Friday, March 28, 2014

"အမေ့ထံသို့ ပေးစာများ-၉၄..."



သို့
ချစ်တဲ့အမေ
သားသတိတရ စာရေးလိုက်ပါတယ်။
တစ်နေ့ ကျနော်တို့ဆူရှီးဆိုင်ကို လူလတ်ပိုင်း အမျိုးသမီးတစ်ဦးရောက်လာတယ်။
ရုပ်ရည်သန့်တယ်။ သူမရဲ့ဘေးမှာ ကလေးနှစ်ယောက်၊
တစ်ယောက်က ယောကျာ်လေး၊ နောက်တစ်ယောက်က မိန်းကလေး။
သူမရဲ့ သားနဲ့သမီးဖြစ်ပုံရတယ်လို့ ခန့်မှန်းကြည့်မိတယ်။
ဆူရှီးလာဝယ်တယ်လို့ထင်မိတယ်။ဒါပေမယ့် မဟုတ်ဘူး။
ယင်းလိတ်လာဝယ်တာ။ ယင်းလိတ်ဆိုတာ ဆူရှီးလိတ်တဲ့အခါ အသုံးပြုတဲ့အသုံးအဆောင်ပစ္စည်းတစ်ခု။
ကျနော်တို့ဆီမှာ ယင်းလိတ်ရောင်းဖို့မရှိဘူး။
အသုံးလိုရင်သုံးဖို့အပိုဆောင်းထားတဲ့ယင်းလိတ်တော့ရှိတယ်။
ဒါပေမယ့် အဲဒီယင်းလိတ်က အိမ်မှာပဲ ထားတယ်။
ဒါကြောင့် မေးကြည့်မိတယ်။
“ဘာလုပ်ဖို့လဲ” လို့
သူမရဲ့ဘေးနားမှာရှိတဲ့ ယောကျာ်လေးကို လက်ညှိုးထိုးပြီး
“သားက ဆူရှီးလိတ်ချင်လို့ပါ” လို့ပြန်ဖြေတယ်။
“ရောင်းဖို့တော့ မရှိဘူး။
ဒါပေမယ့် လက်ဆောင်ပေးဖို့တော့ရှိတယ်။
နောက်တစ်နေ့လာနိုင်မလား” လို့ပြန်မေးလိုက်တယ်။
“လာနိုင်ပါတယ်” လို့ပြောပြီး “ဘယ်အချိန်လာရမလဲ” ပြန်မေးပါတယ်။
“နံနက်၁၀း၀၀ နဲ့၁၁း၀၀ကြားထဲလာရင် ပိုအစဉ်ပြေမယ်” လို့ပြောလိုက်ပါတယ်။
အဲဒီနောက် ပြန်သွားကြလေရဲ့။
ပြောလိုက်တဲ့အတိုင်းပါပဲ။ နောက်တစ်နေ့မှာ ပြောလိုက်တဲ့အချိန်အတွင်းရောက်လာပါတယ်။
ကျနော်တို့လည်း ပြောထားတဲ့အတိုင်း ယင်းလိတ်ကိုယူလာခဲ့ပါတယ်။
ယင်းလိတ်ကို လက်ဆောင်အဖြစ်ပေးလိုက်တော့ တစ်မိသားစုလုံး ဝမ်းမြောက်ဝမ်းသာဖြစ်သွားပါတယ်။
ပြီးတော့ယင်းလိတ်နဲ့ဆူရှီးလိတ်မယ့်ကောင်လေးကို စိတ်ဝင်စားတာနဲ့
မေးကြည့်မိပါတယ်။
နာမည်က ဂျေစီ၊ အသက်က ၆-နှစ်၊
သူဆွဲထားတဲ့ဆူရှီးပုံလေးကို အမေက ပြပါတယ်။
ပုံလေးကို ကြည့်ခြင်းအားဖြင့် တော် တော်စိတ်ဝင်စားတာကိုခန့်မှန်းကြည့်နိုင်တယ်။
