခွေးပိန်မကို ကျွေးလိုက်ပါတယ်။
အရှင် စူဋ္ဌနာဂဟာ ခွေးပိန်မကို အန်ကျွေးရုံတင်မကပါဘူး။
အိုးခြမ်းကွဲတစ်ခုထဲမှာ ရေထည့်ပြီး ရေလည်း တိုက်လိုက်ပါသေးတယ်။
အစာထိုက်သင့်သလောက် ဝသွားတဲ့ ခွေးပိန်မကို ကြည့်ပြီး
အရှင် စူဋ္ဌနာဂလည်း တစ်ခါမှ မဖြစ်ဘူးတဲ့ပီတိတွေ ဖြစ်လာပါတယ်။
ဒါကြောင့် ဆုတစ်ခုကို ကောက်ခါ ငင်ခါ တောင်းလိုက်ပါတယ်။

အဲဒီဆုတောင်းကတော့...
"ငါဟာ ဒီခွေးမအား မိမိရဲ့ခန္ဓာကိုယ်ကို မငဲ့ကွက်ပဲ အန်ပြီး ကျွေးလိုက်ရတဲ့
ကုသိုလ်ကောင်းမှုကြောင့် နိဗ္ဗာန်ရောက်ရပါလို၏။
နိဗ္ဗာန်မရသေးမီ သံသရာကျင်လည်ရသည်ရှိသော်
 ပစ္စည်းလာဘ်လာဘ ပေါများ ရပါလို၏"ဆိုတဲ့ဆုတောင်းဖြစ်ပါတယ်။
အရှင် စူဋ္ဌနာဂရဲ့ဒါနစေတနာဟာ အရှိန်အဟုန်အစွမ်း တော်တော် ကြီးမားနေခဲ့တာကြောင့်
အဲဒီညမှာပင် အလှူရှင်တွေ ရောက်လာပြီး
 ထောပတ်တွေ၊တင်လဲတွေ၊ပျားရည်တွေ လာလှူကြပါတယ်။
အရှင် စူဋ္ဌနာဂလည်း ကိုယ့်ကိုယ်ကိုယ် အံအားသင့်နေပါတယ်။
အရှင် စူဋ္ဌနာဂဟာ ရောက်လာတဲ့ဘုဉ်းပေးစရာတွေကို
သီတင်းသုံးဖော် ရဟန်းတော်တွေကိုပါ ခွဲဝေလှူဒါန်းလိုက်ပါတယ်။
နံနက်လင်းလို့ ဆွမ်းခံကြွတဲ့အခါမှာလည်း ဒကာ၊ဒကာမတွေဟာ
 ရေတွက်လို့မရနိုင်လောက်အောင် ဆွမ်းဟင်းများစွာကို လောင်းလှူတော့တာပါပဲ။
နေ့စဉ်နေ့တိုင်းပါပဲ။
အရှင် စူဋ္ဌနာဂဟာ ရသမျှ ဆွမ်းဟင်းတွေကို နေ့စဉ်ပြန်လှူခဲ့ပါတယ်။

တစ်နေ့မှာတော့ အရှင် စူဋ္ဌနာဂဟာ မိမိပြုခဲ့တဲ့ဒါနစေတနာကို ပြန်ဆင်ခြင်ရင်း
ပီတိတွေ ဖြစ်လာပါတယ်။
အဲဒီဖြစ်ပေါ်လာတဲ့ပီတိကို အခြေခံပြီး ဝိပဿနာဘက်ကူးကမ္မဋ္ဌာန်းဘာဝနာကို
 ကြိုးကြိုးစားစား အားထုတ် လိုက်တာ ရဟန္တာဖြစ်သွားခဲ့ပါတယ်။
တက်ကြွထက်သန်တဲ့ ဒါန စေတနာဟာ ပစ္စုပ္ပန်အကျိုးတင်မကဘဲ
 အရဟတ္တဖိုလ်အထိ အကျိုးပေးသွားတာပါပဲ။

 +++++++++++++++++++++++++++

ကျမ်းကိုး- စူဋ္ဌနာဂမထေရ်ဝတ္တု
ရဝေနွယ်(အင်းမ)

