Tuesday, May 31, 2011

" ဘာကြောင့်ပြောင်းလဲသွားပါလိမ့်..."


ကျနော်ငယ်ငယ်တုန်းက

ပန်းခင်းတွေထဲဖြတ်ပြီးမကြာခဏ ခရီးသွားဖူးပါတယ်။

ပန်းတွေရဲ့အလှကို မခံစားတတ်ပါ။

လက်ထဲမှာ ပါလာတဲ့ တုတ်တစ်ချောင်းနဲ့

ဟိုရမ်းဒီရမ်းလုပ်တတ်ပါတယ်။

ပန်းပွင့်တွေကို ပျက်စီးစေချင်တာမျိုးလည်းမဟုတ်ပါပဲ

လက်ဆော့တတ်ပါတယ်။

ဒီလိုလုပ်ရင် ဘာတွေဖြစ်မလဲဆိုတာကို

သိချင်တာဖြစ်ကောင်းဖြစ်နိုင်ပါတယ်။

ကျနော့်ရဲ့တုန်ချက်ကြောင့်

ပန်းပွင့်တွေ ကြွေကျပျက်စီးကုန်ပါတယ်။

ပန်းပွင့်တွေ ပြန့်ကျဲပြီး ကြွေကျတာကို

ကြည့်ပြီး ပျော်ခဲ့ဖူးပါတယ်။

ပန်းပိုင်ရှင်လိုက်တဲ့အတွက်လည်း ပြေးခဲ့ဖူးပါတယ်။


နောက် နည်းနည်း အသက်အရွယ်

ရောက်လာတဲ့အခါမှာ

ငယ်ငယ်တုန်းကလို

လက်ဆော့ဖျက်ဆီးတာမျိုးကို မလုပ်ချင်တော့ပါ။

လှတဲ့ပန်းလေးတွေကိုခူးပြီး

ပန်းအိုးမှာ အလှထိုးတတ်လာပါတယ်။

ပန်းတွေကို ခူးပြီး ဘုရားမှာ

ပန်းကပ်တာတွေလည်း လုပ်တတ်လာပါတယ်။


အခုတော့

အသက်အရွယ်ကြီးပြီးလို့ဆိုရမလားမသိပါ။

ပန်းတွေကို မဖျက်ဆီးချင်တတ်သလို

ပန်းတွေကိုလည်း မခူးချင်တော့ပါ။

ပန်းလေးတွေကို

သဘာဝအတိုင်း သူ့အပင်ပေါ်မှာပဲ

ပွင့်နေစေချင်တယ်။

လှနေစေချင်တယ်။

သူ့သဘာဝအတိုင်း လှပနေတာကိုပဲ

ကြည့်ပြီးကြည်နူးနေချင်မိတယ်။


ပန်းပွင့်တွေဟာ ပန်းပင်ပေါ်မှာပဲ

သဘာဝအတိုင်း လှပနေတာကို

ကြည့်ကြည့်ပြီး

ပိုပိုပြီးကြည်နူးနှစ်သက်ရတာကိုက

အဓိပ္ပာယ်ရှိလာတယ်လို့

ပိုပိုပြီး ထင်လာမိပါတယ်။


အသက်အရွယ်ကြောင့်လား၊

အသိဥာဏ်ကြောင့်လား၊

ဘာကြောင့်များပြောင်းလဲသွားပါလိမ့် !



Monday, May 30, 2011

" အဓိက,ကစိတ်နေသဘောထားပါ…"


ကာရိုးလိုင်းနား(မြောက်)ရဲ့နာမည်ကြီး ကောလိပ်တစ်ခုတွင်

ချိုင်းထောက်နဲ့ကျောင်းတက်နေတဲ့ကျောင်းသားလူငယ်တစ်ဦးရှိပါတယ်။

သူဟာ ပတ်ဝန်းကျင်နဲ့အံဝင်ခွင်ကျအောင်နေနိုင်သူတစ်ဦးဖြစ်ပါတယ်။

အပေါင်းအသင်းများနဲ့လည်း အစဉ်ပြေပြေနေတတ်ပြီး

အကောင်းမြင်စိတ်လည်း ရှိသူတစ်ဦးဖြစ်ပါတယ်။

သူဟာ ပညာထက်မြက်ထူးချွန်တဲ့အတွက်လည်း

ဂုဏ်ပြုမှုအမျိုးမျိုးကိုခံခဲ့ရသူတစ်ဦးလည်း ဖြစ်ပါတယ်။

အဲဒါကြောင့် အတန်းသားများက သူ့အပေါ်ချစ်ခင်လေးစားတန်ဖိုးထားကြပါတယ်။


တစ်နေ့မှာတော့ သူရဲ့မသန်စွမ်းဖြစ်ရတဲ့အကြောင်းကို မေးကြည့်မိပါတယ်။

“ ငယ်ငယ်ကတည်းက အကြောသေသွားတာပါ”

