Sunday, January 31, 2010

“ ဒေါသထွက်လေ….ပိုမှားလေ…”



တစ်ခါတုန်းက အလွန်ဒေါသကြီးတဲ့ ဘုန်းတော်ကြီးတစ်ပါးရှိတယ်။

ဘာမှသည်းမခံတတ်ဘူး။

စကားတစ်ခွန်းကို နှစ်ခါပြောရရင်ကို စိတ်ကတိုနေပြီ။

စိတ်တိုတဲ့အတွက် မှားမှန်းလည်းသိတယ်။

မှားမှန်းသိပေမယ့် မထိန်းချုပ်နိုင်ဘူး။

ဒေါသကို မထိန်းချုပ်နိုင်တဲ့အတွက် မှားပေါင်းလည်းများလှပါတယ်။

အဲဒီဘုန်းတော်ကြီးရဲ့ကျောင်းအနီးမှာ ဖက်ယားပင်ကြီးတစ်ပင်ရှိတယ်။

အဲဒါကို အစွဲပြုပြီး အနီးအနားပတ်ဝန်းကျင်က

ရွာသူရွာသားတွေက ဘုန်းတော်ကြီးကို

“ဖက်ယားပင်ဆရာတော်” လို့ခေါ်ကြတယ်။

ဒီခေါ်သံကို မကြာခဏကြားရတော့ သူဒေါသထွက်လာတယ်။

ဒါနဲ့ပဲ တစ်နေ့တော့

ဖက်ယားပင်ကြီးကို ခုတ်ပစ်လိုက်တယ်။

သစ်ပင်ကြီးခုတ်လိုက်တော့ သစ်ပင်ဟာ ငုတ်တိုလေးကျန်ခဲ့တယ်။

ဒါနဲ့ပဲ လူတွေကသူ့ကို

“သစ်ငုတ်တိုဆရာတော်”လို့ပြောင်းခေါ်ကြတယ်။

ဒါကိုကြားရပြန်တော့ ဒေါသထွက်လာပြန်တယ်။

ဒါလောက်တောင်ရှိလှတယ်ကွာဆိုပြီး

သစ်ငုတ်တိုကိုပါ အမြစ်က တူးထုတ်ပစ်လိုက်တယ်။

ငုတ်မရှိတဲ့အခါမှာတော့ လူတွေက တစ်မျိုးပြောင်းခေါ်ကြပြန်တယ်။

“ငုတ်တူးဆရာတော်” လို့ဆိုကြပြန်တယ်။





ဒေါသဆိုတာ ဆိုးကျိုးကိုသာ ဖြစ်စေပါတယ်။

ဒေါသဖြစ်ချိန်မှာတော့ ရုပ်ကိုဆိုးစေတယ်။

ရင်ကိုပူလောင်စေတယ်။

အသက်ကို တိုစေတယ်။

ပညာရှင်များရဲ့သုတေသနပြုချက်တစ်ခုမှာတော့

သာမန်လူတစ်ယောက်ရဲ့သွေး(၂) ml (မီလီ လီတာ)ကိုဖေါက်ထုတ်ပြီး

ကြွက်ဖြူလေးရဲ့ကိုယ်ခန္ဓာထဲကို အပ်နဲ့ထိုးသွင်းလိုက်ပါတယ်။

ကြွက်ဖြူလေး ဘာမှမဖြစ်ပါ။

ထိုလူကို ဒေါသထွက်စေပြီးနောက် ထိုလူရဲ့သွေး(၂)ml (မီလီ လီတာ)ကို ဖေါက်ထုတ်ပြီး

ကြွက်ဖြူလေးကို ထိုးသွင်းလိုက်သောအခါ (၅)မီနစ်အတွင်းမှာပင်

ထိုကြွက်ဖြူလေးသေဆုံးသွားပါတော့တယ်။

ဒီသုတေသနပြုချက်အရ ဒေါသဖြစ်ချိန်တွင် ကိုယ်ခန္ဓာအတွင်း လူကို အန္တရာယ်ဖြစ်စေတဲ့

အဆိပ်အတောက် အများအပြားထွက်ကြောင်း သက်သေထင်ရှားခဲ့ပါတယ်။

ထိုပြင် ဒေါသဟာ အကုသိုလ်လည်းဖြစ်တယ်။

ဒေါသဖြစ်နေချိန်မှာတော့ အဲဒီလူဟာ အကုသိုလ်ကို

ဈေးကြီးကြီးပေးပြီးဝယ်ယူနေတာနဲ့တူပါတယ်။

ဆိုးကျိုးများလွန်းလှတဲ့ဒေါသကို နိုင်တာကတော့ မေတ္တာနဲ့သတိ ပါပဲ။

လူအချင်းချင်း မေတ္တာထားနိုင်ကြပါစေ။

သတိတရားနဲ့ဒေါသကို အနိုင်ယူနိုင်ကြပါစေ။







“ တစ်မျိုးမကတဲ့ ထွက်ပေါက်...”



