Tuesday, December 1, 2009

“မြင့်မြတ်သူရဲ့အလုပ်ဟုတ်၊ မဟုတ်”


ဟိုရှေးရှေးတုန်းက မဟာဇနက္ကမင်းဟာ ဥယျာဉ်တော်ကို ထွက်တော်မူတယ်။
ဥယျာဉ်တော် အဝင်ဝတစ်ဖက်မှာကတော့ အသီးတွေပြွတ်ခဲဝင်းမှည့်နေတဲ့ သရက်ပင်တစ်ပင်နဲ့ အခြားတစ်ဖက်မှာတော့ အသီးတွေလုံးဝမရှိပဲစိမ်းစိုနေတဲ့ သရက်ပင် တစ်ပင် ကိုသတိထားလိုက်မိတယ်။
ဘုရင်ရဲ့ဥယျာဉ်ဆိုတော့ ဘုရင်ကဦးဦးဖျားဖျားစားဆွတ်ခူးစားလိုက်ပြီးခရီးဆက်တာပေါ့။
ဥယျာဉ်တော်ကပြန်အထွက်မှာ အသီးတွေဝင်းမှည့်ပြွတ်ခဲနေတဲ့ သရက်ပင်ကြီးကို မင်းမှုထမ်းတွေက ဆွတ်ခူးသူခူး၊ ဒုတ်ခဲနဲ့ပစ်သူပစ်၊ နည်းမျိုးစုံလှုပ်ရှားလိုက်တော့ သရက်ပင်ကြီးက အသီးမရှိတော့ဘူး။ အကိုင်းအခက်တွေလည်း အပိုင်းပိုင်းကျိုးပဲ့ပျက်စီးနေတာကို အပြန်လမ်းမှာ မင်းကြီးကတွေ့မြင်တယ်၊
ဒါပြင် အသီးမရှိတဲ့သရက်ပင်ကြီးကတော့ စိမ်းစိမ်းစိုစို နဲ့ ဘာဆိုဘာမှ မပျက်စီးတာကို တွေ့မြင်ရတဲ့အခါ

“အော် ငါတို့မင်းစည်းစိမ်ဆိုတာလဲ အသီးရှိတဲ့သရက်ပင်နဲ့တူပါကလား။
တစ်နေ့ကြရင် ရန်သူမင်းတို့ လာရောက် တိုက်ခိုက် နှိပ်စက်ရင် ဘာမှရစရာရှိမှာ မဟုတ်ဘူး”

လို့ သံဝေဂဖြစ်ပြီး ရသေ့ရဟန်းပြုတောထွက်ကာ တရားရှာခဲ့ပါတယ်။


သံဝေဂ ရလွယ်သူကတော့ အကြောင်းအရာတစ်ခုကိုတွေ့တာနဲ့တောထွက်ဖြစ်တယ်။ ပါရမီရှိခြင်း၊မရှိခြင်းနဲ့ဆိုင်မယ်လို့ထင်မိတယ်။
ပါရမီဆိုတာ မြင့်မြတ်သူတို့ရဲ့အလုပ်ပါ။
မြင့်မြတ်သူတွေဟာ မြင်လွယ်တယ်။ သံဝေဂ ရလွယ်တယ်။ သံဝေဂ ရရင်လည်း ဥစ္စာဖြစ်ဖြစ်၊အာဏာဖြစ်ဖြစ်၊စွန့်လွှတ်ဖို့ ဝန်မလေးတာကိုတွေ့ရတယ်။
ဆုံးဖြတ်ပြီးတာနဲ့အချိန်မဆိုင်းပဲ တောထွက်သွားလေ့ရှိတာကို သတိပြုမိပါတယ်။
ပါရမီအခြေခံနည်းသူတွေကတော့ မြင်လွယ်၊ထင်လွယ်လည်းမရှိတတ်ဘူး။
သံဝေဂ ရစရာကရှေ့ကထင်ထင်ရှားရှား ပြနေတာတောင် မရိပ်စားမိတတ်ဘူး။
အရာရာကို ဖက်တွယ်ထားတာကိုလည်း သတိပြုမိတယ်။
သူပိုင်ဆိုင်တဲ့အရာအားလုံး မြဲတယ်လို့ထင်ပုံရတယ်။
ဒါပေမယ့် ရှင်သေမင်းနဲ့တွေ့တော့လည်း သူအရှုံးပေးရတာပါပဲ။

ပါရမီရှိခြင်း၊မရှိခြင်း မြင့်မြတ်သူရဲ့အလုပ်ဟုတ်၊ မဟုတ်ကို နှိုင်းယှဉ်ပြီး စဉ်းစားနေမိပါတယ်။


