Thursday, November 29, 2012

"အမေ့ထံသို့ ပေးစာများ-၆၂..."





သို့
ချစ်တဲ့အမေ
သား သတိရစွာဖြင့် စာရေးလိုက်ပါတယ်။
အမေ နေကောင်းလား။
အမေရိကန်သမ္မတ အိုဘားမားတစ်ယောက်ဟာ မြန်မာပြည်ကိုလာပြီး
ရန်ကုန်တက္ကသိုလ်ရဲ့ဘွဲ့နှင်းသဘင်အဆောက်အဦးမှာ
မြန်မာပြည်သူတွေကို မိန့်ခွန်းပြောတာကို သတင်းဋ္ဌာန
ကနေ တွေ့လိုက်ရတယ်။
ဝမ်းသာရပါတယ်။
သမိုင်းဝင် အဆောက်အဦးတစ်ခုကို သမ္မတက ရွေးချယ်ပြီး မိန့်ခွန်းပြောတာကို
ဝမ်းမြောက်ဝမ်းသာဖြစ်ရပါတယ်။
အဲဒီသမ္မတရဲ့မိန့်ခွန်းဟာလည်း သမိုင်းဝင်မိန့်ခွန်းပါပဲ။
အဲဒီမိန့်ခွန်းကို   အမေလည်း နားထောင်ပြီးထင်ပါတယ်။
နားမထောင်ဖြစ်သေးဘူးဆိုရင်တော့ ကျနော်မှတ်စုထုတ်ပြီး ပို့ပေးပါ့မယ်။
ကျနော်တို့ရဲ့မစ်ချီဂန်မှာတော့ ရာသီဥတုက အေးသထက်အေးလာတယ်။
တစ်နေ့တုန်းကတောင် ဆီးနှင်းတွေကျလို့ လမ်းတွေ၊ အိမ်တွေ၊ သစ်ပင်တွေ
ဖွေးဖွေးကို ဖြူသွားတာပါပဲ။
အပူချိန်ကတော့ သုံးဆယ်အောက်ကိုရောက်သွားပြီ။
အနွေးထည်လည်း ပါတာနဲ့မလုံလောက်လို့ ထပ်ဝယ်ရတယ်။
ဒီဒေသမှာရောင်းတဲ့အနွေးထည်ကသာ ဒီဒေသရဲ့အအေးဒဏ်ကို ခံနိုင်တယ်လို့
ဒေသခံတစ်ယောက်ကပြောတယ်။
အဲဒါလည်း မှန်တာပဲ။
ကယ်လီဖိုးနီးယားမှာတုန်းကတော့ ရာသီဥတုက မြန်မာပြည်က ရာသီဥတုနဲ့ဆင်တူနေတော့
အနွေးထည် ထပ်မဝယ်ဖြစ်ခဲ့ဘူး။
မြန်မာပြည်က ပါလာတဲ့ အနွေးထည်နဲ့လုံလောက်ခဲ့တယ်။
အဆောက်အဦးတိုင်းမှာ Heater လို့ခေါ်တဲ့အနွေးပေးစက်တွေ
တပ်ဆင်ထားလေတော့ အလုပ်ခွင်မှာ၊ အိမ်မှာဆိုရင်
နေရတာကောင်းပေမယ့် အပြင်ထွက်တာနဲ့
ရေခဲဆုပ်တွေနဲ့မျက်နှာကို ပက်ဖျန်းလိုက်သလို အေးစက်တောင့်တင်းသွားတဲ့
ခံစားချက်မျိုးကို ခံစားရတယ်။
အပြင်မထွက်လို့မရဘူးလေ။
အလုပ်ကိုသွားရတယ်။ ပြီးရင် အိမ်ပြန်ရတယ်။
အဲဒီကြားကာလကတော့ အပြင်ထွက်နေရတာပဲ။
ကားရှိလို့တော်သေးတယ်။
ဘတ်စ်ကားစီးတဲ့လူတစ်ယောက်ကပြောတယ်။
ဘတ်စ်ကားမှတ်တိုင်မှာ ကားစောင့်ရင်း ခုန်ပေါက်နေရတယ်။
အအေးဒဏ်ကြောင့် ရပ်နေလို့ကို မရဘူး။
အေးခဲသွားမှာစိုးလို့ ခုန်ပေါက်နေရတယ်တဲ့။
ခုန်နေတော့လည်း သွေးပူနေတော့ ခံသာတာပေါ့။


