Monday, March 3, 2014

"အမေ့ထံသို့ ပေးစာများ-၉၂..."



သို့
ချစ်တဲ့အမေ…
သား သတိတရ စာရေးလိုက်ပါတယ်။
ဖေဖေါ်ဝါရီလတော့ ရာသီဥတုကောင်းလောက်ပြီလို့ထင်ခဲ့မိတယ်။
ဖေဖေါ်ဝါရီလရဲ့ရာသီဥတုခန့်မှန်းချက်အရ…
နှင်းကျမယ့်ရက်က ၅-ရက်၊
မိုးရွာမယ့်ရက်က ၈-ရက်၊
ပျမ်းမျှအမြင့်ဆုံးအပူချိန်က ၉ံ စင်တီဂရိတ်၊
ပျမ်းမျှအနိမ့်ဆုံးအပူချိန်က -(အနှုတ်) ၄ံ စင်တီဂရိတ်၊
မှတ်တမ်းအရ…
၂၀၀၀-ခုနှစ်တုန်းက အမြင့်ဆုံးအပူချိန်ဟာ ၂၆-ဒီဂရီ စင်တီဂရိတ်အထိဖြစ်ခဲ့ဖူးတယ်တဲ့။
၁၉၇၉-ခုနှစ်တုန်းက အနိမ့်ဆုံးအပူချိန်ဟာ အနှုတ် (-)၂၆ ဒီဂရီ စင်တီဂရိတ်အထိ
ကျဆင်းခဲ့ဖူးတယ်တဲ့။
ကြိုတင်ခန့်မှန်းချက်ဆိုပေမယ့် မှန်တာ များပါတယ်။
ဖေဖေါ်ဝါရီလ ၁၂-ရက်နေ့။
ပြည်ထောင်စုနေ့ရဲ့ညနေခင်းမှာ နှင်းဖွဲဖွဲလေးစ ကျလာတယ်။
ကျခါစမှာ ကြည့်လို့ကောင်းပါဘိ။
မိုးကောင်းကင်ပေါ်က အဖြူဖတ်လေးတွေ အဖတ်လိုက် ကျဆင်းလာတယ်။
လေတိုက်ရာ လွှင့်နေတယ်။ ပြီးတော့ မြေပြင်ပေါ်ရောက်တော့ အရည်ပျော်သွားတယ်။
နှင်းတွေ ကျလာတာ များလာတော့ မြေပြင်ပေါ်မှာ ဖြူဖွေးလာတယ်။
နှင်းထုက တဖြည်းဖြည်းမြင့်လာတယ်။
ကားမောင်းလို့ရတဲ့အခြေအနေမှာ အလုပ်က အိမ်ပြန်လာတယ်။
ညဖက်မှာ တစ်ညလုံး နှင်းတွေက အဆက်မပြတ်ကျနေတယ်။
အအေးမှတ်က…အနှုတ် ၁၀ ဖြစ်နေတယ်။
အိမ်မှာ အပူပေးစက်က ကောင်းနေလို့တော်သေးတယ်။
အိမ် မှန်ပြူတင်းပေါက်က နှင်းတွေကျနေတာကို တအံ့တသြ ကြည့်မိတယ်။
အက်စကီးမိုးလူမျိုးတွေ နေတဲ့နေရာကိုများ ရောက်နေရော့သလားလို့လည်း တွေးမိတယ်။


ဖေဖေါ်ဝါရီလ ၁၃-ရက်။
မှတ်မှတ်ရရ ဗိုလ်ချုပ်အောင်ဆန်းရဲ့မွေးနေ့။
အိပ်ရာက စောစော နိုးပါတယ်။
နိုးနိုးချင်းပင် မှန်ပြူတင်းပေါက်ရဲ့လိုက်ကာကို မ,ပြီး ကြည့်ဖြစ်ပါတယ်။
အချို့ကားတွေဟာ နှင်းတောထဲမှာ မြှုပ်နေပါတယ်။
အိမ်က ကားက ကားဂိုဒေါင်ထဲမှာမို့ နှင်းတောထဲ မြှုတ်တဲ့ဘေးက လွတ်သွားတယ်။

  