+++++++++++++++++++++++++++

အမေရိကန်နိုင်ငံရောက်တော့ ကျွေးစရာခွေးက မရှိပါ။
လမ်းဘေးခွေးဆိုတာ မရှိတဲ့အတွက်ကြောင့် ဖြစ်တယ်။
ခွေးတိုင်းမှာ ပိုင်ရှင် ရှိကြတယ်။
အကြောင်းကြောင်းကြောင့် ပိုင်ရှင်မရှိတော့တဲ့ခွေးတွေကို ပုလိပ်တွေက ဖမ်းပါတယ်။
 ပြီးတော့ ပိုင်ရှင်အသစ်တွေကို ရှာပေးပါတယ်။
မိဘမဲ့ကလေးတွေကို မွေးစားမိဘရှာပေးတာနဲ့ ဆင်တူပါတယ်။
သတ်မှတ်ထားတဲ့ကာလအထိ ပိုင်ရှင်မပေါ်တဲ့ခွေးတွေကိုတော့
အဆုံးစီရင်လိုက်တယ်လို့ ကြားမိပါတယ်။

+++++++++++++++++++++++++++

တုတ်ကြီးဆိုတဲ့ခွေး အစာတောင်းနေတာလား


တာချီလိတ်မြို့မှာနေတုန်းကတော့ အိမ်ဘေးက ခွေးနှစ်ကောင်မွေးထားပါတယ်။
သူတို့ရဲ့နာမည်တွေကတော့ တုတ်ကြီး နဲ့ဗိုလ်နီတို့ဖြစ်ပါတယ်။
ခွေးပိုင်ရှင်က လေဖြတ်တော့ ခွေးနှစ်ကောင် အစာကျွေးမယ့်သူ မရှိတော့ပါ။
အစာမစားရပေမယ့် ခွေးတွေက ထွက်မသွားပါ။
တဖြည်းဖြည်း ပိန်လာကြပါတယ်။
ဒါကြောင့် ကျနော်တို့လင်မယားနှစ်ယောက်ဟာ စားနေကျထမင်းဟင်းတွေထဲက သုံးပုံတစ်ပုံ ချန်ပြီး
ခွေးများကို ကျွေးဖြစ်ပါတယ်။နေ့စဉ်နေ့တိုင်း ကျွေးဖြစ်ခဲ့ပါတယ်။
ခွေးပိုင်ရှင်များက ပြောင်းသွားကြပါတယ်။
ခွေးနှစ်ကောင်ဟာ လိုက်မသွားပဲ ကျန်နေခဲ့ပါတယ်။
ခွေးမမွေးသောလည်း ခွေးပိုင်ရှင်များအလိုလိုဖြစ်လာပါတယ်။
ဇနီးသည်ရွှေယုံလေးက သဒ္ဓါကောင်းသူမို့ နောက်ပိုင်းမှာ နှစ်ယောက်စာ ချက်ပြုတ်နေရမှ
ခွေးနှစ်ကောင်စာပါ ချက်ပြုတ်လာခဲ့ပါတယ်။
ခွေးများကိုကျွေးမွေးရတဲ့ကာလမှာ စိတ်ချမ်းသာရပါတယ်။ ပီတိဖြစ်ရပါတယ်။
အဲဒီစိတ်ချမ်းသာမှုမျိုးကို အမေရိကန်မှာ မရနိုင်ခဲ့ပါ။


ဗိုလ်နီ ဆိုတဲ့ခွေး အစာစားပြီး အိပ်နေတာလေ
 +++++++++++++++++++++++++++



Friday, May 25, 2012

“ဖွတ် ထက်ဆိုးတဲ့အကောင်…”




