Wednesday, November 30, 2011

" လဲကျပြီးတိုင်း ပြန်ထပါ..."


တစ်ခါတုန်းက
ချီကာကိုထောင်ဟာ အလွန်နာမည်ဆိုးနဲ့ကျော်ကြားလှပါတယ်။
ထောင်ကျသူတွေဟာ ဆိုးသွမ်းတဲ့နေရာမှာ အလွန်နာမည်ကြီးလှပါတယ်။
ထောင်ကို ခြင်ထောင်လိုသဘောထားနေကြသူများလည်းဖြစ်တယ်။
ထောင်သားတွေဟာ ထောင်ကလွတ်ပြီး မကြာခင်မှာပင်
ထောင်ထဲကို ပြစ်မှုတစ်ခုခုနဲ့ပြန်ရောက်လာတတ်သောကြောင့်
ထောင်မှူးက စိတ်ရှုတ်လာပါတယ်။
သူတို့တွေ ထောင်ထဲကို နောက်တစ်ခေါက်ပြန်မလာအောင်
ဘယ်လိုလုပ်ရင်ကောင်းမလဲလို့လည်း ခဏခဏစဉ်းစားပါတယ်။
တစ်နေ့တော့ ထောင်မှူးကအဟောအပြောကောင်းသူတစ်ယောက်ကို
အခကြေးငွေနဲ့ငှားရမ်းပြီးပြောဟောပေးဖို့စီစဉ်ပါတယ်။
ဟောပြောသူကလည်း သဘောတူပါတယ်။
ဒါပေမယ့် ထောင်ထဲတွင် တစ်ခါမှ မပြောဖူးတော့
စိတ်လှုပ်ရှားနေပါတယ်။
ဘာပြောရမယ်ဆိုတာကိုလည်း စဉ်းစားလို့မရဖြစ်နေပါတယ်။
ဒါနဲ့ပဲ ဟောပြောမယ့်နေ့ကိုရောက်လာပါတယ်။
ဟောပြောမယ့်စင်ကိုတက်ဖို့သွားတဲ့အခါ
စိတ်လှုပ်ရှားနေတဲ့အတွက် လှေကားအတက်မှာ
မှောက်ခုံလဲကျသွားပါတယ်။
နားထောင်ဖို့ရောက်လာတဲ့ထောင်သားတွေဟာ
တဟားဟားနဲ့ရီမောနေပါတယ်။
ဟောပြောသူကလည်း အရှက်ပြေ ရောပြီးရီမောလိုက်ပါတယ်။

ပြီးတော့မှ ဟောပြောသူပြောလိုက်တာက...
" ကျနော်ပြောချင်တာက......ဒါပါပဲ။
တကယ်တော့ လူတိုင်းလူတိုင်းဟာ လဲကျဖူးပါတယ်။
ကျနော်တို့ငယ်စဉ်တုန်းက လမ်းမလျှောက်တတ်သေးချိန်မှာ
လမ်းလျှောက်ဖို့ထလိုက်တဲ့အခါတိုင်းလိုလို လဲကျသွားဖူးပါတယ်။
လဲကျပြီးတိုင်း ပြန်ထဖို့ကြိုးစားတာချည်းပါပဲ။
အဲဒီလို ကြိုးစားခဲ့လို့လည်း ကျနော်တို့ဟာ လမ်းလျှောက်တတ်လာခဲ့တာပါ။
ပြေးမယ်ဆိုရင်တောင် ပြေးလို့ရတဲ့အခြေအနေကိုရောက်လာခဲ့ပါတယ်။
ကဲ...စဉ်းစားကြည့်ရအောင်၊
လဲကျပြီးပြန်မထခဲ့ဖူးဆိုရင် ဘာဖြစ်မလဲ။
ဘယ်သူမဆို ဘဝတစ်ကွေ့မှာ တစ်ရံတစ်ခါ လဲကျတတ်တာချည်းပါပဲ။
ကလေးဘဝတုန်းကတောင်
ဘယ်သူမှ လဲကျပြီး လဲကျတဲ့အတိုင်း မနေခဲ့ပါဘူး။
အခုလည်း အကြောင်းအခန့်မသင့်လို့ လဲကျသွားတာပါ။
ပြန်ထဖို့ပြောချင်ပါတယ်။
လူကြီးမင်းတို့ ခင်ဗျား၊
လဲကျပြီးတိုင်းပြန်ထပါ"






