Tuesday, November 16, 2010

“ ခက်အောင် မလုပ်ပါနဲ့…”



စိတ်ရောဂါအထူးကု ဆရာဝန်ရဲ့ ဆေးခန်းရှေ့မှာ

ချိတ်ထားတဲ့စာတမ်း၊


ဆရာဝန်နဲ့ တွေ့ရန် စောင့်နေကြတဲ့ လူနာများခင်ဗျား၊

မိမိတို့ခံစားနေရတဲ့ ရောဂါလက္ခဏာများကို

အချင်းချင်း ဖလှယ်ခြင်းမလုပ်ကြပါနဲ့၊


ဆရာဝန်အနေနဲ့

ရောဂါဇစ်မြစ်ကို ဖော်ထုတ်ရာမှာ

အခက်အခဲ ဖြစ်စေနိုင်ပါတယ်။

“ ဘာဘဲဖြစ်ဖြစ် ကိုယ်ကစလိုက်ပါ...”




တစ်ခါတုန်းက

ဖိုးသူတော်တစ်ယောက်ဟာ


ခရီးသွားနဲ့ အသင့်တွေ့ရတဲ့ ပြောင်းခင်းကို ဝင်ပြီး

ပြောင်းဖူးတစ်ဖူးကို ခူးယူလိုက်ပါတယ်။


အကာရွက်များကို

ဖယ်ရှားလိုက်တဲ့အခါမှာတော့


စားချင်စရာ မကောင်းတဲ့ ကျိုးတိုးကျဲတဲ ပြောင်းဖူးစေ့


အနည်းငယ်ကိုသာ တွေ့လိုက်တဲ့အတွက် ဖိုးသူတော်က


“ ညံ့လိုက်တဲ့ ပြောင်းဖူးနှယ်၊

စားစရာအစေ့လေးတောင် ပြည့်စုံအောင် မပါဘူး ”


လို့ ပြောလိုက်တယ်။


ဒီတော့ ပြောင်ဖူးက-


“ ဦးသူတော်၊

ကျုပ်က အဆံများများပါအောင် ဖူးချင်တာပေါ့။

ဒီပြောင်းပင်ကမှ သန်သန်မာမာနဲ့ အစေ့ပါအောင်

ဖူးမပေးတာ ကျုပ်က ဘာတတ်နိုင်မှာတုန်း ”


ဒီတော့ ဦးသူတော်က

“ ဟုတ်ပါ့၊

ဒီပြောင်းပင်ကလည်း အစေ့များများပါအောင်


ဘာကြောင့်ဖူးမပေးရသလဲ မသိပါဘူး ”


လို့ပြန်ပြောတယ်


အဲဒီအခါ ပြောင်းပင်က

“ ဦးသူတော်၊

ကျုပ်က အစေ့အပြည့်ပါအောင် ဖူးပေးချင်ပါတယ်။

ကျုပ်ပေါက်လာရတဲ့ ဟောဒီမြေကမှ သြဇာမရှိတာ၊

ဘယ်တတ်နိုင်ပါ့မတုန်း ”


“ ဟုတ်သားပဲ၊

မြေကြီးကလည်း ဘာလို့ မြေဆီသြဇာ မရှိရသလဲ မသိပါဘူး ”


လို့ ဦးသူတော်က ပြောပါတယ်။


အဲဒီအခါ မြေကြီးက

“ ဦးသူတော်ရယ်၊

မိုးကမှ မှန်မှန်မရွာတဲ့ဟာ

ကျုပ်မှာလည်း ဘယ်ကမြေဆီသြဇာရှိတော့မှာလဲ ”


ဖိုးသူတော်က

“ ဟုတ်သားပဲ၊

ဒီမိုးကလည်း ဘာဖြစ်လို့မှန်မှန်မရွာတယ် မသိပါဘူး ”