သူရဲ့ညီမလေးနာမည်က အေရီယာနား၊ အသက်က တစ်နှစ်နဲ့ခြောက်လ၊
ဂျေစီက ဆူရှီးနမူနာစားတော့  အေရီယာနား ကလည်း အားရပါးရ
လိုက်စားတယ်။ပလုတ်ပလောင်းစားတယ်။
အလိုင်ဂျာနဲ့တူတယ်။ မတူတာက အလိုင်ဂျာကအစပ်ကို အားရပါးရစားတယ်။
မာရီယာက အစပ်မပါတာကို စားခြင်းဖြစ်တယ်။
ပြီးတော့ ဂျေစီက ကာလီဖိုးနီးယားလို့ခေါ်တဲ့ဆူရှီးတစ်ဘူးကိုယူတယ်။
သူ့သဘောနဲ့သူယူလိုက်တာဖြစ်တယ်။
ပြီးတော့ ကောင်တာမှာ သူ့အမေက ငွေရှင်းပြီး မတ်ကက်ထဲမှာရှိတဲ့စားသောက်ခန်း(Eating Room)
မှာ ထိုင်စားကြတယ်။စားလို့ကုန်တော့ ပြန်ဝင်လာပြီးအားရပါးရလာပြောသွားတာက
“စားလို့ကောင်းလိုက်တာ၊ မကြုံဖူးအောင်ပါပဲ” တဲ့။
(၆-နှစ်)အရွယ်ကလေးတစ်ယောက်က ဒီလိုပြောတတ်တာကို အံသြမိပါတယ်။
ဒီအရွယ်ကလေးတစ်ယောက်က ကိုယ့်ဘာသာကိုယ်
ဆူရှီးလိတ်စားချင်စိတ် ရှိတာကိုလည်း အံသြမိပါတယ်။
ဒါတွေဟာ လူကြီးတွေက ကလေးတစ်ယောက်ကို ကလေးတစ်ယောက်အနေနဲ့လေးစားနိုင်မှ၊
ကလေးအနေနဲ့လည်း လွတ်လပ်တဲ့စိတ်ရှိမှ ဖြစ်နိုင်တာကိုလည်း သဘောပေါက်မိပါတယ်။
ဒီက ကလေးသူငယ်တွေကို ပြုစုပျိုးထောင်တဲ့ပုံစံကို သဘောကျမိပါတယ်။
ကျနော်ရောက်ခဲ့ဖူးတဲ့စာကြည့်တိုက်တိုင်းမှာ ကလေးစာကြည့်တိုက်ကို
ပါတွဲဖက်ထားတာကို တွေ့ရတယ်။
မိဘအတော်များများက ကလေးငယ်တွေကို စာကြည့်တိုက်ကို ခေါ်လာကြတယ်။
ကလေးစာကြည့်တိုက်ထဲမှာ ကလေးတွေကစားနိုင်တဲ့ကစားစရာအရုပ်ပေါင်းစုံရှိတယ်။
ကလေးတွေအတွက် ကွန်ပျူတာများစွာ ထားပေးထားတယ်။
ကလေးတွေ ကြိုက်သလိုကစားနိုင်တယ်။
တာဝန်ရှိကြတဲ့ သက်ဆိုင်ရာလူကြီးတွေက ဟန့်တားတာမျိုးတစ်ခါမှ မတွေ့ခဲ့ရဘူး။
ကလေးတွေ မေးတဲ့မေးခွန်းကိုလည်း တလေးတစားဖြေကြတယ်။
ကလေးတွေကို တန်ဖိုးထားတဲ့အလေ့အကျင့်နဲ့ပြုစုပျိုးထောင်တာကိုတော့ သဘောကျမိတယ်။
ကျနော်တို့မြန်မာပြည်မှာလည်း ကလေးတွေကို ဒီလိုမျိုးပြုစုပျိုးထောင်ပေးရင်
ဘယ်လောက်ကောင်းလိုက်လေမလဲလို့လည်း တွေးမိပါရဲ့။