"ကယ်တင်ရှင်…"



တစ်ခါတုန်းက
အလာစကာဆိုတဲ့ဇိမ်ခံသင်္ဘောပေါ်တွင်
လိုက်ပါလာတဲ့အပျိုချောဖြစ်တဲ့မေရီသဲသဲရဲ့နေ့စဉ်မှတ်တမ်းဖြစ်ပါတယ်။
ပထမနေ့…..
အလာစကာဆိုတဲ့ဇိမ်ခံသင်္ဘောဟာ အပျံစားသင်္ဘောဖြစ်တယ်။
သင်္ဘောပေါ်ရှိယောက်ျားများထဲတွင် သင်္ဘောကပ္ပတိန်ဟာ အခန့်ဆုံး၊အချောဆုံးဖြစ်တယ်။
စိတ်ဝင်စားဖို့ကောင်းတယ်။
ဒုတိယနေ့…
ထမင်းစားခန်းတွင် ကပ္ပတိန်နဲ့တစ်စားပွဲထဲအတူတူစားရတယ်။
တတိယနေ့…
သင်္ဘောပေါ်ရှိနေရာအနှံကို ကပ္ပတိန်ကလိုက်ပြတယ်။
ပြီးတော့ ချစ်ရေးဆိုတယ်။
စတုတ္ထနေ့…
ဒီနေ့ည သူ့အခန်းထဲကို မလာပါက သင်္ဘောကိုမှောက်ပစ်မယ်လို့ သူခြိမ်းခြောက်တယ်။
ပဉ္စမနေ့…
ခရီးသည-်၄၅၀-ရဲ့အသက်ကို ကျမကယ်တင်လိုက်ရပါတယ်။



Tuesday, November 29, 2011

" ကျောက်သမားတွေကြားထဲက သူဋ္ဌေးတစ်ယောက်..."


Bold



ကျနော် ဖါးကန့်မြို့မှာ နေစဉ်တုန်းက

ကျောက်သမားတွေအတွက် မွန်းတည့်ချိန်လို့ပြောရမယ်ထင်ပါတယ်။

ရေမဆေးကျောက်လို့ခေါ်တဲ့ လမ်းဘေးကျောက်တစ်လုံးကို ကောက်ရလို့

ကျောက်အောင်ရင်တောင် သူဋ္ဌေးဖြစ်နိုင်တဲ့အချိန်ပါ။

ကျနော်က ဖါးကန့်နဲ့ခြောက်မိုင်ကျော်ကျော်ဝေးတဲ့ဆိုင်းတောင်မှာ

ဆေးခန်းဖွင့်ပါတယ်။

ဆေးခန်းက အတွင်းလူနာလည်းလက်ခံကုသပါတယ်။

ဓာတ်ခွဲခန်းလည်းရှိပါတယ်။

ဆေးခန်းအကူ ခြောက်ယောက်၊ခုနှစ်ယောက်လောက်နဲ့အလုပ်ရှုတ်လှပါတယ်။

လူနာတွေက မျိုးစုံပါတယ်။

အဓိက ကုသရတဲ့လူနာကတော့

ငှက်ရောဂါနဲ့ကြက်ရောဂါတွေပါ။

( ကြက်ငှက်တုတ်ကွေးမဟုတ်ပါ )