လို့တိုတိုပင် ပြန်ဖြေပါတယ်။


“ ဒီလောက် ကံဆိုးနေတာတောင်

ခင်ဗျားက လောကကို အပြုံးမပျက်ရင်ဆိုင်နိုင်တာ တွေ့ရတော့

တော်တော် ချီးကျူးမိပါတယ်။

အဲဒီလို ရင်ဆိုင်နိုင်တာဟာ ဘာကြောင့်လဲ”

လို့ ဆက်မေးဖြစ်ပါတယ်။

“ အို…ရောဂါက ကျနော့်ရဲ့စိတ်နှလုံးကို လာပြီး မရိုက်ခတ်ပါဘူး။

ကျနော်စိတ်နှလုံးကလည်း ရောဂါကို လာခွင့်မပြုပါဘူး။

အဲဒါကြောင့်ပါ”

လို့

ပြုံးပြုံးလေးပြန်ဖြေပါတယ်။


Sunday, May 29, 2011

" ဆန္ဒတွေ စောလိုက်ကြတာ..."


တစ်ခါတုန်းက

လူငယ်ဇနီးမောင်နှံနှစ်ဦးတို့ရဲ့အခန်းထဲမှာ ဆူညံနေပါတယ်။

သူတို့ဟာ ပဉ္စမထပ်မှာ နေကြပါတယ်။

အိမ်နီးချင်းတွေက ဝရန်တာထွက်ပြီး နုားစွင့်နေကြပါတယ်။

“ ကောင်လေးက သူ့မိန်းမကို ရိုက်တော့မယ်ထင်တယ်။

တို့တစ်ခုခုလုပ်ရင် ကောင်းမယ်ထင်တယ်”

“ ဟုတ်တယ်၊ ဟုတ်တယ်၊

ဒီလိုရိုက်ရအောင် သူ့ဇနီးက သစ်သားနဲ့လုပ်ထားတာ မဟုတ်ဘူး။

လူကတော့-အေးပါတယ်လေ၊

သူတို့လင်မယား ရန်ဖြစ်တာတို့နဲ့ ဘာဆိုင်တာမှတ်လို့”

အခန်းဆီမှ ထိခိုက်သံ၊ ကျကွဲသံများ၊ ပိုကြားလာရပါတယ်။

အဲဒီနောက် အသံတွေလျှော့သွားပြီး တေးဂီတသံကြားလာရပါတယ်။

တေးသံမှာ သိပ်မကျယ်ပါ။

ဒါပေမယ့်

“ ငါတော့ လောင်းရဲတယ်။

သူ့မိန်းမ ငိုသံမကြားရအောင် တမင်သီချင်းဖွင့် တာဖြစ်ရမယ်၊

ဒါမှ အခြားသူတွေ သူ့မိန်းမငိုသံမကြားမှာပေါ့ ”

အဲဒီနောက် အသံဗလံတွေ တိတ်သွားပြန်ပါတယ်။

“ ကျမတို့ရဲကို အကြောင်းကြားရင် ကောင်းမယ်ထင်တယ်၊

ဖြစ်နိုင်တာကတော့…”

အဲဒီအချိန် မှာပင် အဖိုးတစ်ဦးဟာ

အမျိုးသမီးများ တစ်ယောက်တစ်ပေါက် ထင်ကြေးပေးနေတဲ့ကြားမှ

“ ခင်ဗျားတို့တစ်တွေ ဒီလူငယ်ဇနီးမောင်နှံလုပ်ချင်တာကို

ဘာကြောင့် လုပ်ခွင့်မပေးတာလဲ”

လို့မေးပါတယ်။

“ တကယ်တော့ သူတို့ဇနီးမောင်နှံ ပရိဘောဂတွေ ရွှေ့နေတာဖြစ်နိုင်တာပေါ့ ”

လို့ပြောပါတယ်။

“ ဒါပေမယ့် အဖိုးရယ် ကျမတို့ ညည်းသံတွေ၊ သက်ပြင်းချသံတွေ ကြားနေရတယ်”