တစ်နေ့တော့ တောလမ်းမှာ ဇီးကွက်နဲ့ငုံး တွေ့ကြတယ်။

ငုံးက “ကိုဇီးကွက်…ဘယ်သွားမလို့လဲ?”

ဇီးကွက်က “လူတွေက ငါ့အသံကို မကြိုက်တဲ့အတွက် ဒီရွာကပြောင်းတော့မလို့လေ”

ငုံးက “နေဦးလေဗျာ…စဉ်းစားစမ်းပါဦး ။

ခင်ဗျားရဲ့အသံကို လူတွေကမကြိုက်ဘူးဆိုလို့ အခြားရွာကို ပြောင်းပြီတဲ့ဗျာ။

နောက်တစ်ရွာရောက်တော့ကော

လူတွေက ခင်ဗျားရဲ့အသံကို ကြိုက်မတဲ့လား?

သူတို့မကြိုက်ဘူးဆိုတိုင်းသာ ပြောင်းနေရင် ခင်ဗျားပြောင်းလို့ဆုံးတော့မှာမဟုတ်ဘူး။

အဲဒီတော့ ရွာပြောင်းမယ့်အစား ခင်ဗျားရဲ့အသံကို လူတွေနားခံသာအောင်

ပြုပြင်ပြောင်းလဲဖို့ကြိုးစားကြည့်ရင်ပိုမကောင်းဘူးလား?လို့

ငုံးလေးကအကြံပေးလိုက်ပါတယ်။


တစ်ခါတစ်ရံ ကျနော်တို့ဟာ အတွေးထဲမှာ ချောင်ပိတ်မိနေတတ်တယ်။

ကိုယ့်ပြဿနာကို ကိုယ်ဖြေရှင်းတဲ့နည်းလမ်းဟာ တစ်ခုထဲထင်နေတတ်တယ်။

ဒီတစ်ခုဟာလည်း အကောင်းဆုံးဖြေရှင်းနည်းလို့ထင်တတ်ပြန်တယ်။

တကယ်တော့ အကောင်းဆုံးဖြေရှင်းနည်းဆိုတာ တစ်မျိုးမကရှိနေတတ်ပါတယ်။

ဒီနည်းလမ်းအပြင်ဘာများရှိဦးမလဲဆိုပြီး စဉ်းစားတတ်ဖို့လိုပါတယ်။

ဒါမှမဟုတ်ရင်လည်း

( ငုံးလေးလို ) ကိုယ့်ကိုအကြံကောင်းပေးနိုင်မယ့်မိတ်ဆွေကောင်းနဲ့တိုင်ပင်သင့်ပါတယ်။


လူကြီးမင်းဟာ ဘာဘဲဖြစ်ဖြစ် တစ်မျိုးမကတဲ့ ထွက်ပေါက် က ထွက်နိုင်ကြပါစေ။

ချောင်ပိတ်မိသူတွေထဲ မပါပါစေနဲ့။


Thursday, January 28, 2010

“ ဆွမ်းအကျိုး ဆယ့်ငါးပါး...”


တစ်ခါတုန်းက

ဒကာမကြီးတစ်ဦးက ကုသိုလ်များများလိုချင်လို့ ဆွမ်းဟင်းကောင်းကောင်းချက်ပြီး

ဘုန်းကြီးကျောင်းမှာ ဆွမ်းကပ်တာပေါ့။ အဲဒီဒကာမကြီးကတော့ ဒေါ်ဝင်းရွှေ ဖြစ်ပါတယ်။

ဗန်းမော်ဆရာတော်ကို အကုန်အကျများစွာခံပြီး ဆွမ်းကပ်တာပေါ့။

သူမရဲ့ရှေ့က ရေလာကပ်တဲ့သူတစ်ယောက်ကို ဆရာတော်ကရေအကျိုးဆယ်ပါးကို

အကျယ်ဟောနေတာကြားရတာပေါ့။

ရေလှူတဲ့အကျိုးဆယ်ပါးဆိုတာ.....