ငှက်ရောဂါကတော့ ငှက်ဖျားရောဂါကိုပြောတာပါ။

ကြက်ရောဂါကတော့ ဖိနပ်စီးတဲ့ ကြက်တွေနဲ့ပတ်သက်ပြီး

ဖြစ်ပေါ်လာတဲ့ ကာလသားရောဂါကိုပြောတာပါ။

ဒီရောဂါနှစ်မျိုးကို ကျွမ်းကျင်တဲ့ဆရာဝန်တွေဟာ

ဖါးကန့်မှာ အောင်မြင်တဲ့ဆရာဝန်ဖြစ်ဖို့

မခက်ခဲတော့ပါဘူး။

တတိယအလာများတဲ့ရောဂါတစ်မျိုးကတော့

ဘိန်းဖြတ်တဲ့လူနာတွေပါ။

ဒီဒေသက ငွေအလွန်ပေါတဲ့နေရာဖြစ်ပါတယ်။

ချမ်းသာတဲ့သူကိုလောပန်းလို့ခေါ်ပါတယ်။

ဘိန်းမစားတဲ့လောပန်းဆိုတာ မရှိသလောက်ရှားပါးလှပါတယ်။

ရောက်လာတဲ့လူတွေဟာ ကျောက်စိမ်းကိုပဲအားခဲပြီး

အဓိကလုပ်နေချိန်မှာ ကျောက်စိမ်းမဟုတ်ဘဲ

လ္ဘက်ရည်ဆိုင်ဖွင့်ပြီး ချမ်းသာတဲ့လူတစ်ယောက်အကြောင်းကိုပြောချင်ပါတယ်။

သူ့လ္ဘက်ရည်ဆိုင်က ရွာထိပ်ချောင်းနဘေးမှာပါ။

စိန်လ္ဘက်ရည်ဆိုင်ပါ။

ကျနော်က သူ့လ္ဘက်ရည်ကိုလည်းကြိုက်တယ်။

ပိုပြီးကြိုက်မိတာက ပေါက်စီပါ။

စားဖူးသမျှမှာတော့ထူးထူးခြားခြားအရသာရှိလှပါတယ်။

တော်တော်လည်းနာမည်ကြီးပါတယ်။

နံနက် (၉:၀၀နာရီ)ထိုးလို့သူ့ဆိုင်ကိုရောက်ရင်

ဘယ်တော့မှ ပေါက်စီမရှိတော့ပါဘူး။

ကျနော်ကလည်း ညဖက်အတွင်းလူနာတွေနဲ့အလုပ်ရှုတ်တာများတာမို့

နံက်စောစောမထနိုင်တာများတယ်။

ဆိုင်ရောက်ရင် (၉:၀၀နာရီ) ထိုးတာများပါတယ်။

ပေါက်စီကိုမစားရတာများတယ်။

ဒါကြောင့် ကိုစိန်ကိုမေးကြည့်ဖြစ်ပါတယ်။

အမြဲလာနေတဲ့လူဖြစ်တာကြောင့် ကိုစိန်နဲ့ခင်မင်ရင်းနှီးနေပါတယ်။

" ကိုစိန်...ခင်ဗျားပေါက်စီက နာမည်ကြီးနေတာပဲ။

များများလုပ်ပေါ့။

ကျနော်က ပေါက်စီစားချင်လို့လာတယ်။

ဘယ်တော့မဆို ပေါက်စီကုန်နေတာကများတယ်။"

လို့ပြောမိပါတယ်။

ကိုစိန်ပြန်ပြောတာက...

" ဆရာ၊ အစားအသောက်လုပ်ငန်းဟာ အားလုံးကုန်ရင်အမြတ်ဟာ

၅၀% အထက်မှာ သေချာပေါက်ကျန်တယ်။

ဒါပေမယ့် ကျန်ရင် ကျန်သလောက်ရှုံးတယ်၊

ကျန်တဲ့စားသောက်ကုန်မှာ အရင်းအနှီးတွေရှိနေတယ်လေ။

မကျန်အောင်ချိန်ဆရတာကပညာတစ်ခုလိုပါပဲ။

အချိန်အဆအရမ်းအရေးကြီးပါတယ်။

နောက်တစ်ခုက

လူရဲ့သဘာဝကိုက လိုချင်တိုင်းရရင် မလိုချင်တတ်ဘူး။

ကုန်သွားတဲ့ အစားအသောက်ကို ပိုစားသောက်ချင်စိတ်ဖြစ်တတ်တာသဘာဝပဲလေ။

ကျနော့်ဆိုင်က ကျန်တဲ့လ္ဘက်ရည်ဆိုင်နဲ့မတူတဲ့အချက်တွေ အများကြီးရှိတယ်။

ဆရာသတိထားရင် သိနိုင်ပါတယ်"