“ ကြားတော့ ဘာဖြစ်လဲ၊

တို့တစ်တွေလည်း ညည်းတတ်တာပဲ၊

ပင်ပန်းရင် သက်ပြင်းချတာပဲ ”

အဲဒီအချိန်မှာပဲ ရုတ်တရက် တံခါးပွင့်လာပါတယ်။

ချစ်စရာကောင်းတဲ့ ဇနီးမောင်နှံဟာ အပြင်ဟာ အပြင်ထွက်လာပါတယ်။

အမျိုးသမီးလေးက အိမ်နီးချင်းအားလုံးအား ချစ်စဖွယ်ပြုံးပြပါတယ်။

အိမ်နီးချင်းတွေအားလုံး စုပြုံနေတာတွေ့တော့

“ တစ်ခုခုများဖြစ်သလားရှင်၊

စိုးရိမ်စရာ မဟုတ်ဘူးတော့ ထင်ပါတယ်”

လို့ပြောပါတယ်။

ဘယ်သူမှ ဘာပြန်ပြောရမှန်းမသိပါ။

အဲဒီအချိန်မှာ အဖိုးက

“ တို့တစ်တွေ မချိန်းဘဲ အပြင်ကို ပြိုင်တူထွက်မိတာပါ”

လို့ပြန်ဖြေလိုက်ပါတယ်။

“ ဒီလိုဆို ကောင်းပါလေရဲ့၊

ကျမကတော့ တစ်ခုခုများ ဖြစ်ခဲ့သလားလို့ပါ။

ဒါပေမယ့် အိမ်နီးချင်းကောင်းတွေ

ကို ကျမတောင်းပန်ချင်တာရှိပါတယ်။

ကျမတို့ရဲ့အခန်းထဲ အသံဗလံတွေ လုပ်မိတဲ့အတွက် တောင်းပန်ပါတယ်။

ကျမတို့လင်မယား အိမ်ထောင်ပရိဘောဂတွေ ရွှေ့ကြတာပါ။

တိုက်မိပြီး မီးအိမ်တစ်လုံး ကျကွဲသွားပါတယ်။

အခု ကျမတို့ မီးအိမ်အသစ်တစ်လုံး အပြင်ထွက်ဝယ်မလို့ပါ”

လို့ ရှင်းပြပါတယ်။

လူငယ်ဇနီးမောင်နှံ အပြင်ထွက်သွားတာကို ကြည့်ရင်း အဖိုးက ပြုံးပါတယ်။

ရပ်ကြည့်နေသူများက

“ဒီဇနီးမောင်နှံက အတွဲညီပြီး ကြည့်ကောင်းလိုက်တာ”

လို့ပြောကြပါတယ်။

Saturday, May 28, 2011

" ဆုံးမမှာလား၊ အားပေးမှာလား..."