မောလ်ထဲမှာ အလုပ်လုပ်တာ တစ်နှစ်နီးပါးရှိတော့မယ်။
နိုဝင်ဘာလ၂၂-ရက်နေ့ကျတော့မှ မောလ်ပိတ်တယ်။
အဲဒီနေ့က Thanksgiving Day (ကျေးဇူးတော်နေ့)
ရုံးပိတ်ရက်။ထူးထူးခြားခြား တစ်ရက်ပိတ်တယ်။
နောက်တစ်နေ့ကတော့ Black Friday မှာတော့ မောလ်က
ည သန်းခေါင်အချိန်က စပြီးဖွင့်တယ်။
ဈေးဆိုင်တိုင်းလိုလို ဈေးနှုန်းကို အထူးလျှော့ဈေးပေးတော့
သန်းခေါင်ယံကထဲ လူတွေကြိတ်ကြိတ်တိုးနေတာပဲ။
ကျနော်တို့ စားသောက်ဆိုင်ကတော့ နံနက် ၅းဝဝနာရီမှ ဖွင့်ဖြစ်တယ်။
ကျန်တဲ့စားသောက်ဆိုင်တွေကတော့ သန်းခေါင်ယံကထဲက ဖွင့်တယ်။
လွန်ခဲ့တဲ့နှစ်က ပင်တာ စားသောက်ဆိုင်ကတော့ ညလယ်ကထဲက ဖွင့်တာ
နောက်တစ်နေ့ည ၁၀းဝဝ အထိ ဒေါ်လာတစ်သောင်းကျော်
ရခဲ့ဖူးတယ်လို့ မန်နေဂျာကပြောတယ်။
ဝန်ထမ်းအင်အားမလုံလောက်မှုကြောင့် ကျနော်တို့စားသောက်ဆိုင်ကတော့
နံနက်၅းဝဝနာရီမှ လာဖွင့်တယ်။
ဒါတောင် ဒေါ်လာ ငါးထောင်ပတ်ဝန်လောက်ကို ရလိုက်တယ်။
တစ်ရက်ထဲနဲ့ ပုံမှန်ဝင်ငွေထက် လေးငါးဆလောက် ရလိုက်တဲ့သဘောပေါ့။
ဝန်ထမ်းအင်အား နည်းတော့ ရှိသမျှဝန်ထမ်းတွေ အားလုံးလိုလို ပြိုင်းသွားတာပဲ။
ပိုင်ရှင်အဖို့တော့ ပြုံးသွားတာပေါ့လေ။
သူများတွေ ရလိုက်တာကို သိတော့ ပိုင်ရှင်က ပြုံးတာတောင် ပီပီပြင်ပြင် မပြုံးနိုင်ဘူး။
တကယ်လို့ သန်းခေါင်ယံကသာဖွင့်ရင်
ဆိုတဲ့အတွေးကြောင့် မဲ့ပြုံးတောင် ဖြစ်သွားသလားမသိပါဘူး။
လောဘရဲ့သဘောကတော့ ပြုံးစရာကိုတောင် ငိုချင်စိတ်ပေါက်သွားစေနိုင်တယ်လေ။
ကျနော်တို့ စုပေါင်းနေတဲ့ အဆောက်အဦးက ငှားရမ်းတဲ့ကာလ ပြည့်သွားပြီ။
ပိုင်ရှင်သူဋ္ဌေးက မြို့လယ်ခေါင်မှာ နှစ်ထပ်တိုက်တစ်လုံး ဝယ်မယ်လို့
သတင်းသဲ့သဲ့ ကြားမိတယ်။
ဝန်ထမ်းတွေ အားလုံးဟာ အဲဒီနှစ်ထပ်တိုက်ကိုပြောင်းရမယ်လို့
သိရတယ်။
ကောင်းပါတယ်။
ကျနော်တို့လည်း ပိုကောင်းတဲ့နေရာကို ပြောင်းနေရတာပေါ့။
သူဋ္ဌေးလည်း နောက်ထပ်တိုက်တစ်လုံးကို သိသိသာသာ ပိုင်ဆိုင်သွားတာပေါ့။
ဝန်ထမ်းတွေရဲ့ဘဝကသာ မသိသာတာပါ။
ပိုင်ရှင်ရဲ့ဘဝကတော့ သိသာလွန်းလှပါတယ်။