ဆိုင်ပိုင်ရှင်နဲ့ရင်းနှီးနေတဲ့အတွက် ပွင့်ပွင့်လင်းလင်းပြောပြပါတယ်။

သူ့စကားက မှတ်သားစရာပါ။

ဆိုင်ရှင်ဖြစ်တဲ့ကိုစိန်ဟာ ကောင်တာမှာသာ အမြဲထိုင်နေသူမဟုတ်ပါ။

လူများလာပြီဆိုရင် ကိုယ်တိုင်စားပွဲထိုးနေရာကိုဆင်းပြီး

စားပွဲထိုးများကို ကြီးကြပ်နေတတ်ပါတယ်။

ဝန်ဆောင်မှုလည်းအလွန်ကောင်းသူဖြစ်ပါတယ်။

သူ့ဆိုင်က နံက် ၄-နာရီမှာစဖွင့်ပါတယ်။

ညနေ၅-နာရီဆိုရင် အမြဲတမ်းပိတ်တတ်ပါတယ်။

အခြားဆိုင်များက ည၁၁-၁၂-နာရီအထိဖွင့်တတ်ပါတယ်။

မိုးတွင်းကာလဆိုရင် ဆိုင်ကိုသုံးလတိတိပိတ်ထားလိုက်ပါတယ်။

ထိုအချိန်တွင် သူ့တို့ရဲ့နေရပ်ဖြစ်တဲ့ဟိုပင်မြို့ကိုပြန်နေပါတယ်။

ဆိုင်ကိုပိတ်ထားပေမယ့် အလုပ်သမားများကို ဆိုင်စောင့်ထားခဲ့တယ်။

အလုပ်သမားများကို လခအပြည့်ပေးထားတယ်။

ဆိုင်ပိတ်ထားချိန်တွင် သူ့ဖောက်သည်များဟာ အခြားဆိုင်များကို

သွားကြပေမယ့် သူ့ဆိုင်ပြန်ဖွင့်တာနဲ့

သူ့ဖောက်သည်အားလုံးပြန်ရောက်လာတတ်တာကို

ဆိုင်ကိုကြည့်ခြင်းအားဖြင့်သိနိုင်ပါတယ်။

ဆိုင်က လူအမြဲတမ်းပြည့်နေပါတယ်။

ဖားကန့်၊ဆိုင်းတောင်ပတ်ဝန်ကျင်မှာတော့

စိန်လ္ဘက်ရည်ဆိုင်ဟာ အကောင်းဆုံးနဲ့စားသုံးသူအများဆုံးဆိုင်ဖြစ်နေပါတယ်။

မူလက ဆိုင်ခန်းငှားက နေ အခုဆိုရင် ဆိုင်ပိုင်ဖြစ်နေပြီ။

အိမ်ပိုင်ဖြစ်နေပြီ။

ကျောက်ကုန်သည်တွေ ချမ်းသာဖို့မသေချာချိန်တွင်

ကိုစိန်ကတော့ချမ်းသာနေပါပြီ။

ဒေသအခေါ်နဲ့ပြောရရင်

ကိုစိန်က လ္ဘက်ရည်ဆိုင်ရောင်းပြီး

လောပန်းဖြစ်နေပါပြီ။


"သက်ရင့် အတွေ့အကြုံနဲ့ချည်းပဲ…..."





တစ်ခါတုန်းက ရန်ကုန်မြို့၊ကန်တော်ကြီးပတ်လမ်းအနီး

ကိုလှမြင့်ဦး မောင်းလာတဲ့ကားက

လူကြီးတစ်ယောက်ကိုတိုက်မိသလိုဖြစ်သွားတယ်။

လူငယ်ဖြစ်တဲ့ ကိုလှမြင့်ဦးက ဒေါသဖြစ်သွားတယ်။

“ ခင်ဗျားကြီး၊ နမော်နမဲ့နိုင်လို့ အခု မတိုက်ရုံတမယ် ဖြစ်သွားရတယ်။

ကျနော် ကားမောင်းနေတာ ဆယ်နှစ်ရှိပြီ။

ဒီလို အဖြစ်မျိုးနဲ့တစ်ခါမှ မကြုံဖူးသေးဘူး”


လူကြီးဖြစ်တဲ့ဦးမင်းကြည်ကပြန်ပြောလိုက်တာက…

“ ငါကလဲ အပျံသင်စ ငှက် မဟုတ်ဘူးကိုယ့်လူ။

ငါ လမ်းလျှောက်နေတာ နှစ် ( ၅၀) ရှိတော့မယ်။”


Monday, November 28, 2011

" ငါကိုက မိုက်တာပါ..."