တစ်ခါတုန်းက ကလေးငယ်တစ်ဦးဟာ

ကျောင်းနေဖက်သူငယ်ချင်းတစ်ဦးဆီက ခဲတံတစ်ချောင်းကို ခိုးယူပြီး

အိမ်ကိုယူလာခဲ့တယ်။

သူ့မိခင်ပြန်လာတော့ မိခင်ကို ပြပါတယ်။

အမေက သားကို ခိုးဝှက်လာတဲ့အတွက် တားမြစ်ဆုံးမရမယ့်အစား

သားကို သိပ်တော်တာပဲလို့ချီးကျူးပါတယ်။

အဲဒီကလေးဟာ အမေရဲ့ချီးကျူးစကားကြောင့်

ကောင်းတဲ့လုပ်ရပ်လို့သဘောပေါက်နားလည်သွားပါတယ်။

အဲဒါကြောင့် အခွင့်သင့်လေတိုင်း ခိုးတဲ့အကျင့်ကိုလုပ်ဖြစ်လာပါတယ်။

တဖြည်းဖြည်းနဲ့တန်ဖိုးကြီးတဲ့ပစ္စည်းတွေကိုလက်ရဲဇက်ရဲခိုးလာခဲ့ပါတယ်။

အဲဒီကလေးကြီးပြင်းလာတဲ့အခါ ခိုးယူတဲ့အကျင့်ကြောင့် သူခိုးကြီးဖြစ်လာခဲ့ပါတယ်။

နောက်ဆုံးမှာ ခိုးထုပ်ခိုးထည်နဲ့ လက်ပူးလက်ကြပ်မိတဲ့အတွက်

သေဒဏ်ပေးခံရပါတယ်။

သူ့အားသေဒဏ်ပေးမယ့်လမ်းဘေးမှာ

လာရောက်ကြည့်နေကြတဲ့ပရိသတ်ထဲတွင်

သူ့ရဲ့မိခင်လည်းပါနေပါတယ်။

အမေကငိုယိုနေပြီး သူ့ရင်ဘတ်ကို သူထုနေပါတယ်။

သေဒဏ်ခံရမယ့်သားက အမေကို စကားတစ်ခွန်းပြောခွင့်တောင်းပါတယ်။

ခွင့်ပြုချက်ရပါတယ်။

အမေက သားဆီကို အပြေးအလွှားသွားပြီး နားကို

သားဖက်ကိုကပ်ပေးပြီးနားထောင်လိုက်ပါတယ်။

အဲဒီအချိန်မှာ သားက အမေရဲ့နားရွက်ကို ကိုက်ပြီး ဖြတ်ပစ်လိုက်ပါတယ်။

မိခင်က နာကျင်တဲ့အတွက် တအားအော်ပါတယ်။

ပရိသတ်ကလည်း ထူးဆန်းတဲ့လုပ်ရပ်ကြောင့် ဝိုင်းအုံလာကြပါတယ်။

မိခင်က

“ အမလေးတော်…အရင်ကလုပ်ခဲ့တဲ့ မကောင်းမှုတွေနဲ့တောင် အားမရနိုင်သေးဘူး။

အမေကိုတောင် ရက်ရက်စက်စက် နားကို ကိုက်ဖြတ်သေးတယ်။

လုပ်ရက်လေခြင်းကွယ်”

လို့ငိုယိုပြီး အပြစ်တင်လိုက်ပါတယ်။

အဲဒီအခါ သားက ပရိသတ် အားလုံးကို ရှင်းပြပါတယ်။


“ အမေက ကျနော်ကို ဖျက်ဆီးခဲ့သူဖြစ်တယ်။

ကျနော်ငယ်ငယ်တုန်းက ခဲတံတစ်ချောင်းကို

ခိုးယူလာတာကို ရိုက်နှက်ဆုံးမခဲ့ရင်

ကျနော်အခုလို သူခိုးဖြစ်မှာ မဟုတ်ဘူး။

သေဒဏ်လည်း အပေးခံရမှာ မဟုတ်ဘူး။

အဲဒီတုန်းက အမေက ကျနော်ခိုးလာတာကို ချီးကျူးခဲ့တယ်။

ကျနော်က အကောင်းထင်ပြီးထပ်ခါတလဲလဲ ခိုးလာတဲ့အတွက်

အခုတော့ သေဒဏ်အပေးခံခဲ့ရတာဖြစ်တယ်”

လို့ရှင်းပြပါတယ်။


အလွန်ရိုးရှင်းတဲ့ပုံပြင်လေးဖြစ်ပါတယ်။

ကြားပေါင်းများလို့ ဖတ်ဖတ်ကိုကြေနေပါပြီ။

သားကိုချစ်တဲ့စိတ်ကြောင့် ဘာဘဲလုပ်လုပ်အပြစ်မမြင်ကြတဲ့အတွက်

မိဘများအတွက် သတိတရဖြစ်စေချင်ပါတယ်။

သားကိုချစ်တယ်ဆိုတာကောင်းပါတယ်။

ဒါပေမယ့် အပြစ်လုပ်ရင် အပြစ်ကိုပြင်ပေးသင့်ပါတယ်။

မိဘဖြစ်လာပြီဆိုရင်...

အပြစ်လုပ်ရင် အပြစ်မှန်းမြင်တတ်ပြီး၊ အပြစ်ကိုပြင်ပေးတတ်ပါမှ

အရည်အချင်းပြည့်ဝတဲ့ မိဘကောင်းဖြစ်နိုင်ပါလိမ့်မယ်။

မိဘကောင်းဖြစ်မှလည်း

သားသမီးကောင်းတွေပေါ်ထွန်းလာနိုင်ပါလိမ့်မယ်။

အိုးထိန်းသည် အိုးကို ရိုက်တာဟာ

အိုးကောင်းတွေဖြစ်လာဖို့ပါ။



Friday, May 27, 2011

“ ငွေနဲ့ဝယ်လို့မရတဲ့အရာ…”



