Monday, December 7, 2009

“ ဘာကအရေးအကြီးဆုံးလဲ?...”



တစ်ခါတုန်းက ဒေါင်းဆင်းဒရုန်းရောဂါကြောင့်

စိတ်ပိုင်းဆိုင်ရာနဲ့ဉာဏ်စွမ်းရည်နိမ့်ကျသူများအတွက် အထူးအိုလံပစ်ပွဲတစ်ပွဲကျင်းပခဲ့တယ်။

မီတာ (၁၀၀)ပြေးလမ်းပေါ်မှာ ယှဉ်ပြိုင်သူ (၉)ယောက်ဟာ အသင့်အနေအထားမှာရှိနေကြတယ်။

ပါဝင်သူအားလုံးဟာ ကိုယ်အင်္ဂါမသန်စွမ်းသူများ သို့မဟုတ်

ဉာဏ်ရည်နိမ့်ကျသူများ၊ စိတ်ပိုင်းဆိုင်ရာချို့ယွင်းသူများဖြစ်ကြတယ်။

တာလွှတ်ဒိုင်မှ“ဒိုင်း”ကနဲ သေနတ်ဖောက်သံကြားတဲ့အခါမှာတော့

ပြိုင်ပွဲဝင်(၉)ယောက်စလုံး စပြီးပြေးကြတယ်။

အားလုံးဟာ သူ့ထက်ငါပန်းတိုင်းအရင်ရောက်အောင်အားကြိုးမာန်တက်ပြေးကြတယ်။

အဲဒီအထဲက ကောင်လေးတစ်ယောက်က ပြေးလမ်းပေါ်မှာ အရှိန်လွန်ပြီးလဲကျသွားပါတယ်။

ဒါပေမယ့် ကုန်းရုန်းထပြီးပြေးပြန်ပါတယ်။

ဒုတိယအကြိမ် လဲကျသွားပြန်ပါတယ်။

အဲဒီအချိန်မှာတော့ ဆက်မပြေးတော့ပဲ အော်ငိုပါတော့တယ်။

ကောင်လေးရဲ့ငိုသံကို ကြားတဲ့အခါမှာ ကျန်ပြေးသူ (၈)ယောက်စလုံးဟာ

အရှိန်လျော့သွားပြီးတော့ နောက်ဆုံးမှာ ရပ်သွားကြတယ်။

အားလုံးဟာ ပြိုင်ပွဲဝင်နေတာကို မေ့သွားကြပုံပေါ်ပါတယ်။

ငိုနေတဲ့ကောင်လေးဆီကို အားလုံးပြန်လှည့်လာကြတယ်။

အဲဒီအထဲကဉာဏ်ရည်ချို့တဲ့သူ တစ်ဦးဖြစ်တဲ့ ကောင်မလေးက

ငိုနေတဲ့ ကောင်လေးကို ငုံ့ပြီးနမ်းလိုက်ပါတယ်။

ပြီးတော့ ပြောလိုက်တာက“ဒါဆိုကောင်းသွားမှာပါနော်”တဲ့။

ပြီးတော့ ပြိုင်ပွဲဝင်(၉)ယောက်စလုံးဟာလက်ချင်းချိတ်ကာ

ပန်းတိုင်ဆီကို အတူတကွ လမ်းလျှောက်ချီတက်သွားကြပါတယ်။

လုံးဝ မထင်မှတ်ထားတဲ့မြင်ကွင်း၊

ဉာဏ်ရည်ပြည့်သူများပင် မလုပ်နိုင်၊မလုပ်ဖြစ်ကြတဲ့မြင်ကွင်းမျိုး။

ဒီမြင်ကွင်းကြောင့်ပွဲကြည့်စင်ပေါ်က ပရိသတ်ဟာ အံသြသွားကြတယ်။

နောက်မှာတော့ ပရိသတ်အားလုံးဟာ ကြိုတင်တိုင်ပင်ထားတာမျိုးမဟုတ်ဘဲနဲ့

ထရပ်ကြပြီး လက်ခုပ်သြဘာသံများဆူညံစွာ ထွက်ပေါ်လာပါတော့တယ်။


ဘာကအရေးအကြီးဆုံးလဲ?


ဆုတံဆိပ်လား? ဒါမှမဟုတ် ကူညီ ရိုင်းပင်းမှုလား?


အနိုင်ရဖို့လား? ဒါမှမဟုတ် မေတ္တာတရားလား?


Ref: What's Really Important by Unknown

“ ဆုတံဆိပ်များရဲ့ပိုင်ရှင်ကြီး...”