တစ်ခါတုန်းက တောတစ်တောထဲမှာ

ကိုယ့်ကိုယ်ကိုယ်အထင်ကြီးတဲ့ မြေခွေးတစ်ကောင်ရှိလေရဲ့။

အဲဒီမြေခွေးဟာ ဆာလောင်နေချိန်မှာ

တောတစ်လုံးအနှံ့စားစရာ လိုက်ရှာပါတယ်။

တစ်နေရာမှာတော့ မမျှော်လင့်ပဲ မြင်းတစ်ကောင်ကို တွေ့တယ်။

ဒီတော့ မြေခွေးက

“ဟေ့ မြင်း၊ မင်းကို ငါစားရမယ်”

မြင်းကပြန်ပြောပါတယ်။

“ငါ့ကို မင်းစားလို့မရဘူး”

“ဘာဖြစ်လို့လဲ”

“ငါက အများပိုင် မြင်းဖြစ်နေလို့ပေါ့.”

“ဘာဆိုင်လို့လဲ”

မြင်းက

“ဒီလိုလေ၊

ဆိုကြပါစို့ကွာ၊

ပုဂ္ဂလိကပိုင်မြင်းကို မင်းစားလိုက်တယ်ဆိုပါစို့၊

ပိုင်ရှင်က မင်းကို တစ်ရက်၊နှစ်ရက်ထက်ပိုမရှာနိုင်ပါဘူး။

နောက်ဆုံးမောပြီး သူ လက်လျှော့လိုက်မှာပဲ။

အများပိုင်မြင်းကျတော့ ဒီလိုမဟုတ်ဘူး။

တို့ရဲ့ကျေးရွာအုပ်စုမှာ အသင်းဝင်ပေါင်းကိုးရာကျော်ရှိတယ်။

သူတို့ဝိုင်းရှာရင် မင်းကို ခဏလေးနဲ့ဖမ်းမိမှာကွ”

မြေခွေးက

“မင်းပြောတာ သဘာဝကျပါတယ်။

ဒါပေမယ့် မင်းဟာ အများပိုင်မြင်းဆိုတာကို ဘယ်လိုလုပ်သက်သေပြမလဲ၊

ကဲပြော.”

“ငါ့ရဲ့နောက်ခြေထောက်မှာ အများပိုင်တံဆိပ်ပါတဲ့သံခွာရိုက်ထားတယ်၊

ကြည့်ပါလား.”

မြေခွေးငုံ့ကြည့်လိုက်တယ်။

အဲဒီအချိန်မှာ မြင်းက ဖနောင့်နဲ့မြေခွေးကိုပေါက်ကန်လိုက်ရာ

မြေခွေးလွင့်စင်ထွက်သွားတယ်။

နာရီဝက်လောက်သတိမရဘဲဖြစ်သွားတယ်။

သွားတွေလည်းကျိုးကုန်ပါတယ်။

သတိပြန်လည်လာတဲ့အခါ

မြေခွေးက အောက်ပါအတိုင်းပြောလိုက်ပါတယ်။

“ငါကိုက မိုက်တာ၊

စာမဖတ်တတ်ပဲနဲ့များ၊

ငုံ့ကြည့်ရတယ်လို့”


လူသားတိုင်း ကျန်းမာကြပါစေ... လူသားတိုင်း ချမ်းသာကြပါစေ...
ခန္ဓာကိုယ်ကို လေ့ကျင့်ခန်းနဲ့စောင့်ရှောက်ပါ။ စိတ်ကို စာဖတ်ခြင်းနဲ့စောင့်ရှောက်ပါ။...

နူတ်ဆက်စကားလေးများ.....

မြန်မာတို့ရဲ့ ဘလော့ဂ်များ...

picoodle.com