အဲဒီအခါ မိုးက

“ ဦးသူတော်၊

ကျုပ်က မှန်မှန်ရွာပေးချင်တာပေါ့၊


ဒီပြည်သူပြည်သားတွေကမှ အကျင့်စာရိတ္တမကောင်းကြတာ၊

ဘယ်ရွာချပေးလို့ရမလဲ ”

ဖိုးသူတော်က

ဟုတ်သားပဲ၊

ဒီပြည်သူပြည်သားတွေကလည်း

ဘာဖြစ်လို့ အကျင့်စာရိတ္တကောင်းအောင်

မနေကြသလဲ မသိပါဘူး ”


အဲဒီအခါ ပြည်သူပြည်သားတွေက

“ ဦးသူတော် ကျုပ်တို့ကို အုပ်ချုပ်တဲ့ ရှင်ဘုရင်ကမှ

မင်းကျင့်တရားဆယ်ပါးနဲ့မညီတာ

ကျုပ်တို့က ဘယ်လိုလုပ် အကျင့်စာရိတ္တကောင်းနိုင်တော့မှာလဲ ”

ဖိုးသူတော်က

ဟုတ်သားပဲ၊

ဒီရှင်ဘုရင်ကလဲ ဘာဖြစ်လို့

မင်းကျင့်တရား ဆယ်ပါးနဲ့အညီ မအုပ်ချုပ်ရသလဲ မသိပါဘူး ”


အဲဒီအခါ ရှင်ဘုရင်က

“ ဦးသူတော်၊

ဘုရင်နဲ့တကွ တိုင်းသူပြည်သားအားလုံးတို့ ကိုးကွယ်ကြတဲ့

ဦးသူတော်ကိုယ်တိုင်က သူတစ်ပါး ပြောင်းခင်းထဲဝင်ပြီး

ပြောင်းဖူးခိုးနေမှတော့ ကျန်တဲ့သူအားလုံး အကျင့်စာရိတ္တ

ကောင်းနိုင်ပါတော့မလား ”


လို့ ပြောလိုက်ပါတယ်။



ဒီတော့မှ ဦးသူတော်ကလည်း



“ ဟုတ်သားပဲ၊


သူတစ်ပါး အကိုးကွယ်ခံဖြစ်တဲ့ ငါ ကိုယ်တိုင်ကမှ

တရားပျက်နေရင် ကျန်တဲ့သူတွေ ပိုဆိုးတော့မှာပေါ့ ”

လို့ သတိတရားဝင်ကာ

သူကိုယ်တိုင်ကစပြီး တရားစောင့်မှ

တစ်တိုင်းပြည်လုံးကလည်း

တရားစောင့်လာကြတဲ့အတွက်

တိုင်း ပြည်ကြီးလည်း သာယာဝပြော၍ လာလေတော့သတည်း။


“ ဖျက်ဆီး၍ မရသောဂုဏ်...”



ရွှေဂုဏ် ငွေဂုဏ်၊ ရာထူးဂုဏ်သည်၊

လူ့ဘုံလောက အကာမျှတည့်၊

သူက ငြူစူ မကြည်ဖြူ၍

ခွာယူလိုက ခွာ၍ရ။


ရိုးဂုဏ်၊ဖြောင့်ဂုဏ်၊ ယဉ်ကျေးဂုဏ်သည်

လူ့ဘုံလောက နှစ်သာရတည့်၊

သူက ငြူစူ မကြည်ဖြူလည်း၊

ခွာယူမရ၊ ကွာမကျ။

( ဇော်ဂျီ )

“ ကိုယ့်ဘဝကို ကိုယ်မြတ်နိုးပါ...”