၁။ လျင်မြန်ခြင်း၊

၂။ ကျော်စောခြင်း၊

၃။ စင်ကြယ်ခြင်း၊

၎။ မွတ်သိပ်ခြင်းမှ ကင်းခြင်း၊

၅။ အခြံအရံများခြင်း၊

၆။ အသက်ရှည်ခြင်း၊

၇။ အဆင်းလှခြင်း၊

၈။ ခွန်အားကြီးခြင်း၊

၉။ ပညာကြီးခြင်း၊

၁၀။ ချမ်းသာခြင်း။

ဆိုတဲ့ဆုတွေကို မတောင်းဘဲနဲ့ပြည့်ပါတယ်။

ဆရာတော်က ဆုပေးတယ်။

ရေလှူသူက“ပေးတဲ့ဆုနဲ့ ပြည့်စုံရပါစေဘုရား” ဆိုပြီးပြန်သွားပါတယ်။

အဲဒီနောက် ဒေါ်ဝင်းရွှေကဆွမ်းကပ်ပါတယ်။

သူမရဲ့ဆွမ်းရဲ့အကျိုးကတော့ ဘာဘဲဖြစ်ဖြစ် ဆယ်ပါးထက်ပိုမယ်လို့တွက်ဆပြီး ပျော်နေတာပေါ့။

ဒါပေမယ့် ဆွမ်းကပ်လိုက်တဲ့အချိန်မှာတော့ ဆရာတော်က ဆွမ်းအကျိုးကို ငါးပါးကိုဟောပါတယ်။

ဆွမ်းလှုသောအကျိုးငါးပါးကတော့…..

၁။ အာယု -အသက်ရှည်ခြင်း၊

၂။ဝဏ္ဏ -အဆင်းလှခြင်း၊

၃။သုခ -ချမ်းသာကြီးခြင်း၊

၎။ဗလ -ခွန်အားကြီးခြင်း၊

၅။ပဋိဘာန -ဉာဏ်ပညာကြီးခြင်း။

ဒီ တော့ ဒေါ်ဝင်းရွှေ မကျေမနပ်ဖြစ်ပြီး

“ကန်ထဲကရေကိုအလကားခပ်လာပြီးကပ်သူကျတော့ ဆယ်ပါးတောင်ရပြီး

အကုန်အကျအများကြီးခံပြီးကပ်သူကျတော့ ငါးပါးထဲဆိုတော့ မတရားတာဘဲ”လို့

ကုသိုလ်ကိုဈေးတွက်တွက်ကာ ဆရာတော်ကို မကျေမနပ်လျှောက်ထားတာပေါ့။

ဆရာတော်တောင် အူကြောင်ကြောင်ဖြစ်သွားပါတယ်။

ဒါပေမယ့် ဆရာတော်ကချက်ချင်းသဘောပေါက်သွားပြီး ပြန်ပြောလိုက်တာကတော့

“ဒကာမကြီး ဆွမ်းချက်တော့ ရေမပါဘူးလား?”လို့မေးလိုက်ပါတယ်။

“ပါပါတယ်အရှင်ဘုရား”

“ရေပါတော့ ရေအကျိုးဆယ်ပါးကမတောင်းဘဲပြည့်ပြီးသားလေ၊

ရေအကျိုး ဆယ်ပါး နဲ့ဆွမ်းအကျိုး ငါးပါး နှစ်ရပ်ပေါင်းလိုက်ရင်

ဆယ်ငါးပါးတောင်ရပါတယ်တကာမကြီးရယ်”

လို့ဆိုလိုက်တော့မှ ဒကာမကြီးကကျေနပ်ပြီး ဝမ်းမြောက်ဝမ်းသာ ပြန်သွားပါတော့တယ်။

Wednesday, January 27, 2010

ငါ နိုင်မတဲ့လား?



တစ်ခါတုန်းက ကြက်ဖနှစ်ကောင်ဟာ တစ်ကောင်နဲ့တစ်ကောင် အကြိတ်အနယ်ခွပ်ကြတယ်။

နောက်ဆုံးမှာတော့ တစ်ကောင်ကထွက်ပြေးသွားပါတယ်။

ပြိုင်ပွဲအပြီးမှာ တစ်ကောင်တည်းဗိုလ်စွဲကျန်ရစ်တဲ့ ကြက်ဖအနီးကို

ခြံထဲက ကြက်မတွေ ဝိုင်းရံလာပြီး ချီးမွမ်းစကားဆိုကြတာပေါ့။

အဲဒီအခါ ကြက်ဖက ဘဝင်တွေမြင့်ပြီးသွေးနထင်ရောက်သွားတယ်။

ဒါနဲ့ဘဲ အနီးအနားကြက်ခြံများကပါလှမ်းမြင်နိုင်တဲ့ စပါးကျီခေါင်မိုးပေါ်တက်ပြီး

တောင်ပံတစ်ဖျပ်ဖျပ်ခတ်ကာ ဟစ်ကြွေးတွန်ကျူးလိုက်ပါတယ်။

“ဟော ဒီမှာ ကြည့်ကြဟေ့!

