Sunday, October 10, 2010

“ ကလဲ့စား...”




မာစီးဒီးဘင့်စ် ကားကို စတင်ထုတ်လုပ်သူ

မစ္စတာဘင့်စ် ဟာ မိမိထုတ်မယ့်
ကားအင်ဂျင်ကို စမ်းသပ်ရန်အတွက်
ကွက်လပ်ကျယ်ကြီးထဲတွင် ကားကို နောက်ဆုတ်လိုက်တယ်။
မဆုတ်ခင် ကွက်လပ်ကျယ်ကို
သူဟာသေသေချာချာကြည့်ထားပြီးဖြစ်တယ်။
ဘာအနှောင့်အယှက်မှ မရှိပါ။
သူသတိမထားမိတာကား တစ်ဖက်လမ်းရဲ့ထောင့်ချိုးတစ်နေရာမှာ
အိမ်ရဲ့အရိပ်ကို ခိုပြီးမြင်းလှည်းတစ်စီး ရပ်ထားခြင်းဖြစ်တယ်။
မြင်းလှည်းပေါ်တွင် ၀က်အူချောင်းများ၊ ကျပ်တင်အသားများဖြင့်
ပြည့်ကျပ်နေတယ်။
ပိုင်ရှင်က ဖေါက်သည်များကို လိုက်ပို့ခြင်းဖြစ်တယ်။

ရှင်းတယ်ဆိုပြီး ဘင့်စ်ကားကို နောက်ဆုတ်လိုက်တယ်။
ရပ်ထားတဲ့မြင်းလှည်းဘက်
တည့်တည့်ကြီးလာနေတာကို မြင်တော့
မြင်းဟာ အလန့်တကြား ခုန်ပေါက်တော့တယ်။
လှည်းပေါ်က အစားအသောက်များအကုန်လုံး ပြန့်ကျဲကုန်တော့တာပေါ့။

ပြသာနာတက်ပြီဆိုတာကို သိလိုက်တာနဲ့
ဘင့်စ်ဟာ
ပိုင်ရှင်ကို တောင်းပန်ကာ
ဖုံအလူးလူးဖြစ်နေတဲ့ အစာများအားလုံးကို မိမိဝယ်ပါမယ့်လို့ပြောလိုက်တယ်။
ပိုင်ရှင်ကလည်း ကျေနပ်ဝမ်းသာစွာလက်ခံလိုက်တယ်။

ဒီအဖြစ်အပျက်နဲ့ပက်သက်ပြီး ဘင့်စ်က
မိတ်ဆွေများကို အောက်ပါအတိုင်း ပြောပြပါတယ်။



“ အဲဒါဖြစ်ပြီးတဲ့နောက်
ကျုပ် အေးအေးဆေးဆေးမနေရပါဘူးဗျာ၊

ကျုပ်ကို အဲဒီလူတွေ့တိုင်း

`ကျေးဇူးတင်လိုက်တာ၊
အဲဒီနေ့က ကျနော် အရောင်းအကောင်းဆုံးနေ့ပဲဗျာ´

ဆိုပြီး အတည်ပြောသလို၊နောက်သလိုနဲ့
ကျုပ်ကို ကလိနေတယ်ဗျာ၊
ကျုပ် သူ့ကို ဘုပြန်တောချင်တာ ပါးစပ်ကိုယားနေတာပဲ။
ကိုယ့်စိတ်ကိုယ် အင်မတန် ထိန်းထားရတယ်။
သူက ဒီမြို့မှာ ပိုက်ဆံအရှိဆုံးလူမဟုတ်လား၊
ကျနော့်ကားကို ၀ယ်နိုင်တာသူ တစ်ယောက်ပဲရှိတယ်။
ကျုပ်ရဲ့ပထမဆုံးသောကားကို သူ့ကိုပဲရောင်းရမယ်၊
အဲဒီနည်းနဲ့ သူ့ကို
ကလဲ့စားချေရမယ်ဗျို့ ”

“ ငယ်သူငယ်ချင်းအကြောင်း...”




