Wednesday, November 25, 2009

သီလ၊သမာဓိကောင်းကြတော့......ဆရာဝန်ခင်ဗျာ......ဟီးးးးး



ကျနော်တို့ဆရာဝန်ဖြစ်လာပြီးနောက်မှာတော့ဘယ်နေရာမှာ ဆေးခန်းဖွင့်မလဲ?

ဆိုတဲ့ကိစ္စဟာ ခေါင်းစားရတဲ့ အလုပ်တစ်ခုဖြစ်လာပါတယ်။

ကိုယ်ဆေးခန်းဖွင့်မယ့်နေရာနဲ့ကိုယ်နဲ့အစဉ်မှပြေပါ့မလား?

ဘယ်လိုအခက်အခဲတွေများ တွေ့ရမလဲ?

အတွေးမျိုးစုံကို အမျိုးမျိုးတွေးခဲ့ရပါတယ်။

ဒါနဲ့ပဲသေချာအောင်ဆိုပြီး

တောရွာကလေးတစ်ခုကိုသွားပြီးစုံစမ်းရေးလုပ်ပါတယ်။

အဲဒီတောရွာကလေးကအတော် အေးချမ်းတဲ့နေရာတစ်ခုဆိုတာ

ရွာထဲဝင်တာနဲ့သိရပါတယ်။

ရွာသူရွာသားအများစုကလည်း တောင်ယာအလုပ်တွေကို လုပ်ကြပါတယ်။

ရတာနဲ့ ရောင့်ရဲတင်းတိမ်ကြတယ်။

စေတီပုထိုးတွေလည်း အတော်များများတွေ့ရတယ်။

ရသမျှကိုတတ်နိုင်သလောက် လှုဒါန်းကြပုံပေါ်တယ်။

အကြောင်းကတော့ ဘုန်းကြီးကျောင်းဟာ ရွာမှာတော့ အကြီးမားဆုံးနဲ့ အခမ်းနားဆုံးပါပဲ။

ရွာပြင်ထွက်ပြီး လေ့လာကြည့်တော့ သင်းချိုင်းကုန်းက သေးသေးလေးဖြစ်နေတယ်။

အဲဒီအထဲမှာမှ အုတ်ဂူလေးတစ်ခုကို သာတွေ့ရပြီး လွန်ခဲ့တဲ့

လေး-ငါးနှစ်လောက်ကြာပြီဟု ခန့်မှန်းမိတယ်။

ရွာထဲပြန်ဝင်လာတော့ ရွာထဲမှာ ဆေးခန်းမရှိဘူး။

ရွာမှာရှိတဲ့ လူဦးရေနဲ့ ဆိုရင် ဆေးခန်းဖွင့်ဖို့

အကောင်းဆုံး နေရာတစ်ခုလို့သတ်မှတ်လိုက်ပါတယ်။

ညနေစောင်း၊ တည်းခိုတဲ့အိမ်ရောက်တော့ ရေချိုး၊ထမင်းစားပြီးတော့

အဲဒီအိမ်မှာရှိတဲ့ အသက်အကြီးဆုံး ဖြစ်တဲ့ ဘကြီးတင်ကို

ဒီရွာမှာ ဆေးခန်းဖွင့်ချင်ကြောင်း ပြောလိုက်ပါတယ်။

ဘကြီးတင် ပြောတဲ့စကားကတော့


“ဆေးခန်းဖွင့်ချင်တာတော့ မောင်ရင်လေး သဘောပါပဲ။

လွန်ခဲ့တဲ့ ငါးနှစ်လောက်က ဆရာဝန်လေးတစ်ယောက်လည်း ဆေးခန်းလာဖွင့်ဘူးပါတယ်။

ဒီရွာသူရွာသားတွေက သီလ၊သမာဓိကောင်းကြလေတော့

ကျန်းမာရေးလည်းကောင်းကြတယ်ကွဲ့။ဒါနဲ့ပဲ…….”


စကားမဆုံးခင် ကျနော်က ဖြတ်ပြီးမေးလိုက်တာက


“အဲဒီဆရာဝန်လေးရော အစဉ်ပြေလား?

အခုအဲဒီဆရာဝန်လေးဘယ်မှာလဲ?” လို့မေးလိုက်မိပါတယ်။


ဘကြီးတင်က

“အတန်တန်တားတဲ့ကြားက ဆေးခန်းဖွင့်တော့

အခုတော့ သေဆုံးသွားရှာပြီကွယ့်။ ”


” ဘာဖြစ်လို့သေတာလဲ? အဘ”


“ငတ်လို့သေတာပါကွယ်”


ကျနော် ထိုရွာကအပြီးအပိုင် ထွက်ခဲ့ပါတယ်။

ဆေးခန်းလည်းမဖွင့်ဖြစ်တော့ပါ..................။

“မပေးဘူး” ပြောရောပေါ့....