ဒီခြံမှာ ငါဗိုလ်ကွ၊

တခြားကော ဘယ်ခြံက ဘယ်ကောင်လာယှဉ်ချင်သလဲ?

အတက်ချွန်တယ်ထင်တဲ့အကောင် ထွက်ခဲ့၊ ငါ့အကြောင်း……သိသွား………..”

ကြက်ဖခမျာ…ဆုံးအောင်မတွန်လိုက်ရပါ။

သားကောင်ရှာနေတဲ့သိမ်းငှက်တစ်ကောင်က သန်မာလှတဲ့လက်သည်းကြီးများနဲ့

ထိုးသုတ်၊ကုတ်ဆွဲကာ အသိုက်ကို ချီသွားပြီး သတ်ဖြတ်စားသောက်တာကို

ကြက်ဖကြီး ခံလိုက်ရပါတော့တယ်။


“ ငါနိုင်တယ်၊

ငါအောင်မြင်တယ်၊

ငါ ထိပ်ရောက်တယ်

ဆိုတာဟာ တဒင်္ဂကိစ္စမျှသာဖြစ်ပါတယ်။

ဘယ်လောက်ပဲ ကြာသလဲဆိုတော့ ငါ့ကိုနိုင်သူမပေါ်သေးတဲ့ကာလမျှသာကြာပါတယ်။

ငါက သူတို့တွေကို နိုင်တယ်ဆိုရင် ငါ့ကို နိုင်တဲ့သူကရှိနှင့်ပြီးသားပါ။

လတ်တလော မပေါ်သေးလို့ ငါ ဘဝင်မြင့်နေတာပါ။ ငါ ကြွားနေနိုင်တာပါ။

သမိုင်းကိုပြန်ကြည့်ရင် သိနိုင်ပါတယ်။

သမိုင်းကို သင်ခန်းစာမယူတတ်ရင် ငါ့ဇာတ်သိမ်းကောင်းမှာမဟုတ်ပါဘူး။

အခြားသူတွေက မနိုင်ဘူးဆိုအုန်းတော့ သေမင်းနဲ့ရင်ဆိုင်တွေ့ရင်…..

ငါ နိုင်မတဲ့လား? ”

Monday, January 25, 2010

“ တစ်နေ့ကို ၁၅-မိနစ်...”




ကနေဒါနိုင်ငံသား ကမ္ဘာကျော် ဆေးပညာရှင်ကြီး ဆာဝီလျံအော်စလာဟာ

စာအုပ်စာပေမှာ အလွန်စိတ်ဝင်စားသူတစ်ဦးဖြစ်တယ်။

သူဟာ သူစိတ်ဝင်စားတဲ့ စာအုပ်စာတမ်းများအကြောင်းကို စာတစ်အုပ်ရေးသားပြုစုချင်တယ်။

ဒါပေမယ့် သူ့မှာ အချိန်မရှိ။

လက်ရှိသူလုပ်နေရတဲ့အလုပ်တွေက

ဆေးကုသရတဲ့အလုပ်၊

ဆေးကျောင်းသားများကို စာသင်ကြားပေးရတဲ့အလုပ်၊

ဆေးစာအုပ်များရေးသားရတဲ့အလုပ်၊

ဆေးကျောင်းနဲ့ဆေးရုံကြီးကိုစီမံခန့်ခွဲ၊အုပ်ချုပ်ရတဲ့အလုပ်၊

စတဲ့အလုပ်တွေကြောင့် သူ့မှာအားလပ်ချိန်ဆိုတာမရှိပါ။

နောက်ဆုံးမှာတော့ သူရဲ့အိပ်ချိန်ထဲက အချိန်ကိုဖဲ့ယူဖို့ဆုံးဖြတ်လိုက်တယ်။

တစ်နေ့ကို ၁၅-မိနစ်စီဖဲ့ယူခဲ့တယ်။

နေ့စဉ်၁၅-မိနစ်စာဖတ်ပြီး ဖတ်ခဲ့တဲ့စာအုပ်တွေရဲ့အကြောင်းကို

အညွှန်းစာများရေးသားခဲ့တယ်။

သူကွယ်လွန်တဲ့အချိန်မှာတော့ သူပြုစုလက်စကျန်ရစ်တဲ့ သူရဲ့“အော်စလာ

စာအုပ်အညွှန်းကျမ်း”ကြီးတွင်

စာအုပ်ပေါင်း (၇၇၈၇) အုပ်တိတိကို ဖတ်ရှုပြီးညွှန်းဆိုဖော်ပြနိုင်ခဲ့ကြောင်းတွေ့ရပါတယ်။




