Friday, December 11, 2009

“ ယုံမှ..ကြည်တာပါ...”



တစ်ခါတုန်းကပေါ့။ မွန်ပြည်နယ်က တောရွာတစ်ရွာမှာ

အလွန်ချစ်ခင်ကြတဲ့သူငယ်ချင်းနှစ်ယောက်ရှိကြတယ်။

တစ်ယောက်က မောင်မြင့်ရွှေ ဖြစ်ပြီး

နောက်တစ်ယောက်က မောင်သန်းအေးဖြစ်တယ်။

သူတို့နှစ်ယောက်စလုံးဟာ ဆယ်တန်းစာမေးပွဲကိုကျကြတယ်။

ဒါနဲ့ပဲ မောင်မြင့်ရွှေက စစ်ထဲဝင်ဖို့မောင်သန်းအေးကို အဖေါ်ညှိတယ်။

မောင်သန်းအေးက ဝါသနာမပါတဲ့အတွက် စစ်ထဲဝင်ဖို့ငြင်းတယ်။

ဒါနဲ့ပဲ မောင်မြင့်ရွှေဟာ စစ်ထဲဝင်ဖြစ်သွားတယ်။

မောင်သန်းအေးက သူ့အနေနဲ့ စစ်ထဲမဝင်ပေမယ့်

သူ့ရဲ့အချစ်ဆုံးသူငယ်ချင်းအတွက် ဘိုးစဉ်ဘောင်ဆက်ကသိမ်းထားတဲ့

ကျည်လွှဲ လက်ဖွဲ့တစ်ခုကို ပေးလိုက်ချင်ကြောင်းပြောတယ်။

နောက်တစ်နေ့မှာ သတ္တုပြားနဲ့လိပ်ထားတဲ့ လက်ဖွဲ့တစ်ခုကို ပေးလိုက်ပါတယ်။

စစ်ထဲဝင်သွားတဲ့ မောင်မြင့်ရွှေကတော့ သူငယ်ချင်းအပေါ်ယုံကြည်တာရယ်၊

လက်ဖွဲ့အပေါ်ယုံကြည်တာရယ်ကြောင့် ပေးလိုက်တဲ့ လက်ဖွဲ့ကို

လက်မှာအမြတ်တနိုးနဲ့ချည်နှောင်ထားပါတယ်။

မောင်မြင့်ရွှေဟာရှေ့တန်းကို အကြိမ်ကြိမ်အခါခါထွက်ရပါတယ်။

ရွတ်ရွတ်ချွန်ချွန်လည်းတိုက်တယ်။ တိုက်တိုင်းလည်းအောင်နိုင်တယ်။

ဘာဒဏ်ရာမှမရခဲ့ပါဘူး။

စစ်မှုထမ်းသက်(၆)နှစ်ရှိလာတော့မှ ခွင့်ယူပြီး ရွာကိုတစ်ခေါက်ပြန်ပါတယ်။

ရွာရောက်ရင်ဘဲ ငယ်သူငယ်ချင်းဖြစ်တဲ့ မောင်သန်းအေးကိုရှာပြီး

ပေးလိုက်တဲ့လက်ဖွဲ့အတွက် အထူးကျေးဇူးတင်ကြောင်းပြောတာပေါ့။

ရှေ့တန်းမှာတိုက်ခဲ့တဲ့တိုက်ပွဲအတွေ့အကြုံတွေကိုလည်း အားပါးတရပြောပြတယ်။

လက်ဖွဲ့ကြောင့် ကျည်လွဲပြီး ဘာဒဏ်ရာမှ မရခဲ့ကြောင်းကိုလည်း အားရပါးရပြောပြခဲ့တယ်။

မောင်သန်းအေးက“ မင်းကို ငါပေးလိုက်တဲ့လက်ဖွဲ့ကို မင်းတစ်ခါမှ ဖွင့်မကြည့်ဘူးလား?”

“ငါ တစ်ခါမှ ဖွင့်မကြည့်ဖြစ်ပါဘူး၊ ဘာဖြစ်လို့လဲ?”

“မင်းကို ငါကနောက်လိုက်တာကွ၊ ဖွင့်ကြည့်လိုက်ပါလား”

ထိုအခါမှ မောင်မြင့်ရွှေက လက်မှာချည်နှောင်ထားတဲ့ လက်ဖွဲ့ကို

ထုတ်ပြီးဖြည်ကြည့်လိုက်မိပါတယ်။

စာထဲမှာက“ သူငယ်ချင်း မင်းတိုက်ပွဲကျရင် မင်းနှမ ကို ငါယူလိုက်မယ်”

မောင်မြင့်ရွှေဟာအဖြစ်မှန်ကိုသိရတော့ အရမ်းလည်း ဒေါသထွက်မိတယ်။

အရူးအလုပ်ခံရတဲ့အတွက် ရှက်လည်းရှက်သွားတယ်။

စိတ်မချမ်းမသာလည်းဖြစ်ရပါတယ်။

မောင်သန်းအေးကိုလည်း ဆွဲထိုးချင်လောက်အောင်ဖြစ်ပေမယ့် မထိုးဖြစ်ခဲ့ပါ။

မောင်မြင့်ရွှေဟာ ခွင့်ရက်ပြည့်တဲ့အခါ တပ်သို့ပြန်သွားပါတယ်။

မကြာခင်မှာ ရွာသို့သတင်းဆိုးရောက်လာပါတော့တယ်။

“မောင်မြင့်ရွှေ ရှေ့တန်း တိုက်ပွဲမှာကျဆုံးသွားပါကြောင်း” ဆိုသောသတင်း။



လူတွေဟာ ယုံကြည်ချက်ကြောင့် အသက်ရှင်နေကြတာပါ။

ယုံတော့ကြည်တာပေါ့။ စိတ်လည်းကြည်တယ်။ လူလည်းကြည်တယ်။

ယုံကြည်ချက်ကို သစ္စာဖေါက်တာခံလိုက်ရတဲ့အခါ

အားလုံးဟာပုံပျက်ပန်းပျက်ဖြစ်သွားတဲ့သဘောပါပဲ။

မလိုအပ်ဘဲနောက်ပြောင်တာဟာ လူတစ်ယောက်အတွက်

ဘယ်လောက်ထိခိုက်နစ်နာသွားရသလဲဆိုတဲ့ သင်ခန်းစာကိုရလိုက်ပါတယ်။


“ နောက်မဆုတ်နဲ့.....”