တစ်ခါတုန်းက

အလွန်ချောမောလှပတဲ့ အမျိုးသမီးတစ်ဦးဟာ ကျနော့်ဆေးခန်းကိုရောက်လာပါတယ်။

သူမဟာ တန်ဖိုးကြီးအဝတ်အစားများနဲ့အဖိုးတန်ရတနာများကိုဝတ်ဆင်လာပါတယ်။

နယ်စပ်မှာနေတဲ့အတွက် ဒီလိုမြင်ကွင်းမျိုးတွေ့မြင်နေကျဖြစ်ပေမယ့်

သူမရဲ့ဝတ်ဆင်မှုက သူများထက်အများကြီးပိုနေတယ်လို့ထင်မိပါတယ်။

သူမရဲ့နာမည်ကိုမေးကြည့်တော့မှ မရွှေကြိုင်ဖြစ်ပြီး၊

အသက်မှာ ၃၆-နှစ်ဖြစ်ကြောင်းသိရပါတယ်။

သူမကို သေသေချာချာစမ်းသပ်ကြည့်တော့လည်း

ထူးထူးခြားခြားရောဂါဆိုပြီး ဘာမှ မတွေ့ရပါ။

သူမပြောစကားကိုနားထောင်ကြည့်တော့ သူမဟာ မကြာသေးခင်ကမှ

လင်ယောကျာ်းနဲ့ကွာရှင်းပြတ်ဆဲပြီးကြောင်းသိရပါတယ်။

သူမရဲ့တောင်းဆိုမှုတွေကများလွန်းလာတာကြောင့်

လင်ယောကျာ်းမှာ မခံနိုင်တော့၍ ကွာရှင်းခြင်းဖြစ်ကြောင်းလည်းပြောပြပါတယ်။

အခု သူမမှာ တိုက်အိမ် သုံးလုံး၊ ကားသုံးစီးအပြင် ရတနာပစ္စည်းမြောက်များစွာ ပိုင်ဆိုင်နေပေမယ့်

စိတ်ထဲမှာ အထီးကျန်၊အဖော်မဲ့နေကြောင်း၊

စိတ်ထဲမှာလည်း ရောဂါတစ်မျိုးမျိုးရှိနေတယ်လို့ထင်မြင်မိကြောင်းပြောပါတယ်။

လောလောဆယ်စိတ်သက်သာမှုရအောင် ဆေးကုသမှုပေးလိုက်ပြီး နောက်တစ်နေ့ကို ချိန်းလိုက်ပါတယ်။

