Showing posts with label အဖြစ်...အပျက်. Show all posts
Showing posts with label အဖြစ်...အပျက်. Show all posts

Tuesday, August 11, 2015

“စကားထာဝှက်တမ်း ကစားကြရအောင်…”





ကျနော်နေတဲ့အိမ်ရဲ့ရှေ့မှာ သစ်ရိပ်ကောင်းလှပါတယ်။
ကျောင်းပိတ်ရက်များမှာ ကလေးများနဲ့စည်းကားနေတတ်တယ်။
ကလေးများက အရွယ်စုံပါတယ်။
ကလေးများ ကစားနေကြချိန်တွင် အလွန်ဆူညံပေမယ့် ကျနော်ခံနိုင်တယ်။
များများကစားတဲ့ကလေးများ ဥာဏ်ရည်ကောင်းတယ်လို့ ကျနော်က သိထားတာမို့
ကလေးများကစားတာကို မတားဖြစ်ဘူးခဲ့ပါ။
တစ်နေ့မှာ ကလေးများကစားပြီးမောလာတာကြောင့်
ထိုင်ပြီးစကားထာဝှက်တမ်းကစားကြပါတယ်။
အကြီးဆုံးဖြစ်တဲ့ကလေးမလေးက တစ်ယောက်တစ်လှည့် စကားထာဝှက်ဖို့ပြောပါတယ်။
သူတို့လေးတွေ တစ်ယောက်တစ်လှည့် စကားထာဝှက်တာကို
ပက်လက်ကုလားထိုင်တွင် စာဖတ်ရင်း နားထောင်မိပါတယ်။
အငယ်များဖွဲ့သောစကားထာက အများအားဖြင့်ကြားနေကျစကားထာများသာဖြစ်တယ်။
သိသူများက စကားထာမဆုံးခင်မှာပင် အော်ဟစ်ပြီး အဖြေများပြောကြပါတယ်။
ပျော်စရာကောင်းတဲ့မြင်ကွင်းတစ်ခုဟုခံစားမိပါတယ်။
နောက်ဆုံးအကြီးဆုံးဖြစ်တဲ့သူငယ်မရဲ့အလှည့်ကိုရောက်လာပါတယ်။

“သူ့ရဲ့ဦးခေါင်းထဲမှာ ဦးနှောက်မရှိဘူး။
သူ့ရဲ့ရင်ဘတ်ထဲမှာ နှလုံးသားမရှိဘူး။
ဒါပေမယ့် သူ့ရဲ့နားရွက်ကအရှည်ကြီး။
--- နားထောင်ရလွန်းလို့ကားနေတယ်။
သူ့ရဲ့ပါးစပ်ပေါက်က အကြီးကြီး၊
သွားတွေက လွှသွားလိုချွန်နေတယ်။
ဝါးလို့ရတာ အကုန်လုံးဝါးတယ်။
သူ့ရဲ့ဗိုက်က ပူပူဆူဆူ။အဆီတွေ အထပ်ထပ်။
စားလို့ရတာမှန်သမျှ အားလုံးစားတယ်။
ကဲ….အဲဒီအကောင် ဘာကောင်လဲ”

