Tuesday, September 15, 2009

အမေပြောတဲ့...လူမိုက်ဆိုတာ.....



ငယ်ငယ်တုံးက... "မင်္ဂလာတရားတော် "ကိုအော်ကျက်ခဲ့ရဖူးတယ်။ ဘာတဲ့....
"အသေ၀နာစ...ဗာလာနံ၊ ဧတံမင်္ဂလ မုတ္တမံ"
"လူမိုက်ကိုမမှီဝဲ၊မဆည်းကပ်ခြင်းသည် မြတ်သောမင်္ဂလာမည်၏။"
"လူမိုက်ဆိုလျှင်၊ရှောင်သွေလွှဲလို့၊ မမှီဝဲနှင့်၊ ကင်းအောင်နေ။"

ထိုအချိန်က အဓိပ္ပါယ်ကို ကောင်းကောင်း နားမလည်ခဲ့ပါ။
အမေက "လူမိုက်ကိုမပေါင်းနဲ့"ဟု ပြောစဉ်ကလည်း
လူမိုက်ဆိုတာ ရုပ်ရှင်ထဲက လူမိုက်တွေလို...
မျက်နှာထားက ဆိုးဆိုး၊
သဘောထားက ပုတ်ပုတ်၊
အိုက်တင်ကများများ၊ လူအများကို ဒုက္ခပေးတဲ့ သူတွေပဲလို့အခါခါ တွေးခဲ့ဖူးတယ်။
အမေပြောတဲ့အတိုင်း အဲဒီလို လူမိုက်တွေကိုတော့ ဝေးဝေးက ရှောင်ခဲ့ပါတယ်။

တစ်နေ့တော့...သူငယ်ချင်းတစ်ယောက်နဲ့ကျနော် ရန်ဖြစ်ပါတယ်။
ကျနော်မှာ ဒဏ်ရာတွေနဲ့အိမ်ပြန်ရောက်တော့
အမေက ရန်ဖြစ်လာတာကို သိသွားပါတယ်။
အမေက " လူမိုက်ကို ဝေးဝေးသွားမရှာနဲ့။
ရန်ဖြစ်နေတဲ့ အချိန်မှာ သားကိုယ်တိုင်က လူမိုက်ပဲ။

ရန်ဖြစ်တယ်ဆိုတာ လက်ခုပ်သံလိုပဲ လက်နှစ်ဖက်နဲ့တီးမှမြည်တာပါ။
လူနှစ်ယောက်ရန်ဖြစ်တယ်ဆိုတာလဲ
နှစ်ယောက်စလုံးက ဒေါသနဲ့ဆက်ဆံကြလို့ဖြစ်လာတာပဲ။
အဲဒီအချိန်မှာ
နှစ်ယောက်စလုံးဟာလူမိုက်ပဲ။"
အော်... လူမိုက်ဆိုတာ မကောင်းတဲ့အလုပ်ကို လုပ်တဲ့လူတိုင်းကို
ပြောတာပါလား လို့ထပ်သိသွားရပြန်ပါတယ်။

တစ်နေ့တော့ မကောင်းတဲ့ လူတစ်ယောက် အကြောင်းကိုအမေ့ရဲ့ရှေ့မှာပြောမိတယ်။
အမေက "သူများရဲ့ မကောင်းကြောင်း ကိုပြောနေချိန်မှာ စိတ်ဆိုးဆိုးနဲ့ပြောရတယ်။
ဒေါသမပါဘဲ လူတစ်ယောက်ရဲ့မကောင်းကြောင်းကိုပြောလို့မရဘူး။
ဒါကြောင့်အဲဒီတဒင်္ဂမှာပြောနေတဲ့သားဟာ
လူမိုက်ပါပဲ။
နောက်...သူများရဲ့မကောင်းကြောင်းကိုမပြောနဲ့။"

အော်...လူမိုက်ဆိုတာ သူများရဲ့မကောင်းကြောင်းကိုဒေါသနဲ့ပြောတတ်သူကို
ပြောတာပါလားလို့ထပ်သိသွားရပြန်ပါတယ်။

တစ်နေ့တော့ အမေကိုမေးမိပါတယ်။
" အမေ သူများရဲ့မကောင်းကြောင်းကိုပြောတဲ့သူရဲ့စကားကို
နားထောင်ရင်ရော လူမိုက်ဖြစ်တာပဲလား"

အမေက " နားထောင်ရုံနဲ့တော့လူမိုက်မဖြစ်ပါဘူး၊
နားထောင်ပြီး မကောင်းတဲ့စိတ်၊ ဒေါသစိတ်၊ လောဘစိတ်တွေ
ဖြစ်လာတယ် ဆိုရင်တော့ အဲဒီတဒင်္ဂကာလမှာတော့ လူမိုက်ပဲပေါ့။
ကိလေသာရဲ့သဘောက ပူလောင်တဲ့သဘော ရှိတဲ့အတွက်
စိတ်ထဲမှာ ပူလောင်လာရင်တော့

လူမိုက်စိတ်တွေ ဖြစ်လာပြီလားလို့သတိထားဖို့လိုလိမ့်မယ်။"

အော်...လူမိုက်ဆိုတာ မကောင်းတဲ့စိတ်ဖြစ်နေတာကို သတိနဲ့မထိမ်းရင်လည်း
ဖြစ်တတ်ပါလားဆိုတာ
ထပ်သိသွားရပြန်ပါတယ်။

ဒီလိုဆိုရင် ကျနော်ဟာ အချိန်အတော်များများမှာ
လူမိုက် ဖြစ်နေပါပေါ့လားလို့သိလာခဲ့ပါတယ်။
ကျနော်ဟာအမေကို ချစ်တယ်၊
ကျနော်ဟာအမေကို လေးစားတယ်။
ဒါကြောင့် ကျနော်ဟာ အမေ မကြိုက်တဲ့ လူမိုက်မဖြစ်ချင်ပါဘူး။

ကောင်းတာတွေ လုပ်နေတဲ့သူ၊
ကောင်းတာတွေ ပြောနေတဲ့သူ၊
ကောင်းတာတွေ တွေးနေတဲ့သူ၊

ဖြစ်အောင် အများကြီး ကြိုးစား ရဦးမှာပါလား လို့
တစ်နေ့ထက်တစ်နေ့ ပို၍ပိုကာ သဘောပေါက် လာခဲ့ပါတယ်။ ။
လူသားတိုင်း ကျန်းမာကြပါစေ... လူသားတိုင်း ချမ်းသာကြပါစေ...
ခန္ဓာကိုယ်ကို လေ့ကျင့်ခန်းနဲ့စောင့်ရှောက်ပါ။ စိတ်ကို စာဖတ်ခြင်းနဲ့စောင့်ရှောက်ပါ။...

နူတ်ဆက်စကားလေးများ.....

မြန်မာတို့ရဲ့ ဘလော့ဂ်များ...

picoodle.com