အလုပ်သွားရမှာမို့ ရေချိုး၊ဘုရားရှိခိုး၊နံနက်စာစားပြီး
ကားဂိုဒေါင်ကို ဆင်းခဲ့တယ်။
ကျနော်တို့နေတဲ့အခန်းက ပထမထပ်မှာ၊
ကားက အောက်ထပ်မှာ၊
လမ်းကြောင်းတစ်လျှောက်လုံးမှာ နှင်းတွေနဲ့ပိတ်နေတယ်။
ကားဂိုဒေါင်အထွက်မှာလည်း
နှင်းထုက ဒူးဆစ်နီးပါးလောက် ပိတ်ဆို့နေတယ်။
အိမ်တိုင်းကလူတွေ  ငြိမ်သက်နေကြတယ်။
တကယ်ဆိုရင် ဒီနေ့က အလုပ်ဆင်းရမယ့်
ရက်။ ကြာသပတေးနေ့။
ဘယ်သူ့ရဲ့လှုပ်ရှားမှုကိုမှ မတွေ့ရတော့ အခြေအနေ စောင့်ကြည့်ဖို့ ယုံယုံကိုပြောတယ်။
ယုံယုံက အလုပ်ကိုသွားဖို့ တာစူနေတယ်။
အခြေအနေအမှန် သိရအောင် အလုပ်ကို ဖုန်းဆက်ကြည့်တယ်။
ဖုန်းကိုင်သူ မရှိ။ အကြိမ်ကြိမ်ဆက်ကြည့်လည်း ဖုန်းမကိုင်ကြ။
ထူးဆန်းနေပါလား။
အခြေအနေမှန်ကို သိဖို့ အလုပ်ကို သွားကြည့်မှဖြစ်တော့မယ်။
အလုပ်နဲ့မဝေးတော့ သွားဖို့ဆုံးဖြတ်လိုက်တယ်။
ကားဂိုဒေါင်က အထွက်ပင် အတော်ခက်ခက်ခဲခဲ မောင်းရတယ်။
ကားလမ်းပေါ်ရောက်တော့ ကားတစ်စီးမှ မတွေ့။
အိမ်ဖက်ပြန်လှည့်ဖို့ စဉ်းစားသေးတယ်။
စပ်စုချင်စိတ်က ရှေ့တိုးဖို့ တွန်းတယ်။
ဒါနဲ့ပဲ ခက်ခက်ခဲခဲ ကားမောင်းထွက်ခဲ့တယ်။
လမ်းမှာ နှင်းထိုးနေတဲ့ကားတစ်စီး၊နှစ်စီးလောက်ကိုသာ တွေ့ရတယ်။
ကားအသေးသာဆိုရင် နှင်းတောထဲမှာ မြှုပ်နေမှာ သေချာတယ်။
အခုတော့ ကားကြီးဖြစ်လို့တော်သေးတယ်။
မြင်မြင်သမျှ သဲတွေချည်းပဲ ရှိနေရင် သဲကန္တာရလို့ခေါ်တယ်ဆိုရင်
အခုလည်း မြင်မြင်သမျှ နှင်းတွေချည်းပဲ ရှိနေတဲ့အတွက် နှင်းကန္တာရလို့ခေါ်ရမလို ဖြစ်နေတယ်။
တစ်မြို့၊တစ်နယ်လုံးကို နှင်းတွေဖုံးနေတယ်။
နှင်းထုဟာ ၁၅-လက္မဝန်းကျင်လောက် ရှိတယ်။ အချို့နေရာတွေမှာ ဒီထက်တောင်များသေးတယ်။
လူတစ်ယောက်ရဲ့ဒူးဆစ်လောက် မြုပ်သွားတဲ့အခြေအနေ။
သဲကန္တာရဟာပူပြင်းသလို နှင်းကန္တာရဟာလည်း အေးလွန်းလှတယ်။
တစ်မိုင်ကျော်ကျော်လောက်သာရှိတဲ့ လတ်ဆတ်တဲ့ဈေးကြီးကိုသွားတာ
အချိန်တော်တော်ကြာအောင် မောင်းသွားရတယ်။
လမ်းရဲ့အမှတ်အသားတွေ အားလုံးပျောက်နေတယ်။
ကတ္တရာလမ်းမည်းဟာ နှင်းလမ်းဖြူဖြစ်နေတယ်။
ကားမောင်းတဲ့လမ်းကြောင်းနဲ့ပလက်ဖေါင်းဟာ တပြေးညီဖြစ်နေတယ်။
သွားနေကျလမ်းမို့ အန္တရာယ်ကင်းအောင် မောင်းနိုင်တာ။
နို့မဟုတ်ရင် ပလက်ဖေါင်းပေါ်တက်သွားဖို့အလားအလာများတယ်။
အလုပ်ရှိရာ လတ်ဆတ်တဲ့ဈေးကြီးကိုရောက်တော့ အဝင်ဝမှာ ရာသီဥတုအခြေအနေကြောင့် ဈေးပိတ်ကြောင်းစာလုံးအကြီးနဲ့ရေးထားတာကို တွေ့ရတယ်။
ဝန်ထမ်းတစ်ဦးကိုတွေ့တော့ သေချာအောင် ထပ်မေးကြည့်လိုက်တယ်။
သေချာတော့ နောက်ကြောင်းပြန်လှည့်လိုက်တယ်။



