Friday, May 23, 2014

"အမေ့ထံသို့ ပေးစာများ-၉၆..."





သို့
ချစ်တဲ့အမေ
သားသတိတရ စာရေးလိုက်ပါတယ်။
အမေရိကန်မှာတော့
မေလရဲ့ ဒုတိယအပတ်တနင်္ဂနွေနေ့ကို အမေများနေ့လို့ သတ်မှတ်ထားတယ်။
အမေများနေ့ရောက်လာတော့ အမေကို သတိရတယ်။
အနေနီးခဲ့မယ်ဆိုရင် အမေဆီကို လာလည်ဖြစ်မှာသေချာတယ်။
အမေကြိုက်တတ်တဲ့ရောင်စုံသစ်ခွပန်းတစ်ခြင်းနဲ့ စားစရာမျိုးစုံကို ဝယ်ပြီး
အမေနဲ့အတူလာစားဖို့ စိတ်ကူးလည်း ရှိတယ်။
အမေနဲ့အတူ အတိတ်က အကြောင်းတွေပြောကြဖို့လည်း တွေးမိတယ်။
အမေပြောတာကို ကျနော်က နားထောင်ချင်ပါတယ်။
အမေ့စကားကို နားမထောင်ဖြစ်တာလည်း ကြာပြီလေ။
ကျနော်ငယ်ငယ်တုန်းက အမေပြောတဲ့ အိပ်ယာဝင်ပုံပြင်တွေကို အခုထိလွမ်းနေတုန်းပါပဲ။
မတွေးတတ်ခင်တုန်းကထဲက အမေက တွေးတတ်အောင် သင်ပေးခဲ့တယ်။
အခုထိလည်း တွေးရတာကို နှစ်သက်နေဆဲပါ အမေ…။
အမေ ချက်ပြုတ်ခဲ့တဲ့ဟင်းတွေကိုလည်း ကြိုက်နေဆဲပါအမေ...။

+++++++++++++++++++++++

အေပယ်လ်လထဲမှာ ကျနော်တို့ ပိတ်ရက်တစ်ရက်ရတယ်။
အီစတာဆန်းဒေးတဲ့။
သူတို့ရဲ့ဘုရားသခင် ရှင်သန်ထမြောက်တဲ့
အထိမ်းအမှတ်နေ့ပေါ့အမေ။
ဘာဘဲဖြစ်ဖြစ် ရှားရှားပါးပါး ပိတ်ရက်တစ်ရက်ရတဲ့အတွက်
အရာရာကို ကျေးဇူးတင်မိပါတယ်။
အဲဒီနေ့မှာ ကျနော်တို့နဲ့မဝေးလှတဲ့ ဝါရှင်တန်ဒီစီမြို့တော်ကို သွားလည်ဖြစ်တယ်။
သမ္မတ အိုဘားမားနဲ့မိသားစုတွေ နေထိုင်ရာ အိမ်ဖြူတော်နဲ့ဆိုရင် ၂၆-မိုင်လောက်ပဲဝေးတယ်။
ကားမောင်းသွားရင် မိနစ်လေးဆယ်ကျော်ကျော်မောင်းရင်ရောက်ပြီ။
ဟင်…မိုင်နှစ်ဆယ်ကျော်လောက်ကို ဘယ်လိုကြောင့် တစ်နာရီနီးပါးမောင်းရသလဲလို့
အမေက မေးလာမှာ သေချာတယ်။
ဒီမှာက ကားတွေက များလွန်းလှတယ်။
အရွယ်ရောက်လူတိုင်း ကားမောင်းတတ်တယ်။
အိမ်တိုင်းမှာ အနည်းဆုံးကားတစ်စီးတော့ရှိတတ်တယ်။
လူတိုင်းနီးပါးဟာ ကိုယ်ပိုင်ကားနဲ့ခရီးသွားနေကြတယ်။
ဒီတော့ လမ်းတွေ ဘယ်လောက်တိုးချဲ့တိုးချဲ့ ကားပိတ်ဆို့မှုမဖြစ်အောင် ဖြေးဖြေးမောင်းရတယ်။
ဝါရှင်တန်ဒီစီကိုရောက်ရင်ပဲ လမ်းလျှောက်သူတွေကို ဦးစားပေးရတော့
ကားကို တစ်ဘီးချင်းလှိမ့်မောင်းနေရတယ်။
အားလပ်ရက်ဖြစ်တော့ လာရောက်လည်ပတ်သူ လူတွေကလည်းများလွန်းလှတယ်။
ဒါကြောင့် အိမ်ဖြူတော်နဲ့အနီးဆုံးနေရာမှာ ကားထားနိုင်ဖို့ ကားပတ်ကင်ကို လိုက်ရှာရတယ်။
ဒါကလည်း မခက်လှပါဘူး။
GPSထဲ လိုက်ရှာရင် လွယ်လွယ်နဲ့သိနိုင်ပါတယ်။
ဒါနဲ့ပဲ GPSက ပြတဲ့နေရာတစ်ခုမှာ ကားကို ထားခဲ့တယ်။
သူ့နေရာက တစ်နေကုန် ၁၅ ဒေါ်လာပေးရတယ်။ သက်သာတယ်လို့ပြောရမယ်ထင်တယ်။
ဒါနဲ့ပဲ အနီးဆုံးဘတ်စ်ကားဂိတ်တစ်ခုဆီကို လမ်းလျှောက်သွားတယ်။
နှစ်ထပ်တိုးကားတွေကို စီးရတယ်။
နှစ်နာရီကြာစီးရတယ်။ တစ်ယောက်ကို ၃၅-ဒေါ်လာပေးရတယ်။
ကျနော်တို့လည်ပတ်ချင်တဲ့နေရာတော်တော်များများကို ရောက်တယ်။
တိုးကားရဲ့အပေါ်ထပ်ကစီးတော့ မြင်ကွင်းတော်တော်ကောင်းတယ်။
အပေါ်စီးက မြင်ရတယ်။
ကားကအပေါ်ထပ်မှာအမိုးဖွင့်ထားတော့
အရာရာကို မြင်ကွင်းကျယ်တွေ့ရတယ်။
ကားပေါ်မှာ တိုးဂိုက်လည်း ပါတယ်။ အဲဒီအမျိုးသမီးက လမ်းတစ်လျှောက် ရှင်းပြတယ်။
ရွေးချယ်မှု မှန်တယ်လို့ပြောရမယ်ထင်တယ်။
အချိန်တိုအတွင်း ရောက်ချင်တဲ့နေရာတွေကို ရောက်တဲ့အတွက် ကျေနပ်မိတယ်။