မင်းကွန်းဆရာတော်ဘုရား ပြောတဲ့စကားတစ်ခုကတော့

လူတွေကအချိန်မရှိဘူးလို့ပြောကြပေမယ့်

ကွမ်းကြိုက်တဲ့သူက ဘယ်လောက်ဘဲအလုပ်ရှုတ်ရှုတ်၊

ကွမ်းစားချိန်ကိုရအောင်ယူတတ်ကြတယ်။

ဆေးလိပ်သောက်တတ်သူကလည်း ဘယ်လောက်ဘဲအလုပ်များများ၊

ဆေးလိပ်သောက်ချိန်ကိုရအောင်ယူတတ်ကြတယ်။

ကွမ်းစားချိန်၊ဆေးလိပ် သောက်ချိန်မရှိအောင်ကိုပဲ အလုပ်ရှုတ်လှတယ်ဆိုတာမရှိပါဘူး။

တကယ်တော့ အချိန်မရှိဘူးဆိုတာ အချိန်မယူတတ်ကြတာပါ။

အချိန်ယူတတ်ရင် အချိန်ဆိုတာရှိပါတယ်။

လူကြီးမင်းများ ကောင်းတဲ့အလုပ်တွေကိုလုပ်ဖို့အတွက် အချိန်ယူတတ်ကြပါစေ။

“ မေတ္တာဆိုတာ နံ့သာပမာ...”



တောမီးသည် သစ်ရွက်ခြောက်ကို လောင်လွယ်၏

သစ်ရွက်စိုကို မတတ်နိုင်၊၊

မသူတော်မီးသည်

မေတ္တာခန်းသူကို လောင်လွယ်၏

မေတ္တာဖျန်းသူကို မတတ်နိုင်၊၊

နံ့သာတုံးသည်

မီးရှို့သူကို

မကျွမ်းမချင်း အနံ့ဖြင့် မွှေးစေ၏။

သူတော်ကောင်းသည်

ညှဉ်းဆဲသူကိုသော်လည်း

မသေမချင်း အကျိုးဆောင်၏။

အကောင်းသည် အရှုးနှင့်ပြိုင်၍

အဝတ်မလစ်ကောင်း

သူတော်ကောင်းသည်

မသူတော်နှင့်ပြိုင်၍ ဒေါသမဖြစ်ကောင်း။

ကျားကြောက်၍ပြေးစဉ်

ခွေးဟောင်သည်ကို အရေးမယူရ။

ငရဲကြောက်၍ သီလစောင့်စဉ်

မသူတော်ညှင်းသည်ကို အရေးမယူရ။

ဒါနပြုသူကိုမှီ၍ ဒါနပါရမီပြည့်သည်။

မသူတော်ကိုမှီ၍ သည်းခံလျှင်

ခန္တီပါရမီပြည့်သည်။


(ပထမ ရွှေကျင်ဆရာတော် ဘုရားကြီး)

Sunday, January 24, 2010

“ အားလုံးအတွက်...အကြီးမားဆုံးကောင်းကျိုး...”



တစ်ချိန်တုန်းကပေါ့

ခန္ဓာကိုယ်အစိတ်အပိုင်းတွေက ဝမ်း ဗိုက်ကို အပြစ်ရှာဝေဖန်ကြတယ်။

အကြောင်းက သူတို့က ဝမ်းဗိုက်ကို ကျွေးမွေးဖို့တစ်ချိန်လုံး လုပ်ကိုင်နေကြရတဲ့အခိုက်မှာ

ဝမ်းဗိုက်ကတော့ အချောင်ခိုပျင်းရိပြီး မွေ့လျော်ခံစားနေတယ် လို့ဝေဖန်ကြတယ်။

ဒါကြောင့် နောက်နောင်မှာ ဝမ်းဗိုက်ရဲ့အာဟာရတွေကို ဖြတ်တောက်ဖို့

သူတို့ပူပေါင်းကြံစည်ကြတယ်။

အဲဒီနောက်မှာတော့

လက်တွေက အစားအစာကို ပါးစပ်ဆီကို သယ်ဆောင်မပေးတော့ပါ။

ပါးစပ်ကလည်း အစားအစာကို လက်မခံတော့ပါ။

သွားတွေကလည်း ဝါးမပေးတော့ပါ။

ခြေထောက်တွေကလည်း အစားအစာတွေဆီကို မသွားပေးတော့ပါ။

ဝမ်းဗိုက်အစာ ရေစာပြတ်လပ် ငတ်မွတ်ဖို့ အဲဒီအစီအစဉ်ကို

သူတို့လိုက်နာဆောင်ရွက်ကြပြီး

မကြာခင်မှာပဲ… သူတို့အားလုံး (ခန္ဓာကိုယ်အစိတ်အပိုင်းအားလုံး)