“သေမင်း၏ ရယ်မောခြင်း”




သူနိုင်ငါနိုင်၊ အပြိုင်တိုက်ခွင်း၊ အောင်မြေနင်းစဉ်၊
သေမင်း ဘေးကရယ်သတည်း။

သူပိုင်ငါပိုင်၊ အနိုင်ခုသွင်း၊ လုယက်ငြင်းစဉ်၊
သေမင်း ဘေးကရယ်သတည်း။

သူ့ဟာငါ့ဟာ၊ တဏှာမကင်း၊ ရမ္မက်ပြင်းစဉ်၊
သေမင်း ဘေးကရယ်သတည်း။

သူချောငါလှ၊ တသသနှင့်၊ ရူပရုပ်ဆင်း၊ ပြုပြင်ခြင်းကို၊
သေမင်း ဘေးကရယ်သတည်း။

လွှမ်းခြုံအာဏာ၊ ရာဇာသေဌ်နင်း၊ တန်ခိုးပြင်းစဉ်၊
သေမင်း ဘေးကရယ်သတည်း။

ရွှေငွေမြဖန်၊ ပိုလျှံဖြည့်တင်း၊ ဌေးကြွယ်ခြင်းကို၊
သေမင်း ဘေးကရယ်သတည်း။

ဆယ်စီးဆင်ပြောင်၊ အားအန်ဆောင်၍၊ မာန်ထောင်ကြီးလှ၊
ကိုဗာလအား၊ ဘေးကသေမင်း၊ ရယ်သတည်း။

ခြွေရံပေါများ၊ ငါတကားဟု၊ ထောင်လွှားတက်ကြွ၊
ကိုယသအား၊ ဘေးကသေမင်း၊ ရယ်သတည်း။

လက်နက်ပိုင်ရှင်၊ ငါသခင်ဟု၊ ငါ့ပြင်မရှိ၊ကြီးဘိမာန၊
ကိုအတ္တအား၊ ဘေးကသေမင်း၊ ရယ်သတည်း။

ရှင်သေမင်းကား၊ အလျင်းမလတ်၊ မခတ်မျက်တောင်၊
ကြောင်ကြောင်တည့်တည့်၊ ကြည့်ကာကြည့်ကာ၊ နေချေပါပေါ့၊
မရဏာမင်းမြတ်၊ အရပ်ရပ်ဖို့၊ စိတ်ဓာတ်တက်ကြွ၊ မာန်မထဘဲ၊
လောဘ ဒေါသ မောဟ သုံးဟိတ်၊ ကိုယ်မှာဆိတ်အောင်၊
ကွပ်နှိပ် ဆုံးမရာ သတည်း။


(ရွှေထီးဣန္ဒရာ)



“ဧည့်သည်ပမာ....”




  • လာတုန်းကလည်း၊ တစ်ယောက်တည်းနော့၊
လက်တွဲခေါ်ကာ၊ဖော်မပါဘူး၊
ဥစ္စာချည်းနှီး၊ ကိုယ်ထီးတည်း။

  • ပြန်သွားတော့လည်း၊ တစ်ယောက်တည်းနော့၊
လက်တွဲခေါ်ကာ၊ ဖော်မပါဘူး၊
ဥစ္စာချည်းနှီး၊ ကိုယ်ထီးတည်း။

  • လာပြီးတော့နား၊ မသွားသေးခင်၊
ချိန်လေးတွင်မှ၊
ဝန်းကျင်ယှက်နွယ်၊ နှောင်ကြိုးသွယ်ကြ၊

ပြုံးရယ်ငိုမဲ့၊
ချစ်မုန်းပိုကြ၊ မလိုဒေါသ၊

လိုလောဘနှင့်၊
ဘဝရိပ်မြုံ၊ ကကြိုးစုံခဲ့၊

ကံကုန်မိုးချုပ်၊ လက်တွဲဖြုတ်ခါ၊
သုတ်သုတ်ဆောလျင်၊ ခရီးနှင်သည်၊

အသင် ဧည့်သည်ပါတကား။
(ဗန်းမော်ညိုနွဲ့)



လူသားတိုင်း ကျန်းမာကြပါစေ... လူသားတိုင်း ချမ်းသာကြပါစေ...
ခန္ဓာကိုယ်ကို လေ့ကျင့်ခန်းနဲ့စောင့်ရှောက်ပါ။ စိတ်ကို စာဖတ်ခြင်းနဲ့စောင့်ရှောက်ပါ။...

နူတ်ဆက်စကားလေးများ.....

မြန်မာတို့ရဲ့ ဘလော့ဂ်များ...

picoodle.com