ကျနော်တို့လူမျိုးဟာ အားနာတတ်ကြတယ်။
အားနာတာကို စိတ်ကောင်း၊စေတနာကောင်းရှိတာလို့ထင်တတ်ပြန်တယ်။ မခက်ဘူးလား?
အလွန်ခက်ပါတယ်။ အဲဒီခက်တဲ့အထဲ ကျနော်လည်းပါနေပြန်တယ်။
သူငယ်ချင်းများငွေချေးတာကို အားနာတဲ့အတွက် မရှိတဲ့အထဲချေးပေါင်းလည်းများပြီ။ ပြန်မရပေါင်းလည်းများလှပြီ။
“အားနာတတ်တာဟာ ကြောက်လို့ဖြစ်တာပါ။
အားနာတတ်တာဟာ စိတ်ဓာတ်ပျော့ညံ့လို့ဖြစ်တာပါ။”
ဆိုတာကို သိထားသော်လည်း သူငယ်ချင်းများငွေချေးတိုင်း ချေးဖြစ်နေဆဲပင်။
ပြန်မရနေဆဲပင်။
တိုက်ရိုက်ငြင်းရမှာ ဘယ်လိုအားနာမှန်းမသိပါ။
ကျောင်းများတွင် အားမနာတတ်သော သင်ခန်းစာများထည့်သင်လျှင်ကောင်းမည်ဟု မကြာခဏတွေးမိပါတယ်။


တစ်နေ့မှာတော့ မိတ်ဆွေ တစ်ဦးနဲ့ စကားပြောရင်း အားနာတတ်မှုနဲ့ပက်သက်ပြီးစကားစပ်မိသွားပါတယ်။
သူကနည်းတစ်နည်းကို သင်ပေးသွားပါတယ်။
မကြာခင်မှာပင် သူ့နည်းက အသုံးတည့်သွားပါတယ်။



ကျနော်ရဲ့ငယ်သူငယ်ချင်း နေဝင်းက
“ ငါ့ကို ငွေတစ်သောင်းလောက်ချေးစမ်းပါ”
ကျနော်က “စင်္ကာပူကပြန်လာမှယူကွာ”
“ဘာလဲ မင်းစင်္ကာပူကို သွားမလို့လား?”
“စိတ်တောင်မကူးဘူး”
“ဟာကွာ...မင်းကလဲ....”
သူကရီရီမောမောပြောပြီး ထွက်သွားပါတော့တယ်။
အဲဒီတော့မှ ကျနော်လည်း သက်ပြင်းချနိုင်ပါတော့တယ်။



"လူသားဆိုတဲ့တန်ဖိုး..."