တစ်နေ့သော် ရူမျှော်ခင်းပန်းချီဆရာ
`ဝေါ့လကော့´
အားမိမိအကြောင်းပြောပြရန်

မေတ္တာရပ်ခံရာ သူက ဒီလိုနောက်ကြောင်းပြန်ပြပါတယ်။

“ ကျနော့် မိဘတွေ အင်မတန်ဆင်းရဲခဲ့တယ်။
မိသားစုကို ထောက်ပံ့ဖို့လိုတဲ့အတွက်
ဆယ်တန်းအောင်တာနဲ့
ကျနော် အခွန်ပုလိပ်ရုံးမှာ ၀င်လုပ်ခဲ့ရတယ်။

အမှန်အတိုင်းပြောရရင် အလုပ်မှာ စိတ်မပါဘူး။
ဒါကြောင့် လုပ်သားကောင်းမဖြစ်ခဲ့ဘူး။
အဲဒီကြားထဲ အလုပ်ထဲစိတ်မပါတဲ့အပြင် တစ်ချိန်လုံးလေပဲ
ချွန်နေတဲ့ သူငယ်ချင်းကို အကူအညီပေးရသေးတယ်။ ´

`အဲဒီလေချွန်တဲ့ သူငယ်ချင်းဟာ ဘယ်သူလဲဟင် ´

လို့ နားထောင်နေ သူ
တစ်ဦးကမေးလိုက်ပါတယ်။


` ချိုင်ကော့စကီး (TCHAIKOVSKY: 1840-1893)ပေါ့။ '

တကယ့်လူပျင်း၊
တာဝန်အရ စာရင်းစာအုပ်မှာ ရေးမှတ်ရမယ့်အစား
လေပဲချွန်တဲ့အကောင်၊
အဲဒီနောက် အင်အားလျှော့တဲ့အထဲ
ကျနော်တို့နှစ်ယောက်စလုံး ပါသွားတယ်။
လေပဲချွန်တဲ့လူပျင်း
ဂီတတက္ကသိုလ်တက်ခွင့်ရသွားတယ်။

ကျနော်ကတော့ အိမ်နားက ပန်းချီကျောင်းဘက် ခဏခဏ
လမ်းလျှောက်ဖြစ်ရင်းနဲ့ စိတ်ကူးပေါက်တာနဲ့ဝင်လျှောက်လိုက်တာ
ကျောင်းတက်ခွင့်ရသွားပါလေရော´

(ချိုင်ကော့စကီးဂီတတက္ကသိုလ် ဆိုပြီး ဒီနေ့အထိ မော်စကိုမြို့မှာရှိတယ်။)

“ ကျေနပ်ပါတော့.....”





၁၇၂၇ ခုနှစ်တုန်းက
ပြင်သစ်စာရေးဆရာကြီး ဗော်လ်တိုင်းယားဟာ
လန်ဒန်ကို ရောက်လာခဲ့ပါတယ်။
အဲဒီအချိန်တုန်းက ပြင်သစ်ဆန့်ကျင်ရေးစိတ်ဓါတ်
အလွန်အားကောင်းနေချိန်ဖြစ်ပါတယ်။
တစ်နေ့တော့ လန်ဒန်မြို့အတွင်း လမ်းလျှောက်နေတုန်း
သူရဲ့အနားကို လူအုပ်ကြီးကပ်လာပြီး

“ အဲဒီ ပြင်သစ်ကို သတ်၊
ဒင်းကို ကြိုးဆွဲချသတ်၊´

ဆိုပြီးအော်ဟစ်သံတွေ တစ်လမ်းလုံး ဆူညံသွားတော့တယ်။
လူအုပ်ကြီးဘက် မျက်နှာမူလိုက်ပြီး
ဗော်လ်တိုင်းယားကပြောလိုက်တာကတော့ .....

“ အင်္ဂလန်သားများ ခင်ဗျာ...၊
ပြင်သစ်လူမျိုးဖြစ်နေတာကြောင့် ကျနော့်ကို ခင်ဗျားတို့
သတ်ချင်နေကြတယ်ဆိုတာကို ကျနော်သိပါတယ်။
တစ်ခုပဲပြောချင်ပါတယ်။
အင်္ဂလိပ်လူမျိုးအဖြစ်နဲ့ မွေးမလာအောင်
ကျနော့်ကို
ဘုရားသခင်က ဒဏ်ခတ်ခဲ့ပြီးဖြစ်ပါတယ်။
ဒါနဲ့တင် မလုံလောက်သေးဘူးလားခင်ဗျာ....”