တစ်ခါတုန်းက ရွာတစ်ရွာမှာ သူကြီးက ရွာသူရွာသားတွေပေါ်မှာ နိုင်ထက်စီးနင်း ပြုလုပ်လေ့ရှိသတဲ့။
ကြာလာတော့ သူကြီးရဲ့အနိုင်ကျင့်တဲ့ဒဏ်ကို မခံနိုင်တော့တဲ့ ရွာသားတစ်ယောက်ဟာ
တောထဲက ဖွတ်တစ်ကောင်နဲ့ မိတ်ဖွဲ့ပြီး သူကြီးအိမ်ကို အတက်ခိုင်းသတဲ့။
ဖွတ်ကလည်း မိတ်ဆွေချင်း ကူညီပါ့မယ်ဆိုပြီး သဘောတူတာပေါ့။
အဲဒီအချိန်မှာ သူကြီးကလည်း သူ့အကြောင်းသူ သိလို့နေမှာပေါ့၊
အန္တရာယ်အမျိုးမျိုးကိုတားဆီးကာကွယ်နိုင်လောက်အောင် 
သိဒ္ဓိ အမျိုးမျိုး ပြီးတဲ့ဓာတ်လုံးကို စီရင်တတ်တယ်ဆိုတဲ့ ဘိုးတော်တစ်ယောက်နဲ့ပေါင်းမိပြီး 
အိမ်မှာပဲ အဲဒီဘိုးတော်နဲ့အတူ အဂ္ဂိရတ် ထိုးနေသတဲ့။
ဖွတ်ကြီးက အဲဒီအိမ်ကို ညပိုင်း လူခြေတိတ်ချိန်လောက်မှာ တက်ကြည့်ပြီး မကြာခင်မှာပဲ ပြန်ဆင်းလာသတဲ့။
နောက်နေ့မှာ ခိုင်းထားတဲ့တောသားက ဖွတ်ကြီးဟာ သူခိုင်းတဲ့အတိုင်း
သူကြီးအိမ်ကို တက်မတက် သိရအောင် သွားကြည့်တဲ့အခါ   
ဖွတ်ကြီးဟာ သူနေနေကျတောင်ပို့ထဲမှာပဲ တွေ့ရသတဲ့။
ဒါနဲ့ပဲ ဖွတ်ကြီးကို တောသားက
"ဘဲ့နဲ့လဲ မိတ်ဆွေကြီး ကိုဖွတ်ကျား၊
ခင်ဗျား သူကြီးအိမ် မတက်ရဲလို့လား" လို့မေးသတဲ့။
ဒီတော့ ဖွတ်ကြီးက
“မိတ်ဆွေ၊ ကျုပ်တက်ကြည့်ပြီးပြီဗျ။
ခင်ဗျား ဘာမှပူမနေနဲ့တော့။
အဲဒီအိမ်က ကျုပ် တက်စရာမလိုတော့ဘူး။ သိလား။
ကျုပ်ထက်ဆိုးတဲ့ အကောင် အိမ်ပေါ်ရောက်နေပြီဗျ။
မကြာခင် အဲဒီအိမ်မွဲပြာကျပြီး ဒုက္ခရောက်တော့မှာ သေချာတယ်။
မယုံမရှိနဲ့။ ခင်ဗျား စောင့်ကြည့်နေပေါ့။
ခင်ဗျားတို့လူတွေ ပြောပြောနေတဲ့စကား ကြားဖူးတယ်မဟုတ်လား။
“ဖွတ်တက်လို့ မွဲသွားရင် မယားခေါင်းခုလုပ်စရာ လုံချည်အစုတ်တော့ ကျန်သေးတယ်။
အဂ္ဂိရတ်ဆရာ ကြောင့်မွဲပြီးဆိုရင် ခေါင်းခုလုပ်စရာ လုံချည်စုတ်တောင် မကျန်တော့ဘူး”
ဆိုတာလေ။
အခု အဲဒီသူကြီးအိမ်မှာ အဂ္ဂိရတ်ဆရာ ရောက်နေပြီဗျ။
ကျုပ်ထက်သာတဲ့သတ္တဝါ ရောက်နေမှတော့ ကျုပ်က ဘာတက်နေဖို့ လိုသေးလဲ။
ဒါကြောင့် ကျုပ်လည်း ကိုယ့်နေရာ ကိုယ်အေးအေးဆေးဆေးပဲနေတော့မယ်။
ခင်ဗျားလည်း အေးအေးဆေးဆေးသာနေပေတော့။
မကြာခင် ခင်ဗျား မြင်ချင်တာ မြင်ရပါစေ့မယ်ဗျာ” 
လို့ပြန်ပြောလိုက်သတဲ့ကွယ်။