စာကြည့်တိုက်ထဲမှာ ကလေးတွေလုပ်ချင်ရာလုပ်နေကြပါလား


အမေတို့ဆီမှာ နေပူလွန်းလို့ ခရမ်းလွန်ရောင်ခြည်ကို ကြောက်နေရချိန်မှာ
ကျနော်တို့ဆီမှာတော့ နှင်းတွေက ကျကောင်းတုန်းပဲရှိသေးတယ်။
အခု ကျနော်တို့နေတဲ့နေရာက ရာသီဥတုဆိုးရိုးအမှန်ပါပဲ။
နှင်းကျတဲ့အခါ ကျတယ်။
ရံဖန်ရံခါ နှင်းမုန်တိုင်းဝင်မွှေတယ်။
မိုးရွာတဲ့အခါ မိုးရွာတယ်။
ရံဖန်ရံခါ ရေခဲမိုးရွာတယ်။
နေပူတဲ့အခါ ပူတယ်။
အလွန်အမင်းပူတယ်။
လေတိုက်တဲ့အခါ တိုက်တယ်။
ရေခဲလေတွေ တိုက်တယ်။
အေးလိုက်တာ မပြောပါနဲ့တော့။
ဒါပေမယ့် ရာသီဥတုက ကိုယ်ဖန်တီးလို့ရတဲ့အရာလည်း မဟုတ်ဘူး။
သူပြုသမျှ နုနေရတာကိုတော့ မကြိုက်လှဘူး။
ဒီတော့ ရာသီဥတုနဲ့ပတ်သက်ပြီးအတွေးပြောင်းမှ ဖြစ်တော့မယ်။
အတွေ့အကြုံတွေတော့ အများကြီးရပါတယ်။
အဆိုးဆုံးတွေကို ရင်ဆိုင်ရတော့လည်း ဒီလောက်မဆိုးတော့တဲ့အခါ
ပျင်းတောင်ပျင်းသေးတယ်လို့ပြောနိုင်တာပေါ့လေ။
မတ်လ လယ်လောက်မှာ နှင်းမုန်တိုင်းတစ်ခါ ဖြစ်လိုက်သေးတယ်။
နှင်းကျပြီဆိုရင် အနည်းဆုံးတော့ ခြေမျက်စိမြှုပ်တဲ့အထိ ကျတတ်တယ်။
အကြိမ်ကြိမ်ကြုံတော့လည်း ရိုးတောင်ရိုးလာတယ်။ဒီတစ်ခါနှင်းကျတာက မိုးနဲ့အတူ
ကျလာတာ၊ မိုးကလည်းအေးလိုက်ပါဘိသနဲ့။ နှင်းမိုးရွာတယ်လို့ပြောလို့ရတယ်။
နှင်းတွေကသစ်ကိုင်းအပေါ်မှာ၊
မိုးက သစ်ကိုင်းအောက်မှာ တွဲလွဲခိုနေတယ်။
ကျောက်စက်ပန်းဆွဲနဲ့တူတယ်။
ဒီမှာတော့ Freezing Rain (ရေခဲမိုး) လို့ခေါ်တယ်။
ကားမောင်းနေတုန်းဆိုရင် ကားမှန်ပေါ်ကျလာက မိုးစက်တွေပဲ။
ဒါပေမယ့်ချက်ချင်း ရေခဲဖြစ်သွားတယ်။
တစ်ခါတစ်ရံ လှုပ်ရှားနေတဲ့ကားမှန်ပေါ်ကဝိုက်ပါတောင် ရပ်သွားတယ်။
ရှေ့ကို ဘာမှ မမြင်ရတဲ့အတွက် ကားဆက်မောင်းဖို့ ခက်ခဲသွားတယ်။
နောက်တစ်ခုက Black Rain (ဘလက်ခ် မိုး)တဲ့အမေ။
ကားလမ်းတွေက အမည်းရောင်ကတ္တရာနဲ့လုပ်တာများတယ်။
အဲဒီကတ္တရာအမည်းရောင်ပေါ်မှာ မိုးရွာတဲ့ရေခဲမိုးတွေ၊နှင်းနဲ့အတူရွာလိုက်တဲ့မိုးတွေ
တစ်ထပ်တည်းဖြစ်နေတော့ သတိမထားပဲ ကားမောင်းတဲ့အခါ အန္တရာယ်ဖြစ်နိုင်တာမို့
သတိပေးတဲ့အသုံးအနှုန်းတစ်ခုလို့ အမေရိကန် မိတ်ဆွေတစ်ဦးကပြောလို့သိရတယ်။
အတွေ့အကြုံတွေတော့ အများကြီးရပါတယ်။
အခုဆိုရင် အလုပ်မသွားခင် မိုးလေဝသကို ကြည့်ရမယ်ဆိုတာ သဘောပေါက်နေပြီ။
ရာသီဥတုဆိုးရင် အလုပ်ကိုလျှော့ပြီလုပ်၊
ရာသီဥတုကောင်းရင် အလုပ်ကို ပိုပြီလုပ်၊
ရာသီဥတုပေါ် မူတည်ပြီ အလုပ်ကိုချိန်ဆလုပ်တတ်နေပြီလေ။
ရာသီဥတုကိုကြည့်ဖို့အတွက် ipad ကတော်တော်အသုံးတည့်တယ်။