နေရာတစ်ခုက…အိမ်ဖြူတော်၊
အိမ်ဖြူတော်ဆိုတာ အမေရိကန် သမ္မတအဆက်ဆက် နေထိုင်တဲ့နေရာတစ်ခုဖြစ်တယ်။
အမေရိကန် သမ္မတ နေထိုင်တဲ့အပြင် ရုံးထိုင်တဲ့ နေရာလည်း ဖြစ်တဲ့အတွက် ကမ္ဘာပေါ်မှာ
ထင်ရှားတဲ့နေရာတစ်ခုဖြစ်တယ်။ခွင့်ပြုလက်မှတ်သာ ရှိရင် အိမ်ထဲကို ဝင်လည်လို့လည်း ရတဲ့
နေရာတစ်ခုလည်း ဖြစ်တယ်။

Capitol Hill...

နောက်နေရာတစ်ခုက…
ကက်ပီတယ်ဟဲလ် ဆိုတဲ့ အဆောက်အဦး၊
အဲဒီအထဲမှာ ဆီနိပ်လွှတ်တော်၊ကွန်ကရက်စာကြည့်တိုက်၊ ပန်းဥယျာဉ်ရှိတယ်။
ဝင်ကြေးမပေးရပါ။

  • နောက်တစ်နေရာက…ဝါရှင်တန်ကျောက်တိုင်
  • (The Washington Monument)

The Washington Monument...

  • နောက်နေရာတစ်ခုက…
  • ဂျက်ဖါဆန် အောက်မေ့ဖွယ်အဆောက်အဦးနဲ့ရုပ်ထု
  • (Jefferson Memorial)

Jefferson Memorial...
The National Cathedral...


  • နောက်နေရာတစ်ခုက…
ဖို့ဒ်ပြဇာတ်ရုံ (Ford's Theatre)


Ford's Theater...
The Supreme Court...


  • နောက်နေရာတစ်ခုက… 
  • လင်ကွန်းအောက်မေ့ဖွယ်အဆောက်အဦးနဲ့ရုပ်ထု
  • (Lincoln Memorial)

Lincoln Memorial...
  • နောက်နေရာတစ်ခုက…Smithsonian
Smithsonian...


နောက်နေရာတစ်ခုက…Iwo Jima Memorial

Iwo Jima Memorial...