မီးကိုရေနဲ့ငြိမ်းသတ်လိုက်သလို ဖြစ်သွားပါတယ်။
လူအုပ်ကြီးထံက
ဒေါသသံများပျောက်ကွယ်သွားပြီး
ကြိုဆိုနှုတ်ဆက်သံများပေါ်ထွက်လာပါတယ်။
ဒီတော့မှ
ဗော်လ်တိုင်းယားဟာလည်း သွားလိုရာ သွားနိုင်ပါတော့တယ်။

“ စီပွားရေးသမားဆိုတာ... ”



အင်္ဂလိပ် စာရေးဆရာကြီး
ဝေါ်လ်တာစကော့ (W.Scott: 1771-1832) ကို
သတင်းထောက်တစ်ဦးက...

“ အခုခေတ် စီးပွားရေးသမားတွေ
အကြောင်းကို ဘာကြောင့်မရေးပါသလဲ ”

လို့ မေးရာ ဒီလို ပြန်ဖြေပါတယ်။

“ အမြတ်ရဖို့လောက်သာစိတ်ကူးနေတဲ့ လူတွေမှာ
အထုပ္ပတ္ထိဆိုတာ မရှိပါဘူး။
သူတို့အကြောင်းကို စာတစ်ကြောင်းထဲနဲ့ ဖေါ်ပြလို့ရတယ်။

မွေးတဲ့နေ့နဲ့

သေတဲ့နေ့၊ ”

“ ကျန်းကျန်းမာမာ ပိန်စေတဲ့နည်း...”






သမားတော်ကြီး ဦးထွန်းခင်ကို
လူတစ်ယောက်ကမေးတယ်။

`ပိန်ဖို့အတွက်
ဘာလေ့ကျင့်ခန်းဟာ
အသင့်တော်ဆုံးလဲဟင်´

သမားတော်ကြီးဦးထွန်းခင်က...

` ခေါင်းကို
ဘယ်ကနေညာ၊

ညာကနေဘယ်
ကိုလှည့်တဲ့လေ့ကျင့်ခန်းလုပ်ပါ။ ´

`ဘယ်အချိန်မှာ လုပ်ရမှာလဲ´

` စားပါအုန်းလို့
ခင်ဗျားကို
တစ်ဦးဦးက
ဖိတ်ခေါ်တဲ့အခါတိုင်း လုပ်ပါ ´


လို့အကြံပေးလိုက်ပါတယ်။

ဝတဲ့လူအတွက်
အလွန်ကောင်းတဲ့အကြံ ဉာဏ်ဖြစ်ပါကြောင်း
လက်ဆင့်ကမ်းလိုက်ပါတယ်။

လက်တွေ့လုပ်ကြည့်မှ
အကျိုးတရားကို ခံစားရပါလိမ့်မယ်။


“ မြင့်သထက်မြင့်အောင်....”




အကြောင်းနှစ်ခုကြောင့်
လူတွေ
အထက်ကို တက်ကြတယ်။


တချို့က
ပိုပြီးကောင်းကောင်းမြင်ချင်လို့။


တချို့ကတော့
သူတို့ကို ကောင်းကောင်းမြင်စေချင်လို့။



ရွှေယုံလေး(s.y.l)


“အတူတူပါပဲကွယ်...”





တစ်ခါတုန်းက ဘုရားဖူးအဖွဲ့နဲ့ ပါလာတဲ့လူတစ်ယောက်က သူတော်စင်ရသေ့တစ်ပါးကိုတွေ့ပြီးမေးခွန်းတစ်ခုမေးကြည့်ပါတယ်။

“အရှင် ရသေ့ကြီးမှာ နောက်ထပ် အသက်ရှင်နေထိုင်ဖို့
တစ်ရက်သာကျန်တော့မယ်ဆိုရင်
အဲဒီနေ့ကို ဘယ်လိုများအသုံးချမှာလဲအရှင်ဘုရား”

သူတော်စင်ရသေ့ကြီးက ဖြူဖွေးနေတဲ့ သူ့ရဲ့မုတ်ဆိတ်များကို သပ်ရင်း

“အေးကွ၊ မနက်စောစောပိုင်းမှာတော့
ဘုရားရှိခိုးမယ်။
တရားရှုမှတ်မယ်။
ပြီးတဲ့အခါတော့ ရေနွေးကြမ်းနည်းနည်းသောက်မယ်။
ပြီးတဲ့အခါတော့ဥယျာဉ်ထဲက ပေါင်းပင်တွေကို သွားနှုတ်မယ်။
ပြီးတော့ အိမ်နီးချင်းတွေဆီသွားပြီး တရားဆွေးနွေးမယ်။
ပြီးတော့ ခဏလောက်အိပ်မယ်။
ပြီးတော့....”