တစ်ခုပြီးတစ်ခု အားနည်းပြီး ခြေကုန်လက်ပန်းကျလာကြတယ်။

ခန္ဓာကိုယ်တစ်ခုလုံး လည်း နွမ်းရိ၊ အားနည်းလာတယ်။

အဲဒီနောက်ပိုင်းမှာမှ ကိုယ်လက်အင်္ဂါတွေက သူတို့မှားတာကို

သိရှိသဘောပေါက်ခဲ့ကြတယ်။

ဝမ်းဗိုက်ကြီးဟာ လေးလံပြီး အသုံးမဝင်ဘူးလို့ထင်ရပေမယ့်

သူ့မှာလည်း သူ့ကိုယ်ပိုင် အရေးပါတဲ့ လုပ်ငန်းတာဝန်ရှိနေပါလား?

ဝမ်းဗိုက်မပါဘဲ သူတို့ဘာမှလုပ်ဆောင်လို့မရပါလားဆိုတာကို

ပိုမိုသဘောပေါက်လာခဲ့ကြတယ်။

ဝမ်းဗိုက်ကလည်း သူတို့မပါဘဲ ဘာမှ လုပ်ဆောင်လို့မရဘူးဆိုတာကို

သူတို့တွေ အားလုံးက သဘောပေါက်နားလည်ခဲ့ကြတယ်။

သူတို့တွေ အားလုံး အတူတကွလုပ်ကိုင်ကြမှသာ

ခန္ဓာကိုယ်ကြီးကို ကျန်းမာရေးနဲ့ညီညွတ်အောင်လုပ်နိုင်မယ်ဆိုတာကို လည်း

သိရှိသဘောပေါက်လာခဲ့ကြပါတယ်။


အတူအကွ စုပေါင်းလုပ်ကိုင်ကြမှာသာ

အားလုံးအတွက် အကြီးမားဆုံးကောင်းကျိုးကို စွမ်းဆောင်နိုင်ကြမှာဖြစ်ပါတယ်

ဆိုတာကို လူသားအားလုံးသဘောပေါက်နားလည်ကြဖို့လိုအပ်ပါတယ်။

Sunday, January 17, 2010

“ နားနှစ်ဖက် အသက်မတူဘူးလား? ”


တစ်ခါတုန်းက အသက်အရွယ်ကြီးနေတဲ့ အဘိုးကြီးတစ်ယောက်ဟာ
နား၊နှာခေါင်း၊လည်ချောင်းအထူးကု ဆရာဝန်ကြီးဆီလာပြီးဆေးခန်းပြတယ်။
အဘိုးအိုက
“ကျုပ်ရဲ့ ဘယ်ဘက်နား ကောင်းကောင်း မကြားရဘူး ”လို့ ပြောတယ်။
အထူးကု ဆရာဝန်က အဘိုးကြီးရဲ့ နားကို
သေသေချာချာ စမ်းသပ် စစ်ဆေးကြည့်တယ်။
ပြီးတော့ အထူးကု ဆရာဝန်က
“စိတ်မကောင်းပါဘူး အဘ၊
ကျနော် ဘယ်လိုမှ မကူညီနိုင်ပါဘူးခင်ဗျ၊
အသက်အရွယ် ကြောင့် ဖြစ်တာပါ။”

အဘိုးကြီးက “ဘာလဲ၊ ဘယ်ဘက်နားက
ကျုပ်ရဲ့ ညာဘက်နားထက်
ပိုပြီးအသက်ကြီးတယ်လို့ပြောချင်တာလား? ဆရာ”

Tuesday, January 12, 2010

“ ရဲရဲတင်းတင်း စ,လိုက်စမ်းပါ...”