++++++++++++++++++



အပြန်လမ်းမှာ စဉ်းစားမိတယ်။
အမေရိကန်နိုင်ငံမှာ သမ္မတ ၄၄-ယောက်တောင်ဖြစ်လာခဲ့ပြီ။
တကယ်တမ်းအောက်မေ့ဘွယ်အဆောက်အဦးနဲ့ရုပ်ထုလုပ်ထားတဲ့သမ္မတက
နှစ်ဦးထဲတွေ့ရတယ်။
တစ်ဦးက သောမတ် ဂျက်ဖါဆင်(Thomas Jefferson)၊
နောက်တစ်ဦးက လင်ကွန်း(Abraham Lincoln)၊
သမ္မတတွေ တစ်ဦးနဲ့တစ်ဦး ဘာတွေကွာခြားကြသလဲ။
စေတနာနဲ့ လုပ်ဆောက်ချက်တွေ ကွာခြားမယ်ထင်မိတယ်။
                       ဂျက်ဖါဆင်က လွတ်လပ်ရေးကြေညာစာတမ်းကို ရေးဆွဲခဲ့တယ်။
နိုင်ငံသားတွေရဲ့ လွတ်လပ်မှုနဲ့တရားမျှတမှုကို အလေးထားရေးဆွဲခဲ့တယ်။
ဂျက်ဖါဆင် ကွယ်လွန်ခဲ့တာတောင် နှစ်ပေါင်း နှစ်ရာနီးပါးရှိခဲ့ပြီ။
နှစ်ပေါင်းများစွာ ကြာလာတဲ့တိုင်အောင်…
 နိုင်ငံသားတွေအတွက် အကျိုးရှိဆဲ၊
ပြင်ဆင်စရာမလိုလောက်အောင် ကောင်းမွန်ဆဲ၊
ဘက်လိုက်မှုကင်းလောက်အောင် ပြည့်စုံဆဲ…၊

နောက်တစ်ဦးက
အဘရာဟင် လင်ကွန်း(Abraham Lincoln) ကတော့
ပြည်တွင်းစစ်ကြောင့် နိုင်ငံတော်ကြီးနှစ်ခြမ်းကွဲမသွားအောင်
အသက်ပေးပြီးကာကွယ်ခဲ့တယ်။
ကျွန်အဖြစ်သတ်မှတ်ထားတဲ့လူမည်းတွေကို ကျွန်အဖြစ်က လွတ်မြောက်စေခဲ့တယ်။
သူရဲ့လုပ်ဆောင်ချက်ကြောင့် လူမည်းသမ္မတပေါ်ထွက်လာတဲ့အထိ အကျိုးသက်ရောက်မှု ရှိခဲ့တယ်။

သူများအကြောင်းကိုတွေးရင်း...
ကိုယ့်ရဲ့အမိနိုင်ငံအကြောင်းကိုပါ တစ်ဆက်တည်းတွေးမိလိုက်သေးတယ်။
ဒီလိုမျိုးသမိုင်းတွင်ကျန်မယ့်သူတွေဟာ ဘယ်သူတွေဖြစ်မလဲဆိုတဲ့အတွေးပါအမေ။
စေတနာမှန်သူတွေကတော့ သမိုင်းတွင်ကျန်မယ့်သူတွေပေါ့။
စေတနာမမှန်သူတွေကတော့ မသေခင်ကတည်းက ပုပ်ဆော်နံမယ့်သူတွေဆိုတာ
တွေးရင်းနဲ့အိမ်ပြန်ရောက်ခဲ့ပါတယ်အမေ။
ဒီနေ့တော့ ဒီလောက်ပါပဲ။
အမေကို  သတိရနေတဲ့


ချစ်တဲ့သား
အောင်ဝင်းဟိန်း
အက်ရှ်ဗန်းမြို့၊
ဗားဂျီးနီးယားပြည်နယ်၊
အမေရိကန်ပြည်ထောင်စု။

































လူသားတိုင်း ကျန်းမာကြပါစေ... လူသားတိုင်း ချမ်းသာကြပါစေ...
ခန္ဓာကိုယ်ကို လေ့ကျင့်ခန်းနဲ့စောင့်ရှောက်ပါ။ စိတ်ကို စာဖတ်ခြင်းနဲ့စောင့်ရှောက်ပါ။...

နူတ်ဆက်စကားလေးများ.....

မြန်မာတို့ရဲ့ ဘလော့ဂ်များ...

picoodle.com