ဘုရားဖူးက စကားဖြတ်ပြောပါတယ်။

“ခဏလေးခင်ဗျာ..”

အခု ရသေ့ကြီးပြောနေတာတွေက
နေ့စဉ်နေ့တိုင်းလုပ်နေကြ အလုပ်တွေပဲ မဟုတ်လားခင်ဗျာ”

လို့ မေးလိုက်ပါတယ်။

“အေး ဟုတ်တာပေါ့။
ဘဝရဲ့နောက်ဆုံးနေ့က အခြားနေ့တွေနဲ့
ဘာကြောင့်များကွာခြားရမှာလဲ။
ကောင်းတဲ့အလုပ်သာ လုပ်နေမယ်ဆိုရင်
အတူတူပဲ ဖြစ်သင့်တာပေါ့ကွယ်”

လို့ ရသေ့ကြီးက တည်ငြိမ်အေးဆေးစွာ ပြန်ပြောလိုက်ပါတယ်။


“ကိုယ့်ကို နိုင်တဲ့လူ...”




အယ်လီဇဘက် ကင်နီဟာ
ထင်ပေါ်ကျော်ကြားတဲ့ သြစတြေးလျသူ သူနာပြုတစ်ဦးဖြစ်တယ်။
သူမဟာ ပိုလီယိုရောဂါကို ကင်နီနည်းဖြင့် ကုသပေးမှုကို
စတင်တီထွင်ခဲ့သူ ဖြစ်ပါတယ်။
သူမဟာ အစဉ်အမြဲ ရွှင်ရွှင်လန်းလန်းနေတတ်တဲ့အတွက်
မိတ်ဆွေတစ်ဦးက

`ခင်ဗျာဟာ မွေးကတည်းက အေးအေးချမ်းချမ်း ပြုံးနေခဲ့တယ်ထင်တယ်´

လို့ ပြောခဲ့ဖူးပါတယ်။

အဲဒီအခါ ကင်နီက

`အိုး ...အဲဒီလို မဟုတ်ပါဘူးရှင်...´

လို့ ရယ်မောပြီး ပြန်ပြောတတ်ပါတယ်။

`ကျမ ငယ်ငယ်တုန်းက သိပ်ဒေါသကြီးပြီး စိတ်တိုတတ်ပါတယ်။
တစ်နေ့မှာ ဘာမဟုတ်တဲ့ ကိစ္စတစ်ခုအတွက်
သူငယ်ချင်းတစ်ဦးကို ဒေါသထွက်ခဲ့ပါတယ်။
အဲဒီတော့ ကျမရဲ့အမေက ကျမကို အကြံပေးစကားပြောခဲ့ပါတယ်။
အဲဒီတုန်းက အမေပြောခဲ့တဲ့စကားဟာ ကျမစိတ်ထဲမှာ စွဲကျန်နေပါတယ်။
ဘယ်တော့မဆို ကျမအတွက် လမ်းညွှန်လိုဖြစ်နေပါတယ်။

မေမေပြောတဲ့စကားကတော့ ....

`သမီး...
သမီးကို ဒေါသထွက်အောင်လုပ်နိုင်သူဟာ
သမီးကို နိုင်တဲ့လူပဲ..´

လို့။




“ လူသားဆိုတာ....”




လူသားဆိုတာ
ကိုယ်ပြောင်းလဲနိုင်စွမ်းမရှိတာတွေကို
တည်ငြိမ်အေးချမ်းစွာ
လက်ခံနိုင်စွမ်းရှိရန်လိုပါတယ်။

ကိုယ်တိုင် ပြောင်းလဲနိုင်တာတွေကိုလည်း
ပြောင်းလဲယူနိုင်တဲ့ အစွမ်းသတ္တိရှိဖို့လိုပါတယ်။

အဲဒီခြားနားချက်တွေကို
ကွဲကွဲပြားပြား သိနိုင်စွမ်းလည်းရှိရပါမယ်။


(Christopher Notes)

“ လမ်းဖယ်ပေးလိုက်ပါ...”