ဝမ်းသာလိုက်တာ။ငယ်စဉ်ကျောင်းသားဘဝကို ပြန်ပြောင်းသတိရမိတယ်။
ဘာကြောင့် ကျောင်းပိတ်ပိတ် ကျောင်းပိတ်ရင်ကို ပျော်မိပါတယ်။
ဆရာ၊ဆရာမ နေမကောင်းဖြစ်လည်းပျော်တယ်။
ဆရာ၊ဆရာမအမျိုးအဆွေတွေ ကွယ်လွန်ရင်လည်း ပျော်တယ်။
အရေးအခင်းဖြစ်ရင်လည်း ပျော်တယ်။
အခုလည်း ရာသီဥတု ဆိုးတာကိုလည်း ပျော်မိပါတယ်။
နှင်းမုန်တိုင်းကြောင့် ပိတ်ရက်ရပြီလေ။
ကျေးဇူးတင်ပါတယ် နှင်းမုန်တိုင်းရယ်…။
ပျော်တဲ့စိတ်နဲ့ပြန်လာခဲ့တယ်။ အိမ်ကို တိုက်ရိုက်မပြန်ချင်သေး။
အာလာမို ရုပ်ရှင်ရုံဖက်ကို သွားတယ်။ နှင်းထုထဲတွင် အာလာမို မြှုပ်နေတယ်။
လူအများက နှင်းထုကို ရှင်းနေကြတယ်။ အချို့က ဂေါ်ထိုးကားနှင့် နှင်းကို ရှင်းနေကြတယ်။
အမှတ်တရ ဓာတ်ပုံတွေရိုက်ဖြစ်တယ်။
နောက်တစ်နေရာကို သွားသေးတယ်။
Bank of America (အမေရိကားဘဏ်)ကို သွားတယ်။
ဘဏ်လည်း ပိတ်ထားတယ်။ ရှေ့ဖက်မှာ နှင်းရှင်းသူတွေနဲ့အလုပ်ရှုတ်နေကြလေရဲ့။
ရှေ့ဖက်မှာ လမ်းကြောတွေ ပိတ်နေတဲ့အတွက် ဆက်မသွားဖြစ်တော့ပါ။
အိမ်ကို ပြန်ခဲ့တယ်။
အိမ်ရောက်တော့ ကောင်းကောင်းအိပ်ပစ်လိုက်တယ်။
ကောင်းကောင်းမအိပ်ရတာ ကြာပြီ။
အခြားသူတွေက တစ်နေ့မှာ ရှစ်နာရီအလုပ်လုပ်၊
တစ်ပတ်မှာ နှစ်ရက်နား၊ တစ်ပတ်မှာ နာရီလေးဆယ်အလုပ်လုပ်ရတာကိုပဲ ပင်ပန်းလှချည်းရဲ့လို့
ငြီးငြူနေချိန်မှာ ကျနော်တို့က တစ်နေ့ကို အနည်းဆုံး ဆယ့်နှစ်နာရီအလုပ်လုပ်၊
တစ်ပတ်ကို ရှစ်ဆယ်လေးနာရီ။
တစ်ချိန်လုံးမတ်တပ်၊ ပိတ်ရက်မရှိ၊ နားရက်မရှိ။
နံနက် ၆း၀၀နာရီ        အိပ်ယာထ၊ ၇း၀၀နာရီမထိုးခင် အလုပ်ကို သွား။
အဲဒါနေ့စဉ်အလုပ်။
ကျနော်က စောစော အိပ်ယာထရတဲ့အလုပ်ကို မကြိုက်ဘူး။
ကျောင်းသားဘဝတုန်းကလည်း စောစောထပြီးလုပ်ဖို့ရည်ရွယ်ထားတဲ့အလုပ်ဆိုရင်
မလုပ်ဖြစ်တာ များတယ်။
ဒါကြောင့် အလုပ်က မလုပ်မဖြစ် လုပ်ရမယ်ဆိုရင် ညပိုင်းမှာကထဲက ပြီးတဲ့အထိလုပ်လေ့ရှိတယ်။