ဘယ်လောက်ကောင်းတဲ့အလုပ်ကိုပဲလုပ်လုပ်

ဆန့်ကျင်ဘက်အဖျက်သမားဆိုတာ

ရှိတတ်စမြဲဖြစ်လို့

ဘယ်သူတွေဘယ်လိုပဲဖျက်ဖျက်

ကိုယ်လုပ်သင့်လုပ်ထိုက်တဲ့အလုပ်ကောင်းတွေကို

ဘာအကြောင်းကြောင့်မှ နောက်မဆုတ်ဘဲ

မြန်မြန်ထက်ထက်၊သွက်သွက်လက်လက်
လုပ်သွားဖို့အရေးကြီးပါတယ်။


အရှင်ဆန္ဒာဓိက (ရွှေပါရမီတောရ)

“ ထွက်ပေါက်...”



ဟိုးရှေးရှေးတုန်းက အကျဉ်းစခန်းတစ်ခုမှာ အကျဉ်းသားတစ်ယောက်ဟာ နှစ်ပေါင်းများစွာ

ကြာအောင်အချုပ်အနှောင်ဘဝကို လက်ခံနေထိုင်ခဲ့တယ်။

တစ်နေ့မှာတော့ ပက်လက်လှန်အိပ်ရင်း စိတ်ကူးတစ်ခုရတယ်။

အဲဒီစိတ်ကူးကတော့ ခေါင်းမိုးနားကပ်နေတဲ့အပေါက်ကလေးကို ချဲ့ထွင်ပြီး အပြင်ထွက်ရင် မရနိုင်ဘူးလား?

ဆိုတဲ့စိတ်ကူးဖြစ်တယ်။

တွေးတောနေတာကြာပါတယ်ဆိုပြီး ထလုပ်ဖြစ်သွားပါတယ်။

အဲဒီအပေါက်ကလေးက အပေါက်ကြီးဖြစ်လာပြီး အဲဒီအပေါက်က လျှိုပြီး ထွက်ပြေးလွတ်မြောက်သွားပါတယ်။

အဲဒီတော့မှ အကျဉ်းခံဘဝကနေ လွတ်မြောက်သွားပါတော့တယ်။

ပုံပြင်လေးကတော့ဒါပါပဲ။


ဒီပုံပြင်လိုအဖြစ်အပျက်တွေက ပြင်ပလောကမှာအများကြီးရှိနေပါတယ်။

အထူးသဖြင့် စီးပွားရေးလောကမှာဖြစ်တယ်။

ထွက်ပေါက်ရှာမရတဲ့ကိစ္စ။

ထွက်ပေါက်မရှာတဲ့ကိစ္စ။

အရင်းအနှီးမရှိလို့ထိုင်နေတာမျိုး။

ပညာအရည်အချင်းမရှိလို့မှိုင်နေတာမျိုး။

သူတစ်ပါး ဘာခိုင်းမလဲ ဆိုပြီးထိုင်စောင့်နေတာမျိုး။

…………………………………………………….မျိုး။

……………………………………………………………မျိုး။

……………………………………………………………………….မျိုး။

အဲဒီအမျိုးမျိုးတွေကြောင့် ဘဝရဲ့အဖိုးတန်အချိန်တွေ အမြောက်အများ ကုန်ဆုံးရပါတယ်။

ဖြစ်သင့်ပါသလား?။

ဘာဘဲဖြစ်ဖြစ် ထွက်ပေါက်ကိုရှာကြည့်ပါလား?။

နည်းလမ်းရှာရင်တော့ တွေ့မှာပါ။

“ သူ့အားကိုးရင် ကိုယ့်အားညှိုးတယ်...”



ကိုယ်လိုချင်တဲ့ပျော်ရွှင်မှု

ကိုယ်ရချင်တဲ့ သာယာမှုက

သူတစ်ပါးနဲ့ဆက်စပ်နေရင်

ကိုယ်ပဲစိတ်အားငယ်နေရမှာပါ။


ကိုယ့်ဆန္ဒ၊ ကိုယ့်မျှော်လင့်ချက်ကို

တစ်ဖက်သားပုဂ္ဂိုလ်က

အချိန်တိုင်းဖြည့်ဆည်း

ပေးနိုင်တာမှမဟုတ်ပဲ။


အရှင်ဆန္ဒာဓိက(ရွှေပါရမီတောရ)....

စိတ်အားဖြည့်ဓမ္မသံစဉ် စာအုပ်မှ……

လူသားတိုင်း ကျန်းမာကြပါစေ... လူသားတိုင်း ချမ်းသာကြပါစေ...
ခန္ဓာကိုယ်ကို လေ့ကျင့်ခန်းနဲ့စောင့်ရှောက်ပါ။ စိတ်ကို စာဖတ်ခြင်းနဲ့စောင့်ရှောက်ပါ။...

နူတ်ဆက်စကားလေးများ.....

မြန်မာတို့ရဲ့ ဘလော့ဂ်များ...

picoodle.com