တစ်ရုံးတည်းက လုပ်ဖေါ်ကိုင်ဖက်တစ်ယောက်နဲ့
အမြဲတမ်းအငြင်းပွားလေ့ရှိတဲ့ အရာရှိငယ်တစ်ဦးကို
အမေရိကန် သမ္မတ လင်ကွန်း က
အောက်ပါအတိုင်း ဆုံးမ စကားပြောတယ်။

“ ဘ၀မှာ အမှန်တကယ်အောင်မြင်မှုရချင်တယ်ဆိုရင်
ကိုယ့်စိတ်ကို ထိန်းသိမ်းတတ်ရတယ်။
ပြီးတော့ ကိုယ်ရေးကိုယ်တာကိစ္စနဲ့ ပတ်သက်လာရင်
ဘယ်တော့မှ အချိန်ကုန်ခံပြီး အငြင်းမပွားပါနဲ့။

ကြီးမားတဲ့ကိစ္စတွေမှာ သူရောကိုယ်ပါ
သူ့အတိုင်းအတာနဲ့သူမှန်နေကြတယ်ဆိုရင်
ကိုယ်ကအလျှော့ပေးလိုက်ပါ။

သေးငယ်တဲ့ကိစ္စဆိုရင် ကိုယ်ပဲမှန်နေဦးတော့ ၊
အလျှော့ပေးလိုက်ပါ။

အကိုက်မခံချင်ရင်ခွေးကို လမ်းဖယ်ပေးရတယ်။

ခွေးကိုက်ခံရပြီးမှ ခွေးကို သတ်လိုက်ဦးတော့
ခွေးကိုက်တဲ့ ဒဏ်ရာကတော့ ကျန်နေလိမ့်မယ်။

တော်တော်နဲ့ ကုလို့ပျောက်မှာ မဟုတ်ဘူး။ ”

“ ငါးတွေနဲ့ စကားပြောမှာမှမဟုတ်တာ ...”



ကိုတင်ဝင်းဆိုသူ ဟာအလွန်စိတ်တိုတတ်သူဖြစ်တယ်။

စကားတစ်ခွန်းကို နှစ်ခါပြောရရင် မကြိုက်တော့ပါ။

ဘုတောပြီး။

သူဟာ လူပျိုကြီးလည်းဖြစ်တယ်။

မိသားစုများစွာကို လုပ်ကျွေးနေသူလည်းဖြစ်တယ်။

တစ်နေ့ နယ်ကရောက်လာတဲ့ ငယ်သူငယ်ချင်းကို

ထမင်းကျွေးချင်တယ်ဆိုပြီး ဈေးသွားဝယ်တယ်။


ကိုတင်ဝင်းက

ငါးသေတ္တာ သုံးဘူးပေးပါ.. ”


အရောင်းဈေးသည်အမျိုးသမီးက

တရုပ်၊ ထိုင်း၊ အိန္ဒိယ၊ဘယ်နိုင်ငံက ထွက်တာယူမလဲ

လို့ မေးပါတယ်။


ကိုတင်ဝင်းပြန်ပြောလိုက်တာက

အထဲက ငါးနဲ့ ကျနော်စကားပြောမှာမှ မဟုတ်တာ၊ ကြိုက်တာသာပေးဗျာ

လို့ ပြန်ပြောလိုက်ပါတယ်။


ဈေးသည်အမျိုးသမီးက ပါးစပ်လေးဟပြီး

နီးတဲ့ ငါးသေတ္တာကို

ခပ်မြန်မြန်ယူပေးလိုက်ပါတော့တယ်။

“ ချွေတာလွန်းတဲ့ လူ....”