 ကျန်တဲ့ကလေးတွေက တစ်ယောက်တစ်လှည့်စီအော်ပြောကြတယ်။
 “စက်ရုပ်လူသား”
“မဟုတ်ဘူး”
“ဘီးလူး”
“မဟုတ်ဘူး”
“ပြိတ္တာ”
“မဟုတ်ဘူး”
“သရဲ”
“မဟုတ်ဘူး”
ကျနော်လည်း ပိုပြီးစိတ်ဝင်စားလာတယ်။
ဒီကောင်မလေး ဘာများပြောမလဲဆိုတာကိုလည်း အရမ်းသိချင်လာတယ်။
“တစ္ဆေ”
“မဟုတ်ဘူး”
“ငရဲသား”
“မဟုတ်ဘူး”
……………
“မဟုတ်ဘူး”
……………..
“မဟုတ်ဘူး”
ကဲ…ပန်းပေးပြီလားလို့ ကောင်မလေးကမေးလိုက်ပါတယ်။
အချို့က ပေးပြီးလို့အော်တယ်။
အချို့က မပေးသေးဘူးလို့အော်နေချိန်မှာ
ကောင်မလေးရဲ့အမေဟာ ဈေးကပြန်ရောက်လာပါတယ်။
“ဟဲ…နီနီ
ငါ ဈေးသွားတုန်း ကြက်သွန်နွှာထားပြီး ငရုတ်သီးထောင်းခိုင်းထားတာ
ဒီမှာလာဆော့နေတယ်။အဲဒါတွေ လုပ်ပြီးပြီလား” လို့အော်လိုက်တဲ့အတွက်
စိတ်ဝင်စားစရာကောင်းတဲ့စကားထာဝိုင်းဟာ ဖရိုဖရဲဖြစ်သွားပါတော့တယ်။
ကောင်းမလေးက ထပြီးပြေးပြန်သွားချိန်မှာ
“တီဗွီကြည့်၊ ကြည့်တတ်ရင် မြင်လိမ့်မယ်” လို့ အော်ပြောသွားလေရဲ့။
ကျနော်ဖတ်နေတဲ့ အာဏာရှင်ဟစ်တလာရဲ့အကြောင်းထက်
စကားထာရဲ့အဖြေကို ပိုပြီး စိတ်ဝင်စားလာမိတယ်။
အဖြေကတော့ ရှာနေဆဲ။
နီနီကိုတွေ့ရင် မေးကြည့်ရဦးမယ်။

Thursday, January 17, 2013

“ အရာအားလုံးကို ငွေနဲ့ဝယ်လို့ရနိုင်သလား...”



ဆွစ်လူမျိုးသဘာဝဗေဒပညာရှင် အဂ္ဂါဆစ်ကို
ပညာတတ်အသိုင်းအဝိုင်းမှ
လူတစ်ယောက်က ဟောပြောပွဲတစ်ခုအတွက်
လာရောက်ဟောပြောရန် ဖိတ်ကြားပါတယ်။
အဲဒီလို ဟောပြောပွဲများဟာ အချိန်အလွန်ပေးရတဲ့အတွက်
သူလုပ်လက်စသုတေသနနဲ့ ရေးလက်စလုပ်ငန်းများကိုသာ လုပ်လိုတဲ့အတွက်
ဟောပြောပွဲကို မလိုက်နိုင်ကြောင်း ငြင်းပါတယ်။
အဲဒီအခါ လာရောက်ဖိတ်ကြားသူက ဟောပြောပွဲအတွက်
ငွေအမြောက်အမြားချီးမြှင့်ဖို့
ပြင်ဆင်ထားကြောင်း ထပ်မံပြောဆိုလိုက်ပါတယ်။

ဆွစ်လူမျိုးသဘာဝဗေဒပညာရှင် အဂ္ဂါဆစ်က

အဲဒါက ကျနော့်အတွက်အရေးမကြီးပါဘူး။
ကျနော်ဟာ ငွေရှာဖို့အတွက်
ကျနော့်ရဲ့အချိန်တွေကို မဖြုန်းနိုင်ပါဘူး။

လို့ပြန်ပြောလိုက်ပါတယ်။


Saturday, December 1, 2012

“မြန်တိုင်း ကောင်းသလား…”



