Showing posts with label ကိုယ်ရေး. Show all posts
Showing posts with label ကိုယ်ရေး. Show all posts

Friday, December 23, 2011

“အဘသို့အလွမ်းပြေ…”


တစ်ချိန်တုန်းက

ကျနော်တို့ရဲ့ရန်ကုန်ပြည်သူ့ဆေးရုံကြီး(လမ်းမတော်မြို့နယ်)ဟာ

အရှေ့တောင်အာရှမှာ အကောင်းဆုံးဆေးရုံကြီးဖြစ်ခဲ့ဖူးပါတယ်။

အခုတော့ ငွေကြေးတတ်နိုင်သူတွေက ဖက်ရှင်တစ်ခုအနေနဲ့ပြည်ပကိုထွက်ပြီး

ဆေးကုနေကြသောကြောင့်

ရန်ကုန်ပြည်သူ့ဆေးရုံကြီးဟာ ငုတ်တုတ်မေ့နေပြီ။

ကျနော်တို့ဆေးကျောင်း၊နောက်ဆုံးနှစ်အပိုင်း(က/ခ)ကို

ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှာလက်တွေ့လုပ်ဆောင်ရပါတယ်။

ကျနော်တို့ဆေးကျောင်းသားဘဝတုန်းကစာအလွန်ဖတ်ရပါတယ်။

လူငယ်များဖြစ်တဲ့အတွက် ပျော်ရွှင်ချင်တယ်။

တက္ကသိုလ်ပေါင်းစုံကိုလည်ပတ်ချင်တယ်။

ဒါပေမယ့် စာတွေများလွန်းတဲ့အတွက်မလည်ပတ်နိုင်တာကများပါတယ်။

နောက်ဆုံးနှစ်အပိုင်း(ခ)ကိုရောက်လာတော့ပိုဆိုးလာပါတယ်။

စာတွေဖတ်ရလွန်းသောကြောင့်အလိုလိုစိတ်ရှုတ်ထွေးရပါတယ်။

စည်းကမ်းကြီးတဲ့ဆရာနဲ့တွေ့ရင်စိတ်ဖိစီးမှုပိုဆိုးပါတယ်။

စည်းကမ်းကြီးတဲ့ဆရာတွေထဲတွင်

ဆေးပညာဋ္ဌာနမှူးကတော့အဆိုးဆုံးဟုထင်မိပါတယ်။

ကျနော်တို့က နောက်ကွယ်တွင် "အဘ" လို့ခေါ်ပါတယ်။

"အဘ" ဟာ သုံးဆယ်မြို့သားဖြစ်ပါတယ်။

ဆရာတွေကိုကြောက်ရတဲ့အတွက်ကြောင့်

စာမေးပွဲဖြေခါနီးတွင်ဘုရားအကြိမ်ကြိမ်ရှိခိုးရပါတယ်။

သဘောကောင်းသောဆရာနဲ့တွေ့ရင် အစစအရာရာအစဉ်ပြေတတ်ပါတယ်။

စည်းကမ်းကြီးသောဆရာနဲ့တွေ့ရင်တော့ ချွေးပြန်နေရပြီ။

တစ်ရံတစ်ခါ စာမေးပွဲအအောင်၊အရှုံးဟာဆရာပေါ်မူတည်နေတတ်ပါတယ်။

ကျောင်းသားအခြေအနေပေါ်မူတည်ပြီး ရအောင်မေးတတ်သောဆရာနဲ့တွေ့ရင်တော့

အောင်ပြီသာမှတ်ပေတော့။

တစ်ရံတစ်ခါတွင် ဆရာက ကျောင်းသားကိုသူလိုချင်ရာကိုဆွဲခေါ်ပြီဆိုရင်

သာမန်ကျောင်းသားများအဖို့ မလိုက်နိုင်တော့ပါ။

ရှုံးဖို့ရာခိုင်နှုန်းများသွားပြီ။

ကျနော်တို့ကြောက်တာက နှုတ်ဖြေစာမေးပွဲဖြစ်တယ်။

စည်းကမ်းကြီးတဲ့အဘနဲ့ကျသူတွေက မဖြေခင်ကတည်းက

မျက်နှာရှုံ့မဲ့နေပြီ။ချွေးပြန်နေပြီ။

အဘနဲ့နှုတ်ဖြေကျတဲ့ အောင်နိုင် စာမေးပွဲအခန်းထဲကထွက်လာတယ်။

မျက်နှာကတော့ ရှုံ့မဲ့နေတဲ့အတွက် သူငယ်ချင်းများကဝိုင်းမေးကြတယ်။

“ ဟေ့…ဘဲနဲ့လဲ၊ ဖြေနိုင်လား”

အောင်နိုင်က ခေါင်းခါပြပြီးပြောလိုက်တာက

“တောက်…သုံးဆယ်သားမို့လို့ပေါ့ကွာ၊

တစ်ပိဿာ ဆိုရင်ဒီထက်ပိုခက်သွားနိုင်တယ်”

Tuesday, November 29, 2011

" ကျောက်သမားတွေကြားထဲက သူဋ္ဌေးတစ်ယောက်..."