အမေ ပြောခဲ့ဖူးတဲ့အိပ်ယာဝင် ပုံပြင်တစ်ပုဒ်ကို သွားသတိရမိတယ်။
ဘာတဲ့။ “လားပင်စင်” ဆိုတာလေ။
တစ်ခါတုန်းက ဆိုပြီးအမေကပြောတယ်။
လားတစ်ကောင် ရှိလေရဲ့။
သူ့ရဲ့အဖေက မြင်းပေါ့။
သူ့ရဲ့အမေကတော့ မြည်းဖြစ်တယ်။
လားဆိုတာ သူ့အဖေထက်လည်း အလုံအဖန်တောင့်တယ်။
သူ့အမေထက်လည်း အရပ်အမောင်းကောင်းတယ်။
အလေးအပင် သယ်တဲ့နေရာမှာတော့ လားဟာ အကောင်းဆုံးသတ္တဝါ တစ်မျိုးပေါ့။
လားဟာ လယ်သမားတစ်ဦးဆီမှာမွေးဖွားခဲ့တယ်။
လယ်သမားရဲ့သားက အဲဒီလားကို သိပ်ချစ်တယ်။
လားကလည်း လယ်သမားရဲ့သားကို ချစ်တာပဲ။
သူတို့တွေဟာ တပူးတွဲတွဲနဲ့အနေများကြတယ်။
လယ်သမားသားက သူ့ကို စကားလာလာပြောတယ်။
လားဟာ ပြန်မပြောတတ်ပေမယ့် နားထောင်တတ်တယ်။
လယ်သမားသားက သူ့ကိုချစ်တယ်ဆိုတာကိုလည်း သိတယ်။
ဒီလိုပဲ ပျော်ပျော်ရွှင်ရွှင် နေလာခဲ့တာ
လားလေးအရွယ်ရောက်တဲ့အထိပဲဆိုပါတော့။
တစ်နေ့တော့ ချမ်းသာတဲ့ တရုပ်တစ်ယောက်ဟာ
အဲဒီလားကို မြင်တာနဲ့ သဘောကျသွားတယ်။
သူ့အဖို့ ကုန်ပစ္စည်းတွေကို သယ်ယူပို့ဆောင်ဖို့
ဒီလားဟာ အကောင်းဆုံး ဖြစ်မှာကို မြင်တာကိုး။
အဲဒီနှစ်မှာ မိုးခေါင်တော့ လယ်တွေပျက်တယ်။ စပါးအထွက်နည်းတယ်။
လယ်သမားကြီးမှာ အရှုံးပေါ်တယ်။ အကြွေးတွေတင်တယ်။
ငွေလိုချိန်မှာ လားကိုလာဝယ်တော့ လယ်သမားကြီးက ရောင်းချင်တယ်။
လယ်သမားကြီးရဲ့ဇနီးက လားအပေါ်ချစ်နေတော့ မရောင်းချင်ဘူး။
ဒါပေမယ့် အကြွေးတွေပတ်ပတ်လည် ဝိုင်းနေတော့
လယ်သမားကြီးရဲ့ဆန္ဒကိုလည်း မတားရက်ဘူး။
ဒါနဲ့ပဲ လယ်သမားရဲ့သား ကျောင်းတက်နေချိန်မှာ လားကို တရုပ်ဆီရောင်းလိုက်တယ်။
လယ်သမားသား ကျောင်းကပြန်လာတော့ လားကို မမြင်တော့ မေးတယ်။
အမေက စိတ်မကောင်းစွာနဲ့ အကြောင်းစုံရှင်းပြတယ်။
လယ်သမားသားဟာ ငိုတယ်။ တရှုံ့ရှုံ့ ငိုတာပေါ့။
အမေက ဒီမှာ ရပ်ပြီး “ငွေကြောင့် ချစ်ခြင်းတွေ ကွဲကုန်တယ်။
ငွေဟာ မရှိမကောင်း၊ ရှိမကောင်းပါ။
မရှိရင်လည်း ဒုက္ခ၊ ရှိပြန်တော့လည်း ဒုက္ခပါပဲ”။
အမေက ခဏနားပြီး ဆက်ပြောတယ်။