တစ်ခါတုန်းက
နိုင်ငံခြားသား သံတမန် တစ်ဦးဟာ
သူရဲ့ မာစီးဒီးကားအသစ်ကို ဘယ်လောက်မြန်မြန်မောင်းနိုင်သလဲ
ဆိုတာကို ကြွားချင်တာနဲ့ သူရဲ့ မာစီးဒီးကားကို
အမြန်ဆုံးနှုန်းနဲ့မောင်းလာကြောင်း ဧည့်ခံပွဲမှာ ထုတ်ဖေါ်ပြောလိုက်ပါတယ်။
“ကျနော်ရဲ့မာစီးဒီးကားကို အမြန်မောင်းလာတဲ့အတွက်
နာရီဝက် စောပြီးဒီကိုရောက်လာတယ်။”
လို့ပြောလိုက်ပါတယ်။
အဲဒီအချိန်မှာ ဧည့်ခံပွဲကို ရောက်နေတဲ့
ဂုဏ်သရေရှိလူကြီးလူကောင်းတစ်ဦးက
မေးခွန်းတစ်ခုကိုမေးလိုက်ပါတယ်။
“ခင်ဗျာ...အခုအပိုထွက်လာတဲ့ နာရီဝက်ကို ဘယ်လို အသုံးချမှာလဲ”
လို့မေးလိုက်တဲ့အခါ ကြွားဝါတဲ့သံတမန်မှာ
ဘာပြန်ပြောမှန်းမသိဖြစ်သွားခဲ့ပါတယ်။

@@@@@@@@@@@@@@@@@@@@@@@@@@@

အခုခေတ်မှာ ကားဟာ မရှိမဖြစ်ရှိရမယ့် အရာဝတ္တုတစ်ခုဖြစ်လာခဲ့ပါတယ်။
တစ်နည်းပြောရရင် လူတွေရဲ့ ဖိနပ်ဖြစ်လာခဲ့ပါပြီ။
ဒီအရာတွေကြောင့် အချိန်တွေအများကြီးပိုထွက်လာပါတယ်။
အဲဒီအချိန်တွေကို ဘယ်လိုအသုံးချသလဲဆိုတာကတော့ လူ့တန်ဖိုးဖြစ်လာပါပြီ။
 ကြွားဝါရတာ လွယ်ပေမယ့် တန်ဖိုးရှိအောင် အသုံးချဖို့ကျတော့ ခက်ခဲလှပါတယ်။

@@@@@@@@@@@@@@@@@@@@@@@@@@@

ကျနော့်မိတ်ဆွေ တစ်ယောက်ရှိတယ်။
ဘာဘဲလုပ်လုပ် အလွန်မြန်ဆန်လွန်းလှပါတယ်။
မြန်လွန်းတော့ ပြာသလိုတောင် ဖြစ်နေပါတယ်။
အမေကပြောတယ်။
" ပြာတိုင်း ဖွဲထွက်မှကောင်းတာ။
ပြာပြီး ဖွဲမထွက်ရင် မြန်တာပဲရှိတယ်။
တန်ဖိုးမရှိဘူး" လို့ပြောရတဲ့အထိ ဖြစ်ပါတယ်။
နောက်ဆုံး နိုင်ငံခြားကိုထွက်သွားသည်မှာ 
 နှစ်ပေါင်းများစွာ ကြာလာခဲ့ပေမယ့် ယခုတိုင်
ရာထူးမတက်တဲ့ ဝန်ထမ်းဟောင်းတစ်ဦးအဖြစ် ရှိနေမြဲ။
ဘာဘဲလုပ်လုပ် မအောင်မြင်ပါ။
အခုတိုင်း တန်ဖိုးရှိတဲ့လူတစ်ယောက် မဖြစ်သေးပါ။
ရှေ့ကိုတော့ အစောကြီးရောက်ပါရဲ့။
တန်ဖိုးရှိတဲ့အလုပ်တွေ မလုပ်ခဲ့တော့ 
တန်ဖိုးရှိတဲ့လူတစ်ယောက် မဖြစ်ခဲ့ပါ။
ကဲ...လူကြီးမင်းကို မေးလိုက်ချင်ပါတယ်။
မြန်တိုင်း ကောင်းသလား။

Thursday, November 15, 2012

“ လူပျိုကြီးဖြစ်ရတဲ့အကြောင်းရင်း...”