++++++++++++++++++++++++++++++++++++

ကျနော်တို့နိုင်ငံ ဘာကြောင့်မွဲသွားသလဲ ဆိုတာကို မဆီမဆိုင် တွေးမိပါတယ်။
ဖွတ်တက်လို့ မွဲတာလား။
အဂ္ဂိရတ်ဆရာကြောင့် မွဲသွားတာလား။
ဘာကြောင့်ပဲ ဖြစ်ဖြစ်
ပြန်ချမ်းသာလာဖို့တော့ လူတိုင်းမှာ တာဝန်ရှိပါတယ်။
တစ်ယောက်၊တစ်လက်၊တစ်အားနဲ့သာဆိုရင်...


Thursday, May 24, 2012

"ကိုယ့်ဘဝမှာ အရေးအကြီးဆုံးအရာ..."




စိတ်ချမ်းသာအောင် လုပ်နည်း အကျဉ်းချုပ်…မှ အဆက်

၇။       စိတ်ချမ်းသာမှုဟာ ကိုယ့်ဘဝမှာ အရေးအကြီးဆုံးအရာ ဆိုတာကို မမေ့ပါနဲ့။
အရာရာတိုင်းဟာ စိတ်ချမ်းသာမှုရဖို့ လုပ်ရတာ။
စိတ်ချမ်းသာမှုဟာ လိုရင်း။                         
ဒါကြောင့် ရေရှည် စိတ်ဆင်းရဲရမယ့်ကိစ္စကို ရှောင်ပါ။
ကိုယ့်ကို ရေရှည် စိတ်ဆင်းရဲစေမယ့်သူကို ရှောင်ပါ။
စိတ်ချမ်းသာစရာတွေကို ရှာပြီးလုပ်ပါ။
+++++++++++++++++++++++++++

ကြည်လင်အေးချမ်းတဲ့မျက်နှာနဲ့နေတဲ့ အကျင့်ကို လုပ်ပါ။
တချို့လူတွေဟာ ပြုံးနေတတ်တယ်။
တချို့လူတွေဟာ အလိုမကျတဲ့မျက်နှာ၊ စိတ်ဆိုးနေတဲ့မျက်နှာနဲ့နေတတ်တယ်။
ပင်ကိုယ်မျက်နှာထားကိုက တစ်ခုခုကို မကျေနပ်သလို မျက်နှာမျိုး ဖြစ်နေတတ်တယ်။
တကယ် စိတ်အေးချမ်းလာရင် စိတ်ရဲ့အေးချမ်းမှုဟာ မျက်နှာမှာ ပေါ်ပါတယ်။
အေးချမ်းတဲ့မျက်နှာဟာ ကျက်သရေရှိတယ်။ ခင်စရာ ကောင်းတယ်။
+++++++++++++++++++++++++++

မိုနာလီဆာ ပန်းချီးကားကို မြင်ဖူးသလား။
ပြုံးသလိုလို မျက်နှာမျိုး။
တစ်ခုခုကို တွေးပြီး ပြုံးနေသလိုပဲ။
ကြာကြာကြည့်လေ ကြည့်လိုကောင်းသလိုပဲ။
ကြည့်လို့အကောင်းဆုံး မျက်နှာဟာ ပြုံးနေသလိုလို မျက်နှာပဲ။
ပျော်နေတဲ့သူတွေဟာ ပြုံးနေသလို ဖြစ်နေတယ်။
+++++++++++++++++++++++++++

၈။       တစ်ခါတစ်လေ စိတ်မကောင်းဖြစ်နေတဲ့အခါ ရှိတတ်ပါတယ်။
အဲဒီအခါမှာ ကိုယ်ခံစားရတာကို ပြောချင်တယ်။ ပြောပါ။
ဒါပေမယ့် တကယ်ဖြစ်နေတာကို ပိုဆိုးတယ်လို့ ထင်ရအောင် မပြောပါနဲ့။
အပိုအလိုမရှိ ပြောပါ။
+++++++++++++++++++++++++++