မိုးလင်းတဲ့အထိ လုပ်ရလည်း လုပ်နိုင်တယ်။ အိပ်ပြီးဆိုရင် အိပ်ရေးဝမှ ထချင်တယ်။
လုပ်ဖန်များတော့ အကျင့်တွေဖြစ်နေပြီ။
အဲဒီအကျင့် ဒီရောက်တော့ ဒုက္ခ ဖြစ်ကရော။
စောစော ထရတယ်။စောစော သွားရတယ်။ စောစော လုပ်ရတယ်။
ရွေးချယ်စရာ မရှိတော့မကြိုက်လည်းထရတယ်။ မကြိုက်လည်းသွားရတယ်။
မကြိုက်လည်းလုပ်ရတယ်။
ဒါကြောင့် ပိတ်ရက်ရရင် ပျော်တယ်။ မကြိုက်တဲ့အလုပ်တွေနဲ့ခေတ္တကင်းကွာသွားရင်ပဲ
ပျော်စရာလို့ထင်မိတယ်။
အိပ်ရေးဝတော့ ထတယ်။ ပြီးတော့ စားစရာစားလိုက်တယ်။
ပြီးတော့ စာဖတ်တယ်။ ကွန်ပျူတာ ကလိတယ်။
ပြီးတော့ စာရေးတယ်။
ငယ်ငယ်ကထဲက စာဖတ်တဲ့အလုပ်၊စာရေးတဲ့အလုပ်ကို လုပ်လာတော့
အဲဒီအလုပ်တွေလုပ်ရရင် ပျော်တယ်။ ဒီမှာက ပျော်တဲ့အလုပ်ကို လုပ်ချိန်မရှိဘူးဖြစ်နေတယ်။
အဲဒါက ကျနော့်ဘဝရဲ့ကသောင်းကနင်းဖြစ်ရပ်ပဲအမေ။
ကျနော့်ကြောင့် အမေ စိတ်ကသိကအောက်ဖြစ်သွားရင် တောင်းပန်ပါတယ်။
ဘာဘဲဖြစ်ဖြစ် ဒီနေ့တော့ပျော်ပါတယ်။
နှင်းပုံပေါ်မှာ ကလေးငယ်တွေ ဆော့ကစားနေတာကို ကြည့်ပြီးလည်း ပျော်မိပါတယ်။
ခွေးကျောင်းသူတွေ အနွေးထည် ထူထူထဲထဲတွေ ဝတ်ပြီး သူမတို့ခွေးတွေကို နှင်းထုတွေ
ကြား ပြေးလွှားနေတာကိုလည်း တွေ့ရတယ်။
မြန်မာပြည်မှာဆို ဒီလိုနှင်းထုကြီးကို မြင်ရဖို့ဆိုတာ မဖြစ်နိုင်ဘူးလေ။
မြင်နေကျမဟုတ်တဲ့
ထူးထူးဆန်းဆန်းတွေကို မြင်ရတာ စိတ်ဝင်စားစရာ ကောင်းပါတယ်။




ဒီနေ့တော့ ဒီလောက်ပါပဲအမေ။
အမေ့ကို ချစ်တဲ့သား
အောင်ဝင်းဟိန်း
အက်ရှ်ဗန်းမြို့၊(Ashburn)
ဗာဂျီးနီးယားပြည်နယ်၊(Virginia)
အမေရိကန်ပြည်ထောင်စု၊(USA)

လူသားတိုင်း ကျန်းမာကြပါစေ... လူသားတိုင်း ချမ်းသာကြပါစေ...
ခန္ဓာကိုယ်ကို လေ့ကျင့်ခန်းနဲ့စောင့်ရှောက်ပါ။ စိတ်ကို စာဖတ်ခြင်းနဲ့စောင့်ရှောက်ပါ။...

နူတ်ဆက်စကားလေးများ.....

မြန်မာတို့ရဲ့ ဘလော့ဂ်များ...

picoodle.com