ကိုယ့်ဘဝကို ကိုယ်မြတ်နိုးပါ။


ဒီဘဝရရှိလာခြင်းအတွက်

အမြဲ ဝမ်းမြောက်ဝမ်းသာဖြစ်ပါ။


ဘဝမှာ

ကြုံတွေ့ရမြဲဖြစ်တဲ့အခက်အခဲများ၊

မလွယ်ကူတဲ့အကြောင်းချင်းရာများ၊

ကိုတိမ်းရှောင်လွှဲဖယ်မှု မပြုခြင်းအားဖြင့်

ဒီဘဝကို

နှစ်သက် လက်ခံ ကြောင်းပြသပါ။


ပြီးရင်

မိမိရဲ့ အရည်အချင်း၊

အစွမ်းအစများကို နဂိုရှိတာထက်

နည်းနည်းပိုပြီး တိုးမြှင့်သုံးစွဲကြည့်ပါ။


ကိုယ့်အစွမ်းအစတွေဟာ

ကိုယ်ထင်ထားတာထက်

အများကြီးပိုမို ကြီးမားတယ်ဆိုတာ

တွေ့လာပါလိမ့်မယ်။


Ref; ( Arthur Gordon … The Best Advice I Ever Had )

“ ငါ ပါ သုံးကောင်...”



အင်းဝခေတ်က
တောင်ဖီလာဆရာတော်ကြီးဟာ
ခွေးများကို အစာကျွေးနေရင်းက
ကြီးတဲ့ခွေးက ငယ်တဲ့ခွေးကို အနိုင်ကျင့်ပြီး ကိုက်တဲ့အခါ
ဆရာတော်ကြီးက အဟဲ့ဟဲ့ ဖြင့် မောင်းနေရပါတယ်။

တစ်ချို့ခွေးကြီးများကား
ဘယ်လောက်ပဲမောင်းမောင်း မရ။

ပိုပိုပြီးသာ ဆိုးလာပါတယ်။
အဲဒီအခါ ဆရာတော်ကြီးက စိတ်တိုသွားတဲ့အတွက်
တောင်ဝှေးကို ကိုင်မြှောက်လိုက်ရင်း

“ တယ်....ဒီခွေးတွေ ရိုက်လိုက်ရ၊
ငါ ပါသုံးကောင် ဖြစ်သွားရော့မယ် ”

လို့ ညည်းတွားရှာလေတယ်။


ပညာရှိ သူတော်ကောင်းကြီးများဟာ
စိတ်တိုရင် ချက်ချင်းစိတ်တိုမှန်း သိလိုက်ပါတယ်။
ဆရာတော်ကြီးက
စိတ်တိုသူ၊ ဒေါသထွက်သူတွေဟာ
အဲဒီတဒင်္ဂကာလမှာ
တိရ စ္ဆာန်စိတ်ဖြစ်သွားတာကို
ပြောလိုရင်း ဖြစ်ဟန်တူပါတယ်။
ရန်ဖြစ်နေတဲ့ခွေးက နှစ်ကောင်၊
စိတ်တိုနေသူက တစ်ကောင်၊
ဆိုတော့ စုစုပေါင်း သုံးကောင်ဖြစ်သွားတယ်လို့
ပြောလိုက်တာဖြစ်ပါတယ်။

ဒေါသကြီးသူများအတွက်
ဆရာတော်ကြီးက
တရားပြသွားခြင်းဖြစ်ပါတယ်။

ဒေါသကြီးသူများကို ဆရာတော်ကြီးက
တစ်ပါး၊
တစ်ယောက်၊
လို့ မတွက်ဘဲ
တစ်ကောင်လို့တွက်သွားတာ ဖြစ်ပါတယ်။

စိတ်တိုတတ်သူများ၊
ဒေါသကြီးသူများအတွက်
အထူးဆင်ချဉ်သင့်တဲ့ ကိစ္စဖြစ်ပါတယ်။

စိတ်တိုလေတိုင်း
ငါလည်း တစ်ကောင် ဖြစ်နေပါလားလို့
သတိ၊ဉာဏ် ဝင်မယ်ဆိုရင်
လူကြီးမင်းဟာလည်း
အဲဒီ တဒင်္ဂမှာ
ပညာရှိ သူတော်ကောင်း ပါပဲ။

“ အပြစ်တွေ မလုပ်ချင်တာပါ...”




