Saturday, August 20, 2011

" ရွှေဒင်္ဂါးတစ်ပြား..."


တစ်ခါတုန်းက
ဘုရင်ကြီးတစ်ပါးရှိသတဲ့။
ဘုရင်ကြီးက အမိန့်တစ်ခုထုတ်ပြန်ပါတယ်။
နန်းတွင်းမှာရှိတဲ့ရံရွေတော်(အပျိုတော်)တွေကို အလိုမတူဘဲအတူနေမိပါကသေဒဏ်။
အမိန့်ထုတ်ပြီးနောက်မှာ
တစ်နေ့တော့ ရံရွေတော်(အပျိုတော်)တစ်ယောက်ဟာ
ဘုရင်ကြီးရှေ့မှောက်ကို ငိုပြီးရောက်လာပါတယ်။
စစ်သူကြီးက သူ့ကို အလိုမတူဘဲ အတင်းမုဒိန်းကျင့်ကြောင်းလျှောက်ထားပါတယ်။
အမိန့်အရဆိုရင်တော့ စစ်သူကြီးကို သေဒဏ်ပေးဖို့သာရှိပါတော့တယ်။
ဘုရင်ကြီးအကျပ်ရိုက်သွားပါတယ်။
စစ်သူကြီးကလည်း တိုင်းပြည်အတွက်အလွန်အားထားရတဲ့ပုဂ္ဂိုလ်ဖြစ်တာကြောင့်
သေဒဏ်ပေးဖို့လည်း အလွန်ခက်နေပါတယ်။
သေဒဏ်မပေးပြန်ရင်လည်း ကိုယ့်အမိန့်ကို ကိုယ်ဖောက်ဖျက်သလို ဖြစ်နေပါတော့တယ်။
ဘယ်လိုလုပ်ရပါ့။
အမိန့်အတိုင်းဘဲ သေဒဏ်ပေးရမလား၊
အမိန့်ကို မဆန့်ကျင်ပဲ သေဒဏ်ကလွတ်အောင် ဘယ်လိုလုပ်ရပါ့မလဲ။
နောက်ဆုံးမှာတော့ ဘုရင်ကြီးတွေးရင်းနဲ့အကြံတစ်ခုရလာပါတယ်။
မုဒိန်းအကျင့်ခံရတဲ့ရံရွေတော်ကိုခေါ်ပြီး ရွှေဒင်္ဂါးတစ်ပြားကိုပေးပါတယ်။

ပြီးတော့ ဘုရင်ကြီးကမိန့်တော်မူတာက...
" အဲဒီရွှေဒင်္ဂါးဟာ သေဒဏ်က ကင်းလွတ်တဲ့ ရွှေဒင်္ဂါးဖြစ်တယ်။
ဒီည စစ်သူကြီးလာတဲ့အခါ အဲဒီ ရွှေဒင်္ဂါးကိုပြလိုက်ပါ။
သူဟာ ဒီ ရွှေဒင်္ဂါးကို တွေ့ရင် တောင်းလိမ့်မယ်။
တောင်းလို့မရရင် လုလိမ့်မယ်၊
တောင်းလဲမပေးနဲ့။
လုလဲ ပါမသွားစေနဲ့။
နောက်တစ်နေ့ညီလာခံမှာ စစ်သူကြီးက
အဲဒီ ရွှေဒင်္ဂါးကိုပြရင်တော့ ငါကိုယ်တော်မြတ်လည်း
သူကို သေဒဏ်က ကင်းလွတ်ခွင့်ပေးရလိမ့်မယ်။
အဲဒါကြောင့် ရံရွေတော် ကောင်းမွန်စွာထိမ်းသိမ်းထားပေတော့။"
လို့မှာကြားပါတယ်။

အဲဒီညမှာ ရံရွေတော်ဆီကို စစ်သူကြီးရောက်လာပါတယ်။
မင်းကြီးမှာထားတဲ့အတိုင်း ရွှေဒင်္ဂါးကို ပြပါတယ်။
စစ်သူကြီးကတောင်းပါတယ်။
မပေးတော့လုပါတယ်။
ဘယ်လိုပဲ လုလု ရွှေဒင်္ဂါးကို ရံရွေတော်က အတင်းဆုပ်ကိုင်ထားတာကြောင့်
လုလို့မရပါဘူး။
နောက်တစ်နေ့ညီလာခံမှာ စစ်သူကြီးက ရွှေဒင်္ဂါးကိုမပြနိုင်ပါဘူး။
ရံရွေတော်ကသာ ရွှေဒင်္ဂါးကိုတင်ဆက်နိုင်ပါတယ်။
အဲဒီတော့ဘုရင်ကြီးက
" ခန္ဓာကိုယ်ပြင်ပက ရွှေဒင်္ဂါးကိုတောင်း
ကိုယ်အလိုမတူရင် ဘယ်သူလုလု လုလို့မရနိုင်ပါဘူး။
ဒီလိုဆိုရင် ခန္ဓာကိုယ်နဲ့တဆက်တည်းဖြစ်တဲ့ ရွှေဒင်္ဂါးကို ကိုယ်အလိုမတူပဲ
အခြားသူတစ်ဦးတစ်ယောက်က လုယူလို့ရော ရနိုင်မလားမှူးကြီး၊မတ်ကြီးများ"
လို့မေးတော်မူပါတယ်။
" မရနိုင်ပါဘုရား"
" ကဲ...ဒါကြောင့် မုဒိန်းမှုမမြောက်တဲ့အတွက် စစ်သူကြီး လွတ်စေ"
လို့အမိန့်တော်မှတ်ပါတယ်။

++++++++++++++++++++++++++

ကျနော်တို့ဆေးကျောင်းတက်စဉ်အခါတုန်းက
နောက်ဆုံးနှစ်အပိုင်း(က)မှာ မှုခင်းဆိုင်ရာ ဆေးပညာကိုသင်ရပါတယ်။
အဲဒီတုန်းက ကျနော်တို့ဆရာက စာသင်တိုင်း သက်ဆိုင်ရာ ပုံပြင်ကို ပြောပြတတ်ပါတယ်။
သင်ထားတဲ့စာတွေဟာ ကာလကြာလာတော့ မေ့သလောက်ရှိနေပါပြီ။
ဒါပေမယ့် ပုံပြင်တွေကတော့ ယခုတိုင် အမှတ်ရနေဆဲပင်ရှိပါသေးတယ်။
ပုံပြင်ပြောတဲ့ဆရာကိုလည်း သတိရနေဆဲရှိပါတယ်။
အဲဒီထဲက ပုံပြင်တစ်ပိုဒ်ကိုတင်ပြလိုက်ခြင်းဖြစ်ပါတယ်။


လူသားတိုင်း ကျန်းမာကြပါစေ... လူသားတိုင်း ချမ်းသာကြပါစေ...
ခန္ဓာကိုယ်ကို လေ့ကျင့်ခန်းနဲ့စောင့်ရှောက်ပါ။ စိတ်ကို စာဖတ်ခြင်းနဲ့စောင့်ရှောက်ပါ။...

နူတ်ဆက်စကားလေးများ.....

မြန်မာတို့ရဲ့ ဘလော့ဂ်များ...

picoodle.com