ကိုအေး အလုပ်မှ ပြန်လာတယ်။

ရောက်ရောက်ချင်း မီးဖိုချောင်ဖက်ကိုသွားပြီး

ရေခဲသေတ္တာကို ဖွင့်တယ်။

ချက်ချင်းဆောင့်ပိတ်လိုက်တယ်။

အဲဒီနောက် မိန်းမဖြစ်သူ မနန်းကို

ဘာမပြော၊ညာမပြောနဲ့လက်သီးစာကျွေးလိုက်တယ်။

ရုတ်တရက်ဆိုတော့

မိန်းမဖြစ်သူ မနန်းက တုန်လှုပ်ချောက်ချားသွားတယ်။

ဘာကြောင့်ရိုက်ပါလိမ့်လို့ စဉ်းစားတယ်။

ပြန်လည်မမေးရဲပါ။


အင်းရေခဲသေတ္တာထဲမှာ စားစရာနည်းနေလို့ဖြစ်မှာပါ


နောက်တစ်နေ့ ကိုအေး အလုပ်သွားသောအခါ

မနန်းကဈေးသို့ပြေးပြီး ဖွယ်ဖွယ်ရာရာတွေ ဝယ်တာပေါ့။

ရေခဲသေတ္တာတစ်ခုလုံး စားစရာတွေနဲ့ ပြည့်သွားတော့တယ်။

ညနေရောက်တဲ့အခါ ကိုအေး

အလုပ်မှ ပြန်လာတယ်။

မီးဖိုချောင်ထဲကို တန်းဝင်သွားပြီး ရေခဲသေတ္တာကို ဖွင့်တယ်။

ချက်ချင်းပိတ်ပြီး မနန်းကို လက်သီးစာကျွေးလိုက်ပြန်တယ်။

မနန်းက ရှိုက်ကြီးတငင် ငိုရင်း မနန်းက စဉ်းစားရပြန်တယ်။


သူကြိုက်တတ်တဲ့ ဘီယာနဲ့ အရက်မရှိလို့များလား

မနက်ဖြန် အကို ရုံးသွားတုန်း ဘီယာနဲ့ အရက်တွေ ဝယ်ထည့်လိုက်မယ်။


နောက်တစ်နေ့ ကိုအေး ရုံးကို ထွက်သွားသွားချင်း

ဘီယာနဲ့အရက်တွေကို ပြေးဝယ်လိုက်တယ်။

ပြီးတော့ ရေခဲသေတ္တာထဲကို ထည့်လိုက်တယ်။

ဘီယာအေးအေးလေးသောက်လိုက်ရရင် သူကို ရန်မရှာတန်ကောင်းပါရဲ့

လို့တွေးနေမိတယ်။


ညနေဖက် ကိုအေး ပြန်လာတယ်။

ထုံးစံအတိုင်း မီးဖိုချောင်ဖက် သွားပြီး ရေခဲသေတ္တာကို ဖွင့်တယ်။

မနန်းကတော့ ရင်တမမနဲ့ စောင့်နေတယ်။

ရေခဲသေတ္တာဆောင့်ပိတ်သံကြားလိုက်ရတယ်။

ကိုအေး အခန်းထဲဝင်လာပြီး မနန်းကို လက်သီးစာကျွေးပြန်တယ်။

ဒီတစ်ကြိမ်တော့ မနန်းက သီးမခံနိုင်တော့ပါ။


ရှင်ကျမကို ဘာဖြစ်လို့ ရိုက်ရတာလဲ…”


လို့ ငိုရင်းနဲ့မေးလိုက်တယ်။


ကိုအေးပြန်ပြောတာကတော့

မင်း ရေခဲသေတ္တာထဲက မီးကို ဘယ်တော့မှ ပိတ်တယ်မရှိဘူး။

ငါ ဘယ်လောက်ရှာရှာ၊ တိုးတက်မလာတာဟာမင်းကြောင့်ပဲ။

လို့ ဒေါသတကြီးနဲ့ အော်ပြောလိုက်ပါတယ်။


မနန်း ဘာပြန်ပြောရမှန်းမသိ။

အံသြသွားသောကြောင့်

ငိုဖို့ပင်မေ့သွားပါတော့တယ်။

လူသားတိုင်း ကျန်းမာကြပါစေ... လူသားတိုင်း ချမ်းသာကြပါစေ...
ခန္ဓာကိုယ်ကို လေ့ကျင့်ခန်းနဲ့စောင့်ရှောက်ပါ။ စိတ်ကို စာဖတ်ခြင်းနဲ့စောင့်ရှောက်ပါ။...

နူတ်ဆက်စကားလေးများ.....

မြန်မာတို့ရဲ့ ဘလော့ဂ်များ...

picoodle.com