ဝင်စတန်ချာချီ ဟာ အသက်(၄၀)နှစ်ရောက်ခါမှ ပန်းချီရေးဆွဲခြင်းကို

ဝါသနာအလုပ်တစ်ခုအဖြစ်ရွေးချယ်ခဲ့တယ်။

“ပန်းချီဆွဲမယ်ကွာ”လို့ဆုံဖြတ်ချက်ချကာ ကားချပ်ကြီးထောင်ပြီးနောက်

ဘာကစရေးရမှန်းမသိ၊ လူကမရဲဘဲဖြစ်နေတယ်။

အဲဒီနောက်မှာ အတော်အားမွေးကာ စုတ်တံသေးသေးလေးတစ်ချောင်းကိုင်ကာ၊

ဆေးပြာလေးနည်းနည်းစပ်ပြီး အဖြူရောင်ပိတ်ကားကြီးပေါ်မှာ

စုတ်ချက်သေးသေးလေးတစ်ချက်မရဲတရဲစမ်းဆွဲတယ်။

အဲဒီအခိုက်မှာပဲ ရင်းနှီးနေတဲ့ အမျိုးသမီးမိတ်ဆွေတစ်ယောက်ရောက်လာတယ်။

အဲဒီအမျိုးသမီးက ပန်းချီဆရာ တစ်ယောက်ရဲ့ဇနီးဖြစ်တယ်။

သူမက ချာချီ လုပ်ပုံကို ကြည့်ကာ “ဘာတွေ ဒီလောက်စဉ်းစားနေရသလဲ?”လို့ဆိုပြီး

စုတ်တံတစ်ချောင်းကောက်ယူလိုက်ပြီး ပိတ်ကားပေါ်မှာ ဗျင်းခနဲ၊ ဗျင်းခနဲ စုတ်ချက်တွေ ဆွဲချပစ်လိုက်တယ်။

အဲဒီတော့မှ အတားအဆီတွေပြယ်သွားတယ်ဗျာ၊

ကင်းဗတ်(စ်)(=ပန်းချီပိတ်ကား)ကိုကြောက်တဲ့စိတ်မရှိတော့ဘူး။

ပန်းချီအလုပ်မှာ အဲဒီလို ရဲရဲတင်းတင်းစတတ်ခြင်းဟာလဲ

အင်မတန်အရေးကြီးတဲ့အချက်တစ်ခုပဲ” လို့ချာချီကပြောခဲ့ပါတယ်။


ပန်းချီအလုပ်သာမက အခြားဘယ်အလုပ်မဆို

ရဲရဲတင်းတင်းစတင်တတ်သူသာ သူတကာထက်

ပိုမိုလျင်မြန်စွာ ကျွမ်းကျင်ပိုင်နိုင်စမြဲဖြစ်ပါတယ်။


လူကြီးမင်းလည်း ကိုယ်ဝါသနာပါရာ အလုပ်တစ်ခုကို

ရဲရဲတင်းတင်းသာစ လိုက်စမ်းပါ။

ဘာဘဲဖြစ်ဖြစ် ရပ်နေတာထက်

လှမ်းနေတာက ပန်းတိုင်နဲ့ပိုနီးလာနိုင်ပါတယ်။

Saturday, January 9, 2010

“ စိတ်ဓာတ်နဲ့ ဝီရိယ...”



တစ်ခါတုန်းက “ကဿက”အမည်ရှိတဲ့လှိုဏ်ဂူမှာ သီတင်းသုံးနေတဲ့ အယျမိတ္တမထေရ်မြတ်ကို

ဆွမ်းခံရွာမှာရှိတဲ့ ဒကာမကြီးတစ်ယောက်က သားအရင်းလိုသဘောထားပြီးပြုစုလုပ်ကျွေးပါတယ်။

တစ်နေ့မှာတော့ ဒကာမကြီးက တောထဲအလုပ်ကိစ္စနဲ့ သွားခါနီးမှာ သမီးကို မှာနေတာက

“သမီးရေ…ဟိုနေရာမှာ ဆန်ကောင်းရှိတယ်။ ဟိုနေရာမှာ ထောပတ်တို့၊ နွားနို့တို့၊ တင်လဲတို့ရှိတယ်။

ရဟန်းအယျမိတ္တကြွလာတဲ့အခါ ဆွမ်းချက်ပြီး နွားနို့၊ထောပတ်၊တင်လဲတွေနဲ့ လောင်းလှူလိုက်ပါ။