မိတ်ဆွေ တစ်ယောက်ယောက် စိတ်မကောင်းစရာ အခြေအနေတစ်ခုခု ကြုံရလို့
ကိုယ့်ကိုပြောတဲ့အခါ အေးအေးဆေးဆေးပဲ နားထောင်ပါ။
စိတ်ဆင်းရဲတဲ့အမူအရာနဲ့ နားမထောင်ပါနဲ့။
သူ စိတ်ဆင်းရဲလို့ ကိုယ်ပါလိုက်ပြီး စိတ်ဆင်းရဲလိုက်တာဟာ ဘယ်သူ့အတွက်မှ
အကျိုးမရှိနိုင်ပါဘူး။
+++++++++++++++++++++++++++

သူများတွေ စိတ်ညစ်စရာလို့ ယူဆတဲ့ကိစ္စကို ကိုယ်က အေးအေးဆေးဆေးကိုင်တွယ်ဖြေရှင်း
နိုင်ဖို့ ကြိုးစားပါ။
ဘာလုပ်ရမှန်း မသိတော့ဘူး။
စိတ်ညစ်လိုက်တာ ဆိုတဲ့စကားကို မပြောတာ ကောင်းတယ်။
+++++++++++++++++++++++++++


၉။       ကိုယ့်ဘဝအခြေအနေကို ဘယ်သူနဲ့မှ မနှိုင်းတာ ကောင်းတယ်။
တကယ်လို့ နှိုင်းရမယ်ဆိုရင် ကိုယ့်လောက်အဆင်မပြေတဲ့သူနဲ့ နှိုင်းပါ။
အဲဒါ စိတ်ချမ်းသာတယ်။
+++++++++++++++++++++++++++

၁၀။     အကောင်းမြင်စိတ်ကို မွေးပါ။
ဖန်ခွက်ထဲမှာ ရေတစ်ဝက် ပြည့်နေသလား။
ဒါမှမဟုတ် ရေတစ်ဝက် လျော့နေသလား ဆိုရင် တစ်ဝက်ပြည့်နေတယ်လို့ပဲ ပြောပါ။
+++++++++++++++++++++++++++

၁၁။     စိတ်ဆင်းရဲပြီးမှ ရတဲ့ငွေကို မလိုချင်ပါနဲ့။
စိတ်ချမ်းချမ်းသာသာနဲ့ ရှာပါ။
စိတ်ချမ်းချမ်းသာသာနဲ့ သုံးပါ။
ကိုယ့်မှာ သုံးလောက်အောင် ဝင်ငွေရှိရင် နောက်ထပ်ရတဲ့ငွေဟာ စိတ်ချမ်းသာမှုကို
တကယ် အထောက်အကူပေးမှ ကောင်းတယ်။
ငွေပို အချိန်ပိုရှိရင် ပညာလည်းရပြီး ပျော်လည်းပျော်တာကို များများလုပ်ပါ။
ငွေကုန်ပြီး ကျန်းမာရေးထိခိုက်တာကို မလုပ်ပါနဲ့။
+++++++++++++++++++++++++++

၁၂။     ကိုယ့်အကြောင်းကို ကောင်းတာတွေ ရှာတွေးပါ။
သူများအကြောင်းကိုလည်း ကောင်းတာတွေ ရှာတွေးပါ။
ကောင်းတာ ရှာတွေးရင် စိတ်ချမ်းသာတယ်။
ကိုယ်နဲ့အမြဲအတူနေတာ ဘယ်သူလဲ။ ကိုယ်ပါပဲ။
အဲဒါကြောင့် ကိုယ့်ကိုယ်ကို ကိုယ်ချစ်ပါ။
ကိုယ့်ကိုယ်ကို ကိုယ် စိတ်ချမ်းသာစရာ ပြောပါ။
+++++++++++++++++++++++++++

၁၃။     တခြားကိစ္စတွေမှာ မအောင်မြင်ရင် ရှိပါစေတော့။
စိတ်ချမ်းသာအောင် နေတတ်တယ် ဆိုရင် အောင်မြင်တယ်လို့ မှတ်ပါ။
စိတ်ချမ်းသာမှုဟာ အကြီးမားဆုံး အောင်မြင်မှုပဲ။
+++++++++++++++++++++++++++