ကိုတင်ဝင်းဟာ ကျနော်နဲ့ကျောင်းနေဖက်သူငယ်ချင်းတစ်ယောက်ဖြစ်တယ်။
ငယ်စဉ်တုန်းက သူနှစ်သက်တဲ့အမျိုးသမီးများဆိုရင်
ရဲရဲတင်းတင်း ရီးစားစာ လိုက်ပေးသူလည်း ဖြစ်တယ်။
ရီးစားစာတစ်မျိုးကို  မိတ္တူများကူးပြီး တစ်နေ့ထဲကို တစ်ယောက်ပြီး တစ်ယောက်
လိုက်ပေးတာကိုလည်း တွေ့ခဲ့ဖူးပါတယ်။
တစ်ရံတစ်ခါတွင် လောင်းကြေးစားကြေးသဘောမျိုးနဲ့
လိုက်ပြီး ရီးစားစကားကို လိုက်ပြောတာလည်းတွေ့ခဲ့ဖူးပါတယ်။
ကျနော်တို့ သူငယ်ချင်းအဖွဲ့တွင် သူဟာ ဟီရိုးတစ်ယောက် ဖြစ်နေပါတယ်။
သူနဲ့နှစ်ပေါင်းများစွာ ကွဲကွာသွားပြီးနောက် သူဟာ
လူပျိုကြီးဖြစ်နေတာကို တစ်အံ့တသြတွေ့ရပါတယ်။
တစ်နေ့တော့ ကျနော်တို့သူငယ်ချင်းတစ်စု စုံဖြစ်ကြပါတယ်။
လူပျိုကြီး ကိုတင်ဝင်းကို သူငယ်ချင်းဖြစ်သူ
မအေးအေးပြုံးကမေးတယ်။
ကိုတင်ဝင်း၊
ဘာဖြစ်လို့ အခုချိန်ထိ မိန်းမ မယူသေးတာလဲရှင့်
ကိုတင်ဝင်းက
ဒီလိုဗျာ၊
တစ်ခါတုန်းက လမ်းမှာ မိန်းမတစ်ယောက်နဲ့ မတော်တဆ တိုက်မိတယ်။
သူက ချက်ချင်း ကက်ကက်လန် ရန်တွေ့တယ်။
ရိုက်လား၊ ပုတ်လား လုပ်တယ်။
ကျနော့်မျက်နှာကို လက်သည်းချွန်နဲ့ ကုတ်တယ်။
ပြီးတော့မှ
သူ့ဟာသူ သတိရသွားသလားမသိဘူး၊
ပြုံးစစနဲ့ပြောတယ်။
မကြောက်ပါနဲ့၊
ရှင့်ကို ကျမ မကိုက်စားပါဘူး၊
ကျမ လူမှားသွားလို့ပါ။
ရှင့်ကို ကျမရဲ့ယောက်ျား ထင်လို့တဲ့ဗျာ။
ကောင်းရော၊
အဲဒီအချိန်ကစပြီး ကျနော့်မှာ မိန်းမကို ကြောက်တတ်တဲ့
ဝေဒနာတစ်ခုဖြစ်လာသလို ခံစားရတယ်ဗျာ၊
အဲဒီနောက် ကျနော် ဆုံးဖြတ်ချက်ချလိုက်တယ်။
ဘယ်တော့မှ မိန်းမ မယူတော့ဘူးလို့
သူ့စကားကြောင့် ကျနော်တို့သူငယ်ချင်းတစ်စု ဝိုင်းရီကြပါတယ်။

လူသားတိုင်း ကျန်းမာကြပါစေ... လူသားတိုင်း ချမ်းသာကြပါစေ...
ခန္ဓာကိုယ်ကို လေ့ကျင့်ခန်းနဲ့စောင့်ရှောက်ပါ။ စိတ်ကို စာဖတ်ခြင်းနဲ့စောင့်ရှောက်ပါ။...

နူတ်ဆက်စကားလေးများ.....

မြန်မာတို့ရဲ့ ဘလော့ဂ်များ...

picoodle.com