ကျန်တာကို သမီးလဲစားပေါ့။

အမေတော့ မနေ့ကကျန်တဲ့ ထမင်းကြမ်းကို ပုံရည်ဟင်းနဲ့စားသွားတော့မယ်။”လို့မှာကြားတယ်။

သမီးက“အမေ နေ့လည်ပြန်လာတော့ ဘာနဲ့စားမလဲ?”လို့ပြန်မေးတော့

“ဟိုနားမှာရှိတဲ့ ဆန်ကွဲလေးတွေနဲ့ ဟင်းရွက်ကိုထည့်ပြီး ယာဂုချဉ်ကျိုထားလိုက်ပေါ့

သမီးရဲ့။”လို့ပြန်ပြောပါသတဲ့။

ဆွမ်းခံထွက်ဖို့ သပိတ်သင်္ကန်းကိုပြင်နေတဲ့ မထေရ်မြတ်က

ဒကာမကြီးမှာနေတဲ့ အသံကိုလည်း ကြားလိုက်ရော

“ကြည့်စမ်း…..ဒကာမကြီးက ပုံရည်ဟင်းနဲ့ထမင်းကြမ်းကိုစားမှာတဲ့။

နေ့လည်စာကိုလည်း ဟင်းရွက်စပ်ပြုတ် ယာဂုချဉ်ကိုစားမယ်တဲ့။

ငါ့အတွက်ကိုတော့ စားသောက်ဖွယ်အကောင်းစားတွေ စီစဉ်မှာကြားနေတယ်။

ဒီဒကာမကြီးဟာ လောကီစည်းစိမ်ဥစ္စာတွေကို တောင့်တပြီး ငါ့ကိုလှူဒါန်းနေတာမဟုတ်ဘူး။

နိဗ္ဗာန်အထိ ပြည့်စုံမှုကိုရည်မှန်းပြီး လှူဒါန်းနေရှာတာ။

ဒကာမကြီးရဲ့အလှူကအလွန်မြင့်မြတ်တဲ့ “ဒက္ခိဏ”ဆိုတဲ့ အလှူမျိုးဖြစ်တယ်။

ငါဟာမြင့်မြတ်တဲ့အလှူ (ဒက္ခိဏ)ကို အလှူခံထိုက်တဲ့ “ဒက္ခိဏေယျ”ဂုဏ်နဲ့ပြည့်စုံပါရဲ့လား”လို့

ကိုယ့်ကိုယ်ကိုယ်ဆုံးမပြီး “ငါဟာ ဒီလိုဆွမ်းကို ဒေါသ၊ မောဟတွေရှိနေတဲ့ စိတ်နဲ့ခံဖို့ မသင့်ဘူး။”လို့

ဆုံးဖြတ်ပြီးတော့မှ မိမိသီတင်းသုံးနေတဲ့ ကဿက ဂူထဲပြန်ဝင်၊ သပိတ်သင်္ကန်းတို့ကို

မူလနေရာမှာ ပြန်ထားပြီး

“ငါဟာ အရဟတ္တဖိုလ်ပေါက် “ဒက္ခိဏေယျ”ဂုဏ်မမြောက်သမျှ လိုဏ်ဂူထဲက မထွက်တော့” လို့

အဓိပတိတတ်တဲ့ စိတ်ဓာတ်နဲ့အခိုင်အမာဆုံးဖြတ်ပြီး ဝီရိယာဓိပတိနဲ့ ကြိုးစားအားထုတ်လိုက်တာ

အရင်ကလည်း နေ့၊ည မပြတ် သတိပဋ္ဌာန်တရားနဲ့ ပွားများခဲ့တဲ့ ဓာတ်ခံရှိလေတော့

ဆွမ်းစားချိန်မတိုင်ခင်မှာပဲ အရဟတ္တဖိုလ်ပေါက် ရဟန္တာအဖြစ်ရောက်သွားပါတယ်။


မြတ်စွာဘုရားရှင်က

သံဃာတွေဟာ ပစ္စည်းလေးပါးကို ဘုဉ်းပေးသုံးဆောင်ပြီး

သာသနာတော်လည်း တည်တန့်အောင်၊

မိမိအတွက်လည်း ဝဋ်ဆင်းရဲမှ လွတ်မြောက်အောင်ဆိုတဲ့

သာသနဗြဟ္မရိယ၊ မဂ္ဂဗြဟ္မစရိယကို ကျင့်နိုင်လိမ့်မယ်၊

ကျင့်ပြီး ဝဋ်ဆင်းရဲကထွက်မြောက်လိမ့်မယ်”လို့ သိမြင်ပြီး ခွင့်ပြုခဲ့တာဖြစ်တယ်။


ဓမ္မဘေရီ အရှင်ဝီရိယ (တောင်စွန်း)

လူသားတိုင်း ကျန်းမာကြပါစေ... လူသားတိုင်း ချမ်းသာကြပါစေ...
ခန္ဓာကိုယ်ကို လေ့ကျင့်ခန်းနဲ့စောင့်ရှောက်ပါ။ စိတ်ကို စာဖတ်ခြင်းနဲ့စောင့်ရှောက်ပါ။...

နူတ်ဆက်စကားလေးများ.....

မြန်မာတို့ရဲ့ ဘလော့ဂ်များ...

picoodle.com