လားဟာ နှစ်ပေါင်းများစွာ တရုပ်ကြီးရဲ့ ကုန်ပစ္စည်းတွေကို သယ်ဆောင်ပေးခဲ့ရတယ်။
တစ်နေ့တော့ စစ်ကြောင်းနဲ့တိုးပါလေရော။
တရုပ်ကြီးရဲ့ကုန်ပစ္စည်းက တရားမဝင်တဲ့ကုန်ပစ္စည်းတွေ ဖြစ်တော့
ကုန်ပစ္စည်းလည်း အသိမ်းခံရတယ်။
လားလည်း သိမ်းတဲ့အထဲပါသွားတယ်။
တရုပ်ကြီးကတော့ ထောင်ကျသွားတယ်။
လားဟာ ကုန်ပစ္စည်းသယ်တဲ့အလုပ်ကနေပြီး စစ်လက်နက်တွေ
သယ်တဲ့အလုပ်ကို ပြောင်းသွားတယ်။
အလေးအပင်သယ်ဆောင်ရတဲ့အလုပ်ကတော့ အတူတူပါပဲ။
တရုပ်ကြီးလက်ထက်တုန်းက အစားအသောက်ကောင်းကောင်းစားရတယ်။
စစ်သားတွေလက်ထဲရောက်တော့ အစားအသောက် မမှန်တော့ဘူး။
ပြီးတော့ အလုပ်ကလည်း ပိုပင်ပန်းလာတယ်။
တစ်ခါတစ်လေ တိုက်ပွဲတွေကြားထဲပြေးလွှားနေရတယ်။
စစ်တပ်မှာလည်း နှစ်ပေါင်းများစွာ အလုပ်လုပ်ခဲ့ရတယ်။
တစ်နေ့တော့ ဘယ်ကပစ်လိုက်မှန်းမသိတဲ့ကျည်ဆံကြောင့် လားဟာ
ပေါင်တစ်ဖက်ကိုထိပြီး တောင်အောက်ကို ပြုတ်ကျသွားတယ်။
မသေဘူး။
လမ်းကောင်းကောင်း မလျှောက်နိုင်တော့တာ။
စစ်သားတွေက လားဆီက စစ်လက်နက်ပစ္စည်းတွေကို
အခြားလားတစ်ကောင်ပေါ်ပြောင်းတင်တယ်။
ပြီးတော့ ဗိုလ်ကြီးက စစ်သားတွေကို အမိန့်ပေးလိုက်တယ်။
“ဒီလားကို ပင်စင်ပေးလိုက်တော”့ တဲ့။
အဲဒီညမှာ လားအသားကို ကင်ပြီးအောင်သေအောင်သား စားကြသတဲ့ကွယ်"…။
အမေက ပုံပြင်ကို အဆုံးသတ်လိုက်ချိန်မှာ ကျနော်တို့တွေက
လားကို သနားနေမိတယ်။
ကျနော်တို့လူသားတွေလည်း လားတွေ ဖြစ်နေပြီလား။
ခွန်အားရှိတုန်း အစွမ်းကုန် ရုန်းကန်လုပ်ခဲ့ပြီး
ရတဲ့ရလာဒ်က...
ကဲ…အမေရေ့ စာရှည်သွားပြီးမို့ ရပ်လိုက်ဦးမယ်။
အမေ ကိုချစ်တဲ့သား
အောင်ဝင်းဟိန်း
လင်စင်းမြို့၊
မစ်ချီဂန်ပြည်နယ်၊
အမေရိကန်နိုင်ငံ။
၁၁-၂၉-၂၀၁၂









လူသားတိုင်း ကျန်းမာကြပါစေ... လူသားတိုင်း ချမ်းသာကြပါစေ...
ခန္ဓာကိုယ်ကို လေ့ကျင့်ခန်းနဲ့စောင့်ရှောက်ပါ။ စိတ်ကို စာဖတ်ခြင်းနဲ့စောင့်ရှောက်ပါ။...

နူတ်ဆက်စကားလေးများ.....

မြန်မာတို့ရဲ့ ဘလော့ဂ်များ...

picoodle.com