သူမဟာ ပြောတဲ့အတိုင်း လာပါတယ်။

အဲဒီတော့မှ သူမကို အမျိုးသမီးတစ်ဦးနဲ့မိတ်ဆက်ပေးလိုက်ပါတယ်။

သူမရဲ့နာမည်ကတော့ မစပယ်ဖြစ်ပါတယ်။

မစပယ်ရဲ့ပြောပြတဲ့ဇာတ်လမ်းကို သေသေချာချာနားထောင်ဖို့နဲ့

အဲဒီစကားဟာ မရွှေကြိုင်အတွက် အဖြေတစ်ခုခုရနိုင်ကြောင်း

ကျနော်က တိုက်တွန်းပြောဆိုလိုက်ပါတယ်။

မစပယ်က…

“ ကျမရဲ့ခင်ပွန်းက အဆုပ်အအေးမိပြီး ဆုံးပါးသွားပါတယ်။

နောက်ထပ်သုံးလကြာတော့ ရုတ်တရက်အန္တရာယ်ကျရောက်ပြီး

သားလည်းဆုံးပါးခဲ့ပြန်ပါတယ်။

ကျမမှာ ဘယ်သူမှ မကျန်၊ဘာမှ မရှိတော့ပါဘူး။

ကျမငေးငေးငိုင်ငိုင်ခြေဦးတည့်ရာ လျှောက်သွားခဲ့ပါတယ်။

အိပ်လည်းမရခဲ့ပါဘူး။

စားသာ စားတယ် စားတယ်လို့လည်း မမှတ်မိပါဘူး။

ဘယ်သူကိုတွေ့တွေ့ ပြုံးတောင် မပြုံးပြနိုင်ခဲ့ပါဘူး။

အဲဒီအခြေအနေက နေကောင်းလာမယ်လို့တောင် ဘယ်တုန်းကမှ မထင်ခဲ့ပါဘူး။

တစ်ညမှာတော့ အလုပ်က အိမ်အပြန်မှာ

ကြောင်လေးတစ်ကောင် ကျမနောက်က လိုက်လာတာကို

တွေ့ပါတယ်။

အဲဒီကြောင်လေးအတွက် ကျမ စိတ်မကောင်းပါဘူး။

အပြင်မှ အေးတယ်မို့လား။

ဒါကြောင့် ကြောင်လေးကို အိမ်ထဲဝင်ခွင့်ပေးလိုက်ပါတယ်။

နွားနို့လည်း နည်းနည်းတိုက်လိုက်ပါတယ်။

ကြောင်လေးက သူ့ကိုယ်လုံးနဲ့ကျမခြေထောက်ကို လာပွတ်ပါတယ်။

အဲဒီတော့ ကျမပြုံးမိပါတယ်။

အဲဒီအပြုံးဟာ လပေါင်းတော်တော်ကြာကြာအတွင် ပထမဆုံးအကြိမ်ပြုံးခဲ့မိတာပါ။

အဲဒီအချိန်ကစပြီး ကျမရဲ့အတွေးပြောင်းခဲ့ပါတယ်။

ဒီလိုကြောင်လေးတစ်ကောင်ကို ကူညီတာက

ငါ့ကို ပြုံးစေနိုင်တယ်ဆိုရင် အခြားလူတွေအတွက်

ကောင်းတာလုပ်ပေးရင် ငါလည်းပျော်ရွှင်လာမှာပဲလို့တွေးမိလာပါတယ်။

ဒါကြောင့် နောက်နေ့မှာ ကျမစားစရာတချို့ပြုလုပ်ပြီး

အိပ်ရာထဲမှာလဲပြီး နေမကောင်းနေတဲ့ အိမ်နီးချင်းတွေကို သွားကျွေးခဲ့ပါတယ်။

နေ့စဉ်လူတစ်ဦးဦးအတွက် ကောင်းတာတစ်ခုတော့ လုပ်ပါတယ်။

ကောင်းတာလုပ်ပေးတော့ လုပ်ပေးခံရသူလည်းပျော်ပါတယ်။

သူတို့ပျော်တာကြည့်ပြီး ကျမဝမ်းသာရပါတယ်။

ငါ ဘယ်လောက်ရမလဲလို့ စဉ်းစားနေရင် လူတွေဟာ မပျော်ရွှင်နိုင်ပါဘူး။

အခြားသူတွေကို ဘယ်လောက်ကူညီနိုင်မလဲဆိုတာ စဉ်းစားရင်တော့ ပျော်ရွှင်နိုင်ပါတယ်။

အခုတော့ ကျမကောင်းကောင်းအိပ်နိုင် စားနိုင်ပါတယ်။

ဘယ်သူမှ ကျမလောက် အိပ်ကောင်း၊စားကောင်းမယ်တောင် မထင်ပါဘူး။

ကျမ ပျော်ရွှင်ချမ်းမြေ့မှုကို ဒီလိုနည်းနဲ့တွေ့ခဲ့ပါတယ်”

လို့ ရှင်းပြပါတယ်။


မစပယ်ရဲ့စကားကို ကြားရတော့

မရွှေကြိုင်ဟာ ချုံးပွဲချ ငိုပါတော့တယ်။

သူမမှာ ငွေနဲ့ပေးဝယ်နိုင်တာအားလုံး ရှိပါတယ်။

ဒါပေမယ့် ငွေနဲ့ပေးဝယ်လို့မရတဲ့အရာ ဆုံးရှုံးခဲ့ပါတယ်။

အဲဒီနောက် ဆုံးဖြတ်ချက်တစ်ရပ်ကို ချမှတ်လိုက်ပါတယ်။

“ ဒီနေ့ကစပြီး အသုံးမကျတဲ့ ရုပ်လှလှဘဝကနေပြီး

လူသားဆန်တဲ့ စိတ်လှလှဘဝကိုရအောင်ကြိုးစားပါတော့မယ်”

လို့ပြောပြီးပြန်သွားပါတော့တယ်။

လူသားတိုင်း ကျန်းမာကြပါစေ... လူသားတိုင်း ချမ်းသာကြပါစေ...
ခန္ဓာကိုယ်ကို လေ့ကျင့်ခန်းနဲ့စောင့်ရှောက်ပါ။ စိတ်ကို စာဖတ်ခြင်းနဲ့စောင့်ရှောက်ပါ။...

နူတ်ဆက်စကားလေးများ.....

မြန်မာတို့ရဲ့ ဘလော့ဂ်များ...

picoodle.com