ကျနော်တို့နေတဲ့နေရာက ဝါရှင်တန်ဒါးလတ်လေဆိပ်နဲ့နီးနီးလေး။
ကားမောင်းသွားရင် ၁၄-မိနစ်လောက်ပဲမောင်းရတယ်။
လေဆိပ်နဲ့နီးတဲ့အတွက် လေယာဉ်တွေအဆင်း၊အတက်ကလည်း အမြဲတမ်းတွေ့ရတယ်။
တစ်ခါတစ်လေ ကွင်းဆင်းဖို့ တာစူနေတဲ့လေယာဉ်တွေက လေး-ငါး-ဆယ်စီးမက ရှိတတ်တာကိုလည်း တွေ့ရတတ်တယ်။ ညဖက်ဆိုရင် ကောင်ကင်ပေါ်မော့ကြည့်လိုက်ရင် မှိတ်တုတ်၊မှိတ်တုတ်အလင်းရောင်နဲ့ပိုးစုန်းကြူးတွေအလား။
 ကောင်ကင်မှာ လေယာဉ်တွေ ပလူပျံနေတာကိုလည်း မကြာခဏတွေ့ရတတ်တယ်။
စီးသူတွေများလို့ လေယာဉ်တွေပဲများလာသလား၊
လေယာဉ်တွေများလာလို့ စီးသူတွေများလာလေသလား၊ လို့တွေးကြည့်မိတယ်။
ဘာဘဲဖြစ်ဖြစ် လေယာဉ်တွေများလာသလို လေယာဉ်ခရီးသည်တွေလည်း များလာတာတော့
အမှန်ပါပဲ။အမေရိကန်မှာတော့ လေယာဉ်နဲ့ခရီးသွားလာမှုဟာ ဘာအခက်အခဲမှ
မရှိတဲ့ခရီးသွားလာမှုဖြစ်တဲ့အတွက် လူတိုင်းက ကိုယ့်ကားနဲ့ကိုယ်သွားလာမှု
ကို မလုပ်တဲ့အခါတိုင်း လေယာဉ်နဲ့ခရီးသွားလာမှုပုံစံကို ရွေးချယ်ကြတာများလာပါတယ်။
လေယာဉ်နဲ့ခရီးသွားရတာဟာ သက်တောင့်သက်သာရှိလှတယ်။
အချိန်တိကျ မြန်ဆန်တယ်။ ခရီးစရိတ်ကလည်း မများလှဘူး။
လေယာဉ်လက်မှတ်ကိုလည်း အွန်လိုင်းကနေ အလွယ်တကူ ဝယ်နိုင်တယ်။
အဲဒီအချက်တွေကြောင့်လည်း လေယာဉ်ခရီးစဉ်
ကို လူတွေ ကြိုက်နှစ်သက်လာကြတယ်ထင်မိတယ်။
ဒါနဲ့ပြောရဦးမယ်။
မတ်လ(၈)ရက်နေ့တုန်းက ဘိုးရင်း၇၇၇လေယာဉ်ဟာ မလေးရှားနိုင်ငံကနေ တရုပ်ပြည်သွားတဲ့
ခရီးစဉ်မှာ လေယာဉ်အမှုထမ်းနဲ့ခရီးသည်အားလုံး ၂၃၉-ဦးနဲ့ပျောက်နေတာ 
ရက်တောင်အတော်ကြာပြီ။
နိုင်ငံပေါင်းများစွာက လေယာဉ်ပျောက်ကို  ရှာဖွေမှု လုပ်နေတာ ခုထိမတွေ့ကြသေးဘူး။
ကမ္ဘာပေါ်မှာ အကြီးကျယ်ဆုံး လေယာဉ်ပျောက် ရှာဖွေမှုအဖြစ် မှတ်တမ်းတင်လောက်တယ်။
ခရီးသည်တွေနဲ့ပါဝင်သူအားလုံးရဲ့မိသားစုဝင်တွေ ဘယ်လောက်ပူပန်
သောကရောက်ကြမယ်ဆိုတာလည်း စာနာမိပါရဲ့။
အချို့က လေယာဉ်ပျက်ကျသွားတာ ဖြစ်နိုင်တယ်လို့ထင်ကြေးပေးကြတယ်။
ပျက်ကျသွားတာမှန်ရင် အသက်မသေကျန်ရစ်သူတွေတောင်မှ
ကယ်ဆယ်ရေးတွေနဲ့ဒီလောက်ကြာကြာ မတွေ့နိုင်တဲ့အတွက်
အသက်ရှင်သန်ဖို့တော်တော်ခက်ခဲသွားနိုင်တယ်။
အချို့က လေယာဉ်ပြန်ပေးဆွဲသွားတာဖြစ်နိုင်တယ်လို့ထင်ကြေးပေးကြတယ်။
အဲဒီထဲမှာ ကျနော်တို့ရဲ့အမေရိကန်မိတ်ဆွေ(လူမည်းအမျိုးသမီး)တွေပါတယ်။
ဒီလောက်ကြာကြာ ဘယ်နေရာမှာ သွားပုန်းနေသလဲလို့
ကျနော်က မေးလိုက်တော့
သူတို့လည်း မသိဘူးလို့ပြန်ဖြေတယ်။
စဉ်းစားကြည့်တယ်။
လေယာဉ်ပျက်ကျတာထက်စာရင် လေယာဉ်ပြန်ပေးဆွဲသွားတာကမှ
ခရီးသည်တွေရဲ့အသက်ရှင်ရေးက မျှော်လင့်ချက် ပိုကောင်းနေသေးတဲ့အတွက်
ပြန်ပေးဆွဲတာပဲဖြစ်ပါစေ လို့ ဆုတောင်းရမလိုဖြစ်နေတယ်။
ဒီဖြစ်ရပ်က လေယာဉ်နဲ့ခရီးသွားလာရတာလည်း အကောင်းဆုံးမဟုတ်သေးဘူးဆိုတာ သဘောပေါက်လာတယ်။
ကျနော်တို့တော့ အမေရိကန်တနံတလျှားကို
ကိုယ့်ကားနဲ့ကိုယ် သွားလာနေတာတောင် ကြာလှပြီ။