၁၄။     စိတ်ချမ်းသာအောင် နေတတ်တဲ့သူဟာ တာဝန်ကျေပါတယ်။
စိတ်ချမ်းသာအောင် မနေတတ်ရင် တာဝန်မကျေဘူး။
သူများကို စိတ်ချမ်းသာစေချင်ရင် ကိုယ်က အရင် စိတ်ချမ်းသာနေမှ ဖြစ်မယ်။
စိတ်မချမ်းသာတဲ့သူဟာ ဝန်ထုတ်ဝန်ပိုးလို ဖြစ်နေတယ်။
သူ့ကို တခြားတစ်ယောက်ယောက်က စိတ်ချမ်းသာအောင်လုပ်ပေးရမယ်။
အဲဒီတာဝန်ကို တကယ်တော့ ဘယ်သူမှ မယူနိုင်ပါဘူး။
ကိုယ့်စိတ်ချမ်းသာမှုကို ကိုယ်ပဲ တာဝန်ယူရမယ်။
+++++++++++++++++++++++++++

စိတ်ချမ်းသာဖို့လိုရင်းပါ (ဆရာတော်ဦးဇောတိက) စာအုပ်မှ ကောက်နှုတ်ဖော်ပြပါတယ်။
+++++++++++++++++++++++++++

ကိုယ်ကိုယ်တိုင် ဖတ်ဖို့…(၂၄)...


Sunday, May 20, 2012

"ရှယ် ကို ကြိုက်တဲ့ အကျိုး..."