ရိုးသားပွင့်လင်းတဲ့ စစ်မှုထမ်းတစ်ဦးကို
သတင်းထောက်တစ်ဦးက အင်တာဗျူးနေပါတယ်။

သတင်းထောက်က
“ ဦးရဲ့ ရင်ဘတ်မှာ ဘွဲ့တံဆိပ် သုံးခု တပ်ထားတာကို မြင်ပါတယ်။
ဘာအတွက် ဘွဲ့တံဆိပ်တွေ ချီးမြှင့်ခြင်း ခံရတာလဲဟင် ?”


ရိုးသားပွင့်လင်းတဲ့ စစ်မှုထမ်းကပြန်ဖြေလိုက်တာကတော့...
တတိယ တံဆိပ် ကတော့
အရင်က တံဆိပ်နှစ်ခု ရထားပြီးဖြစ်လို့ထပ်ချီးမြှင်တာပဲ။

ဒုတိယတံဆိပ်ကတော့ ပထမ တံဆိပ် ရှိပြီးဖြစ်လို့ပဲ။

အဲ...ပထမတံဆိပ်ကတော့ ဘာမှမရသေးလို့ ပေးတာပဲကွယ့် ”

“နေရာကောင်း၊အဖော်ကောင်းရဖို့...”



လူသားတို့ အမြဲတစေလိုလားတောင့်တလျက်ရှိသော အရာများအနက်

နေရာသည် ရှေ့တန်းမှပါဝင်လေသည်။

နေရာရရှိရေး၊ ထိုမှတစ်ဆင့် နေရာကောင်းရရှိရေး အတွက်

ရုန်းကန်လှုပ်ရှား ကြိုးစားနေကြသည်။

ရုပ်ရှင် ပွဲလမ်းသဘင်တို့၌ စိတ်ကြိုက်နေရာရရှိရန် အားထုတ်ကြ၏။

ဈေးရောင်းရာ၌လည်း အလားတူပင်။

ကုန်းလမ်း၊ရေလမ်း၊ လေယာဉ်တို့ဖြင့် ခရီးသွားရာ၌လည်း နေရာအတွက်

အားထုတ်ကြသည်မှာကား ပို၍ပင် မြင်သာ သိသာနိုင်လေသည်။

ခဏတာ အချိန်ပိုင်းကလေးအတွက်၊

ထို့ထက်လွန်လျှင် တစ်ဘဝတာအချိန်ပိုင်းမျှအတွက်

နေရာရရှိရန် ရုန်းကန်လှုပ်ရှားကြိုးစားနေကြသည်။

အချို့ကရှေ့တန်းနေရာအတွက်၊

အချို့ကနောက်တန်းနေရာအတွက်

မိမိတို့ငွေကြေးအလိုက် ကြိုးကြိုးစားစား ရယူနေကြသည်။

အချို့ကအထူးရထား၊အထူးတွဲ၊ အထူးတန်းနေရာ

ရယူနိုင်ရေးအတွက် ကြိုးစားနေကြသည်။

(နေရာရသော်လည်း မိမိအနားက စိတ်ချရသော အဖော်ကောင်းမရက စိတ်ဆင်းရဲရဦးမည်။)

ယင်းသို့ တစ်ခဏ တစ်ဘဝစား နေရာအတွက်

ကြိုးကြိုးပမ်းပမ်း ခြေလှမ်းကျဲကျဲဖြင့် အားခဲနေကြသော်လည်း၊

ဘဝအသင်္ချေ သံသရာကြီးထဲ၌ ရှည်လျားဝေးလံလွန်းလှသော ခရီးလမ်းကြောင်းအတွက်

နေရာရရှိရန် အားထုတ်သူကား နည်းပါးလွန်းလှ၏။

ခရီးတိုကလေးအတွက် နေရာကောင်းရရန်

အလုအယက်တိုးဝှေ့ပြီး ကြိုးစားသလောက်

နောက်ဘဝ၌ နေရာကောင်း၊ အဖော်ကောင်းရအောင် မကြိုးစားဘဲ

အေးစက်စက်နေခြင်းသည် ထိုင်းမှိုင်းတွေဝေ အရှည်ကို မျှော်တတ်သော အသိဉာဏ်ကင်း၍

ဖျင်းလွန်းညံ့လွန်းပေစွတကား။

ဘဝဧည့်သည်တို့၏ သံသရာခရီးရှည် ဘယ်ညာခြေလှမ်းများသည်

လောကကြေးမုံပြင်ဝယ် တရိပ်ရိပ် ရှုပ်ထွေးလျက်ပေတကား။

(စာဖတ်သူများ လေးလေးနက်နက် စဉ်းစား၍ နေရာကောင်း၊အဖော်ကောင်းရရန်

မိမိလက်လှမ်းမီသော တရားရအောင်၊နေမဝင်မှီ ကြိုးစားအားထုတ်သင့်ပါသည်။


အရှင်ဇနကာဘိဝံသ(မဟာဂန္ဓာရုံ) သြဝါဒ၊ ကိုယ်ကျင့်အဘိဓမ္မာ စာအုပ်မှ………..