တစ်ခါတုန်းက တနင်္ဂနွေရက် တစ်ရက်တွင်ကျနော်က အားလပ်နေတယ်။
ဘာလုပ်ရမလဲဟု တွေးနေစဉ်
မိတ်ဆွေတစ်ဦးက ဟောပြောပွဲတစ်ခု သွားနားထောင်ဖို့အဖေါ်ညှိပါတယ်။
အပြောင်းအလဲသဘောနဲ့လိုက်သွားဖြစ်ပါတယ်။
ဟောပြောသူအများထဲက တစ်ဦးကိုတော့ မှတ်မှတ်ရရ ဖြစ်နေပါတယ်။
နားထောင်နေသော ပရိသတ်ကတော်တော် များပါတယ်။
ပရိသတ်အရေအတွက် အတိအကျတော့ မသိပါဘူး။
ပရိသတ်အများအပြားရှေ့တွင် ဟောပြောသူ ဦးတင်မောင်အေး က
စိတ်အားထက်သန်စွာ ပြောနေပါတယ်။
သူ့ရဲ့ထူးခြားချက်ကတော့ ရိုးသားခြင်း ဟုထင်မိပါတယ်။
ဟောပြောနေရင်း သူ့ရဲ့လက်က ငွေ တစ်ထောင်ကျပ်တန်ကိုထုတ်ပြီး ကိုင်ထားပါတယ်။
ထိုငွေစက္ကူကို ကိုင်မြှောက်ပြပြီး…
“ ဒီငွေ တစ်ထောင်ကျပ်ကို ဘယ်သူလိုချင်သလဲ?
လိုချင်တဲ့သူ လက်မြှောက်ပြပါ ”လို့ပြောလိုက်ပါတယ်။
ပရိသတ်ထဲက နေရာတိုင်းမှာလက်တွေမြှောက်လာတာတွေ့ရပါတယ်။
“ကျနော် ဒီငွေကို တစ်ယောက်ယောက်ကိုပေးပါ့မယ်။
ဒါပေမယ့် ကျနော်ကို ပထမ ဒါတော့လုပ်ခွင့်ပေးပါ။”
လို့ပြောရင်း ငွေစက္ကူကို လက်နဲ့ခြေမွပစ်လိုက်ပါတယ်။ ပြီးတော့
“ကဲ…..အခုဆိုရင်ရော…ဘယ်သူလိုချင်ကြသေးလဲ?”လို့ထပ်မေးပါတယ်။
မကြာခင်မှာပင် ထောင်ခဲ့တဲ့ လက်တွေလေထဲပြန်ထောင်လာပါတယ်။
“ကောင်းပြီ၊ ကျနော် ဒီလိုလုပ်ရင်ကော! လို့ပြောပြောဆိုဆို
ငွေစက္ကူကို မြေကြီးပေါ်ချပြီးဖိနပ်နဲ့နင်းခြေပါတယ်။
ပြီးတော့ ကောက်ယူလိုက်ပါတယ်။
အားလုံးညစ်ပတ်စုတ်ကြေသွားပါတယ်။
အဲဒီနောက် “ကဲ……အခုရော…ဘယ်သူလိုချင်သေးလဲ?လို့ ထပ်မေးပြန်ပါတယ်။
ထောင်ခဲ့တဲ့လက်တွေ လေထဲမြှောက်လာပြန်ပါတယ်။
“ကျနော် ဘာဘဲလုပ်လုပ် ခင်ဗျားတို့ကလိုချင်နေတာပဲ။
ဘာကြောင့်ဆိုတော့ဒီငွေ တစ်ထောင်ကျပ်ရဲ့ တန်ဖိုးကလျော့မသွားလို့ပေါ့။
ညစ်ပတ်စုတ်ကြေသွားလည်းပဲ ငွေတစ်ထောင်ဟာ တစ်ထောင်တန်ဖိုး ရှိနေဆဲပဲမဟုတ်လား?
ကဲ.....ကျနော်တို့ရဲ့ဘဝမှာလည်း ဒီလိုပါပဲ။
တန်ဖိုး အလျှော့ချခံရတာတို့၊
တွန့်ကြေဒဏ်ခံရတာတို့၊
မြေမှာလူးပြီးညစ်ပတ်တဲ့အဖြစ်နဲ့ကြုံရတာတို့၊
ပြီးတော့…………………………………ခံရတာတို့၊
ပြီးတော့…………………………………ခံရတာတို့၊
ပြီးတော့…………………………………ခံရတာတို့၊
ရှိခဲ့ပါတယ်။

လုပ်ခဲ့တဲ့ဆုံးဖြတ်ချက်တွေ၊
တွေ့ကြုံရတဲ့အခြေအနေတွေကြောင့်
ဒုက္ခအမျိုးမျိုးကြုံရတတ်ပါတယ်။
အဲဒီအခါမျိုးမှာ ကိုယ့်ကိုယ်ကို တန်ဖိုးမရှိတော့ဘူးလို့ မိမိဘာသာမြင်လာတတ်ပါတယ်။
အခြားလူတွေရဲ့အမြင်မှာလည်း အလားတူအမြင်မျိုး ဖြစ်လာတတ်ပါတယ်။

ဘယ်လိုပဲဖြစ်ခဲ့ဖြစ်ခဲ့၊
ဘာတွေပဲဖြစ်ခဲ့ဖြစ်ခဲ့၊
လူသားဆိုတဲ့တန်ဖိုးကတော့ ဆုံးရှုံးသွားမှာမဟုတ်သလို
အဲဒီတန်ဖိုးကို ဘယ်သူကမှ လျော့ချလို့မရပါဘူး။
“ကိုယ့်ရဲ့တန်ဖိုးအစစ်အမှန်ကို ဘယ်တော့မှ မမေ့ဖို့ သတိပေးလိုက်ချင်ပါရဲ့”..............။
လူသားတိုင်း ကျန်းမာကြပါစေ... လူသားတိုင်း ချမ်းသာကြပါစေ...
ခန္ဓာကိုယ်ကို လေ့ကျင့်ခန်းနဲ့စောင့်ရှောက်ပါ။ စိတ်ကို စာဖတ်ခြင်းနဲ့စောင့်ရှောက်ပါ။...

နူတ်ဆက်စကားလေးများ.....

မြန်မာတို့ရဲ့ ဘလော့ဂ်များ...

picoodle.com