တစ်ခါတုန်းက
ကျနော်ဟာ တာချီလိတ်မြို့၊တာလော့ဈေးအနီးက ဗယ်လင်တိုင်းကဖီးဆိုင်ထဲကို ဝင်လိုက်တာနဲ့
ကျနော်ကို ကိုအေးဆွေက လှမ်းခေါ်သံကို ကြားလိုက်ပါတယ်။
ကျနော်လည်း ကိုအေးဆွေထိုင်နေတဲ့စားပွဲကို လျှောက်လာခဲ့ပါတယ်။
နေရာပေးတာနဲ့ ကုလားထိုင်မှာ ဝင်ထိုင်လိုက်ပြီး
ကော်ဖီတစ်ခွက်ကို လှမ်းမှာလိုက်ပါတယ်။
ကိုအေးဆွေကို ကြည့်လိုက်တော့
“ညာဖက်လက်မှာ ကျောက်ပတ်တီးနဲ့ပါလား”
“ကိုအေးဆွေ ဘယ်လိုဖြစ်တာလဲ” လို့မေးလိုက်မိပါတယ်။
ကိုအေးဆွေက ရီရီမောမော ဇာတ်လမ်းကိုပြောပြပါတယ်။
ကိုအေးဆွေရဲ့ မိသားစုက ရန်ကုန်မြို့၊တောင်ဒဂုံမှာ ရှိကြပါတယ်။
သူကတော့ တာချီလိတ်မြို့မှာ အရောင်းအဝယ်လုပ်ရင်းနေထိုင်နေသူဖြစ်တယ်။
“ကျနော် ရန်ကုန်ကို ဒီတစ်ခေါက်ပြန်တော့ ဖြစ်ခဲ့တာပါပဲဆရာ၊
ဖြစ်ပုံက ဒီလို၊
တစ်နေ့ တောင်ဒဂုံကနေ မိတ်ဆွေတစ်ဦးအိမ်ကို ဖိတ်လို့သွားတယ်။
ဆိုက်ကား စီးမလို့ ဆိုက်ကားဆရာကိုခေါ်တော့
“ဆရာ၊ ရိုးရိုးစီးမလား၊ ရှယ်စီးမလား” လို့မေးတယ်။
ကျနော်လည်း ထူးဆန်းသွားတာပေါ့။
“ပြောစမ်းပါဦး၊ ရိုးရိုးနဲ့ ရှယ်က ဘာကွာခြားသလဲ” လို့မေးလိုက်တယ်။
ဆိုက်ကားဆရာလေးက
“ရိုးရိုးကတော့ တောင်တက်တွေ ရှိရင်လမ်းလျှောက်ရမယ်။
လိုအပ်ရင် ဆင်းတွန်းရမယ်။
ရှယ်ဆိုရင်တော့ ဆရာ၊ဆင်းစရာမလိုဘူး။
ရိုးရိုးဆိုရင် ထီးမမိုးပေးဘူး။
ရှယ်ဆိုရင်တော့ ထီးမိုးပေးမယ်။
ဆရာသွားမယ့်ခရီးက ရိုးရိုးဆိုရင် သုံးရာကျပ် ကျမယ်။
ရှယ်ဆိုရင် ငါးရာကျပ် ကျမယ်”
သူပြောတာကို စိတ်ဝင်စားသွားတဲ့အတွက် ကျနော်ဟာ
ရှယ်ကို ရွေးချယ်လိုက်ပါတယ်။
စထွက်တော့ လမ်းကညီညာနေတော့ အစဉ်ပြေနေတာပေါ့။
နေပူပူမှာ ထီးကို ကိုယ်ကိုယ်တိုင် ကိုင်ဆောင်းစရာမလိုပဲ ထီးမိုးပေးသူနဲ့ဆိုတော့
“တယ်ဟုတ်ပါလား” လို့တောင် တွေးဖြစ်သေးတယ်။
တောင်ကုန်းတစ်ခုရောက်တော့ ဆိုက်ကားဆရာလေးရဲ့လက်တစ်ဖက်က ထီးကိုကိုင်ထားတယ်။
တောင်ကုန်းကလည်း နည်းနည်းလေး မတ်လာတော့ သူမနိုင်မနင်းဖြစ်လာတယ်။
ဒီလမ်းကို သူနှစ်ပေါင်းများစွာ နင်းလာကြောင်းလည်းပြောတော့
ကျနော်လည်း စိတ်ချလက်ချ စီးလာတာပေါ့။
အဲဒီအချိန်မှာပဲ ရိမ်းကြားဘတ်စ်ကားနှစ်စီးက အပြိုင်အဆိုင် လမ်းလုမောင်းလာတယ်။
ဒီတော့ ဆိုက်ကားဆရာလေးလည်း အခြေအနေ မဟန်မှန်းသိတော့ လမ်းဘေးထိုးချလိုက်တယ်။
ဆိုက်ကားဆရာလေးရော၊ ကျနော်ရော
ချောက်ထဲ ထိုးကျသွားတာပေါ့။
အောက်မှာ ရေစပ်စပ်ရှိတဲ့ ဗွက်အိုင်ရှိနေလို့တော်သွားတာ။
နို့မဟုတ်ရင် ဒီထက်ပိုဆိုးသွားနိုင်တယ်။
ဒါပေမယ့် နှစ်ယောက်စလုံးတော့ ရွံ့အလိမ်းလိမ်းနဲ့ပေါ့။
မိတ်ဆွေဆီလည်း ဆက်မသွားဖြစ်တော့ပါဘူး။
အိမ်ကိုပြန်လာခဲ့တယ်။
လက်က နာနေတာနဲ့ ဆေးခန်းကို သွားပြတော့ အရိုးအက်တယ်လို့ပြောတယ်။
ဓာတ်မှန်ရိုက်ကြည့်တော့ အရိုးကျိုးနေတာကို သိရတာနဲ့
ကျောက်ပတ်တီး စည်းဖြစ်သွားတာပဲဆရာ၊
အဲဒါ ရှယ်ကို ကြိုက်တဲ့ အကျိုးပေါ့ဆရာရယ်” တဲ့။

လူသားတိုင်း ကျန်းမာကြပါစေ... လူသားတိုင်း ချမ်းသာကြပါစေ...
ခန္ဓာကိုယ်ကို လေ့ကျင့်ခန်းနဲ့စောင့်ရှောက်ပါ။ စိတ်ကို စာဖတ်ခြင်းနဲ့စောင့်ရှောက်ပါ။...

နူတ်ဆက်စကားလေးများ.....

မြန်မာတို့ရဲ့ ဘလော့ဂ်များ...

picoodle.com