“ မျက်စိအထူးကုဆရာဝန်တဲ့လား…”



မန္တလေးမြို့ကနာမည်ကြီး

အထူးကုဆေးခန်းထဲကို

ဝင်လာတဲ့ အမျိုးသမီးဖြစ်သူ မခင်လေးနွယ်ကို

ဆရာဝန်ဒေါက်တာတင်ဇော်ဝင်း

ကပြောတယ်။


အဝတ်အစား ချွတ်လိုက်ပါ


ဒေါက်တာ၊

ကျမ နားကိုက်လို့ လာပြတာပါ


အဲဒါဆို နား၊နှာခေါင်းနဲ့ လည်ချောင်း ဆရာဝန်ဆီသွားပါ


ဒါဆို ဆရာက ဘယ်သူလဲ


မျက်စိအထူးကု ဆရာဝန်ပါ

“ဆရာသမားကောင်း...”



တစ်ခါတုန်းက တောအုပ်တစ်ခုထဲမှာ
ခြင်္သေ့၊မြေခွေးနဲ့ ဝံပုလွေတို့ဟာ မိတ်ဆွေဖွဲ့ကာနေကြတယ်။
ပြီးတော့ ဖမ်းမိတဲ့ သားကောင်တွေကိုလည်း အညီအမျှ ခွဲဝေယူကြဖို့လည်း သဘောတူကြတယ်။
ပထမနေ့မှာပဲ ဆိတ်တစ်ကောင်၊ယုန်တစ်ကောင်နဲ့ကြက်တစ်ကောင်ကို ဖမ်းမိကြတယ်။
ဒီတော့ ခြင်္သေ့က ဝံပုလွေကိုပြောတယ်။
“ကိုင်း မျှမျှတတဖြစ်အောင် မင်း ဝေပေးစမ်းကွာ”
ဝံပုလွေက ချက်ချင်းဆိုသလိုပဲ စ ဝေတယ်။
“ဆိတ်ကခြင်္သေ့အတွက်၊
ယုန်က ကျနော်အတွက်၊
ကြက်ကတော့ မြေခွေးအတွက်ပေါ့”
လို့ပြောလိုက်တယ်ဆိုရင်ပဲ
“တော်တော် အသုံးမကျတဲ့အကောင်” ဆိုပြီး ခြင်္သေ့ကဟိန်းဟောက်လိုက်တယ်။
ပြီးတော့ ဝံပုလွေကို သတ်ပစ်လိုက်တယ်။
အဲဒီနောက်မြေခွေးကို မေးတယ်။
“ကဲ...မင်းကကော ဘယ်လို ခွဲဝေမလဲ?”
အဲဒီအချိန်မှာ မြေခွေးကကြောက်ဒူးတွေ တုန်နေပြီ။
ကြောက်ကြောက်နဲ့မြေခွေးက ဒီလို ဝေလိုက်ပါတယ်။
“ဆိတ်က ခြင်္သေ့မင်းရဲ့ နံနက်စာအတွက်ပါခင်ဗျာ၊
ယုန်က ခြင်္သေ့မင်းရဲ့နေ့လယ်စာအတွက်ပါခင်ဗျာ၊
ကြက်ကတော့ ခြင်္သေ့မင်းရဲ့ညစာအတွက်ပါခင်ဗျာ”
ခြင်္သေ့က “မှန်လိုက်တာကွာ၊ ဒီလို တရားမျှမျှတတ ခွဲဝေတတ်အောင်
မင်းကို ဘယ်သူက သင်ပေးသလဲကွ?”
“ဝံပုလွေ”လို့ မြေခွေးက တိုးတိုးလေးဖြေလိုက်ပါတယ်။
လူသားတိုင်း ကျန်းမာကြပါစေ... လူသားတိုင်း ချမ်းသာကြပါစေ...
ခန္ဓာကိုယ်ကို လေ့ကျင့်ခန်းနဲ့စောင့်ရှောက်ပါ။ စိတ်ကို စာဖတ်ခြင်းနဲ့စောင့်ရှောက်ပါ။...

နူတ်ဆက်စကားလေးများ.....

မြန်မာတို့ရဲ့ ဘလော့ဂ်များ...

picoodle.com