တစ်ခါတုန်းက

မဟတ္တဂန္ဓီဟာ တောင်အာဖရိကတိုက်တွင်

ရှေ့နေလိုက်နေစဉ်က ဖြစ်ပါတယ်။


ထာဝရဘုရားကို ကိုးကွယ်တဲ့ ဘာသာဝင်တစ်ဦးက

မဟတ္တဂန္ဓီကို


သူတို့ဘာသာထဲကို ဝင်ဖို့ လာပြီး ဆွဲဆောင်ပါတယ်။


အဲဒီဘာသာဝင်တစ်ဦး ပြောတာက...

“ မဟတ္တဂန္ဓီ ကျနော်တို့ဘာသာထဲဝင်ပါ။

ကျနော်တို့ ဘာသာဝင် ဖြစ်သွားရင် အပြစ်တွေကို

ဘယ်လောက်ပဲ လုပ်လုပ် ကျနော်တို့ဘုရားသခင်ကခံပေးတယ်။

ကျနော်တို့က ဘာမှ မခံစားရဘူး ”

လို့ ပြောပါတယ်။


မဟတ္တဂန္ဓီက ...


“ ကျနော်က အပြစ်တွေ လုပ်ချင်တိုင်း လုပ်ပြီးမှ

ကျေပျောက်အောင် လုပ်ပေးတာကို သဘောမကျဘူး၊

အဲဒီအပြစ်တွေကို ကျူးလွန်ချင်တဲ့စိတ်တွေ

ဖြစ်မလာတာကိုဘဲ အလိုရှိတယ် ”

လို့ ပြန်ပြောခဲ့ပါတယ်။

“ မှောင်ခိုသမား…”