တစ်နေ့လုံးအလုပ်လုပ်ထားတဲ့အတွက် အိမ်ရောက်ရင်အတော်ပင်ပန်းနေပြီ။
ဒါပေမယ့် မြန်မာပြည်အကြောင်း သိချင်စိတ်နဲ့ ပင်ပန်းတဲ့ကြားထဲက ဗီအိုအေ
တီဗွီသတင်း (VOA TV News) ကိုတော့ ရောက်ရောက်ချင်း ကြည့်ဖြစ်တာများတယ်။
မြန်မာပြည်ပုံရိပ်တွေကိုတွေ့ရတဲ့အတွက် အလွမ်းပြေတာပေါ့အမေရယ်။
သတင်းဆိုးတွေကြားရရင် အမောဆို့တာလည်း ရှိတတ်တယ်။
သတင်းဆိုတာ ကောင်းသတင်းထက် ဆိုးသတင်းက ပိုများတယ်ဆိုတာ
သိရက်သားနဲ့။
ဒါကြောင့် အလွမ်းပြေတာထက် အမောဆို့တာ ပိုများနေတော့တာပေါ့အမေ။

အမေရေ…
ကျန်းမာရေးကို ဂရုစိုက်ပါလို့ပဲ မှာချင်ပါတယ်။

အမေကို ချစ်တဲ့သား
အောင်ဝင်းဟိန်း
အက်ရှ်ဗန်းမြို့၊
ဗာဂျီးနီးယားပြည်နယ်၊
အမေရိကန်ပြည်ထောင်စု။


လူသားတိုင်း ကျန်းမာကြပါစေ... လူသားတိုင်း ချမ်းသာကြပါစေ...
ခန္ဓာကိုယ်ကို လေ့ကျင့်ခန်းနဲ့စောင့်ရှောက်ပါ။ စိတ်ကို စာဖတ်ခြင်းနဲ့စောင့်ရှောက်ပါ။...

နူတ်ဆက်စကားလေးများ.....

မြန်မာတို့ရဲ့ ဘလော့ဂ်များ...

picoodle.com