တစ်ခါတုန်းက

မက္ကစီကိုနဲ့ အမေရိကန်ပြည်ထောင်စုနယ်စပ်တွင်ဖြစ်တယ်။

အိတ်နှစ်လုံးကို ကျောပေါ်တွင်လွယ်လျက်

မက္ကစီကန်တစ်ဦး စက်ဘီး စီးလာတယ်။


အမေရိကန် နယ်ခြားစောင့်တပ်ဖွဲ့ဝင်က မေးတယ်။


ကျောပေါ်က အိတ်တွေထဲမှာ ဘာပါသလဲ

သဲတွေပါ


မယုံသဖြင့် အိတ်တွေကို ဖွင့်ရှာတယ်။

တကယ်ပဲ သဲတွေဖြစ်နေပါတယ်။


နောက်နှစ်ပတ်အကြာတွင် ဒီအတိုင်း ထပ်ဖြစ်တယ်။


အိတ်ထဲမှာ ဘာ သယ်လာသလဲ

သဲတွေပါ


အိတ်ကို ဖွင့်ပြီးစနစ်တကျ ရှာတယ်။

တကယ်ပဲ သဲတွေဖြစ်နေပြန်တယ်။


ခြောက်လတိတိ

အိတ်နှစ်လုံးကို ကျောပိုးပြီး မက္ကစီကန်ဟာ

စက်ဘီးစီးကာ နယ်စပ်ကို ပုံမှန် ဖြတ်တယ်။

အကြိမ်တိုင်းလည်း အိတ်ထဲတွင် သဲတွေသာ ပါတယ်။


တစ်နေ့တွင်

အမေရိကန် နယ်ခြားစောင့် တပ်ဖွဲ့ဝင်ဟာ

စက်ဘီးစီး မက္ကစီကန်ကို

နယ်ခြားမြို့ကလေးတစ်မြို့တွင် တွေ့ရာ

မအောင့်နိုင်တာနဲ့ မေးလိုက်တယ်။


မင်းကြောင့်

ငါတို့ အကြီးအကျယ် ဦးနှောက်ခြောက်ကြရတယ်။

မင်းမှောင်ခိုလုပ်နေတယ်ဆိုတာ ငါတို့ သိတယ်။

ဒါပေမယ့် ဘာပစ္စည်းကို မှောင်ခိုနေသလဲဆိုတာ

ငါတို့ဖော်ထုတ်လို့ မရဘူး ဖြစ်နေတယ်။

မင်း ငါ့ကို အမှန်အတိုင်းပြောပါ၊

တို့ ပြောတဲ့စကားကို

ဘယ်သူမှ မသိစေရဘူးလို့ ငါ အာမခံတယ်။

ဘာပစ္စည်းကို မင်းမှောင်ခိုထုတ်နေသလဲကွ၊ ဟေ


စက်ဘီးပါ

“ အရုပ်ဆိုးလို့နေမှာပေါ့ …”



တစ်ခါတုန်းက အစာငတ်မွတ်ခြင်းနဲ့

လိင်စိတ်ကြွမှု နှစ်ခုအနက် ဘယ်ဟာက ပိုပြီး အင်အားကြီးသလဲ

ဆိုတာကို သိပ္ပံပညာရှင်များ လက်တွေ့စမ်းသပ်ခြင်းဖြင့်

ဖော်ထုတ်ရန် ဆုံးဖြတ်လိုက်ကြတယ်။

လူဝံအထီးတစ်ကောင်ကို တစ်လတိတိ အစာ မကျွေးဘဲထားတယ်။

အဲဒီကာလအတွင်းမှာ လူဝံအမများဆီကိုလည်း သွားခွင့်မပြုချေ။

တစ်လပြည့်တဲ့အခါမှာ ကြိုးဝိုင်းစင်တစ်ခုကို ဆောက်ပြီး

ထောင့်တစ်နေရာတွင် လူဝံ အထီးကို ထားလိုက်တယ်။

နောက်တစ်ထောင့်မှာတော့ လူဝံအမကို ထားလိုက်တယ်။

အခြားထောင့်တစ်ခုမှာတော့ အစာကို ချထားလိုက်တယ်။

လူဝံအထီးဟာ လူဝံအမကို ကြည့်တယ်။

အဲဒီနောက် အစာရှိရာဘက်ကို သွားပြီးအစာကို အားရပါးရ စားတယ်။

ပိုပြီးသေချာအောင် လက်တွေ့စမ်းသပ်မှုကို နောက်ထပ်

တစ်ကြိမ် လုပ်ကြပြန်ပါတယ်။

စောစောကအတိုင်း လူဝံအထီးတစ်ကောင်ဟာ

ဆန့်ကျင်ဘက်လိင်ထက် အစာကို ပိုမို မက်မောကြောင်း ထပ်တွေ့ရပြန်ပါတယ်။


ဒီအကြောင်းအရာနဲ့ပတ်သက်ပြီး သိပ္ပံပညာရှင်များဟာ

ဆောင်းပါးတစ်စောင်ကို ရေးပြီး နာမည်ကြီး သိပ္ပံဂျာနယ်သို့ ပေးပို့လိုက်တယ်။

မကြာမီ ဂျာနယ်အယ်ဒီတာထံမှ မှတ်ချက်နဲ့အတူ ပြန်စာရောက်လာတယ်။


မှတ်ချက်မှာ အောက်ပါအတိုင်းဖြစ်တယ်။

နောက်လူဝံအမ (ချောချော၊လှလှ )တစ်ကောင်ထားပြီးစမ်းသပ်ကြည့်ပါဦး

တဲ့ဗျာ

လူသားတိုင်း ကျန်းမာကြပါစေ... လူသားတိုင်း ချမ်းသာကြပါစေ...
ခန္ဓာကိုယ်ကို လေ့ကျင့်ခန်းနဲ့စောင့်ရှောက်ပါ။ စိတ်ကို စာဖတ်ခြင်းနဲ့စောင့်ရှောက်ပါ။...

နူတ်ဆက်စကားလေးများ.....

မြန်မာတို့ရဲ့ ဘလော့ဂ်များ...

picoodle.com