Bold



ကျနော် ဖါးကန့်မြို့မှာ နေစဉ်တုန်းက

ကျောက်သမားတွေအတွက် မွန်းတည့်ချိန်လို့ပြောရမယ်ထင်ပါတယ်။

ရေမဆေးကျောက်လို့ခေါ်တဲ့ လမ်းဘေးကျောက်တစ်လုံးကို ကောက်ရလို့

ကျောက်အောင်ရင်တောင် သူဋ္ဌေးဖြစ်နိုင်တဲ့အချိန်ပါ။

ကျနော်က ဖါးကန့်နဲ့ခြောက်မိုင်ကျော်ကျော်ဝေးတဲ့ဆိုင်းတောင်မှာ

ဆေးခန်းဖွင့်ပါတယ်။

ဆေးခန်းက အတွင်းလူနာလည်းလက်ခံကုသပါတယ်။

ဓာတ်ခွဲခန်းလည်းရှိပါတယ်။

ဆေးခန်းအကူ ခြောက်ယောက်၊ခုနှစ်ယောက်လောက်နဲ့အလုပ်ရှုတ်လှပါတယ်။

လူနာတွေက မျိုးစုံပါတယ်။

အဓိက ကုသရတဲ့လူနာကတော့

ငှက်ရောဂါနဲ့ကြက်ရောဂါတွေပါ။

( ကြက်ငှက်တုတ်ကွေးမဟုတ်ပါ )

ငှက်ရောဂါကတော့ ငှက်ဖျားရောဂါကိုပြောတာပါ။

ကြက်ရောဂါကတော့ ဖိနပ်စီးတဲ့ ကြက်တွေနဲ့ပတ်သက်ပြီး

ဖြစ်ပေါ်လာတဲ့ ကာလသားရောဂါကိုပြောတာပါ။

ဒီရောဂါနှစ်မျိုးကို ကျွမ်းကျင်တဲ့ဆရာဝန်တွေဟာ

ဖါးကန့်မှာ အောင်မြင်တဲ့ဆရာဝန်ဖြစ်ဖို့

မခက်ခဲတော့ပါဘူး။

တတိယအလာများတဲ့ရောဂါတစ်မျိုးကတော့

ဘိန်းဖြတ်တဲ့လူနာတွေပါ။

ဒီဒေသက ငွေအလွန်ပေါတဲ့နေရာဖြစ်ပါတယ်။

ချမ်းသာတဲ့သူကိုလောပန်းလို့ခေါ်ပါတယ်။

ဘိန်းမစားတဲ့လောပန်းဆိုတာ မရှိသလောက်ရှားပါးလှပါတယ်။

ရောက်လာတဲ့လူတွေဟာ ကျောက်စိမ်းကိုပဲအားခဲပြီး

အဓိကလုပ်နေချိန်မှာ ကျောက်စိမ်းမဟုတ်ဘဲ

လ္ဘက်ရည်ဆိုင်ဖွင့်ပြီး ချမ်းသာတဲ့လူတစ်ယောက်အကြောင်းကိုပြောချင်ပါတယ်။

သူ့လ္ဘက်ရည်ဆိုင်က ရွာထိပ်ချောင်းနဘေးမှာပါ။

စိန်လ္ဘက်ရည်ဆိုင်ပါ။

ကျနော်က သူ့လ္ဘက်ရည်ကိုလည်းကြိုက်တယ်။

ပိုပြီးကြိုက်မိတာက ပေါက်စီပါ။

စားဖူးသမျှမှာတော့ထူးထူးခြားခြားအရသာရှိလှပါတယ်။

တော်တော်လည်းနာမည်ကြီးပါတယ်။

နံနက် (၉:၀၀နာရီ)ထိုးလို့သူ့ဆိုင်ကိုရောက်ရင်

ဘယ်တော့မှ ပေါက်စီမရှိတော့ပါဘူး။

ကျနော်ကလည်း ညဖက်အတွင်းလူနာတွေနဲ့အလုပ်ရှုတ်တာများတာမို့

နံက်စောစောမထနိုင်တာများတယ်။

ဆိုင်ရောက်ရင် (၉:၀၀နာရီ) ထိုးတာများပါတယ်။

ပေါက်စီကိုမစားရတာများတယ်။

ဒါကြောင့် ကိုစိန်ကိုမေးကြည့်ဖြစ်ပါတယ်။

အမြဲလာနေတဲ့လူဖြစ်တာကြောင့် ကိုစိန်နဲ့ခင်မင်ရင်းနှီးနေပါတယ်။

" ကိုစိန်...ခင်ဗျားပေါက်စီက နာမည်ကြီးနေတာပဲ။

များများလုပ်ပေါ့။

ကျနော်က ပေါက်စီစားချင်လို့လာတယ်။

ဘယ်တော့မဆို ပေါက်စီကုန်နေတာကများတယ်။"

လို့ပြောမိပါတယ်။

ကိုစိန်ပြန်ပြောတာက...

" ဆရာ၊ အစားအသောက်လုပ်ငန်းဟာ အားလုံးကုန်ရင်အမြတ်ဟာ

၅၀% အထက်မှာ သေချာပေါက်ကျန်တယ်။

ဒါပေမယ့် ကျန်ရင် ကျန်သလောက်ရှုံးတယ်၊

ကျန်တဲ့စားသောက်ကုန်မှာ အရင်းအနှီးတွေရှိနေတယ်လေ။

မကျန်အောင်ချိန်ဆရတာကပညာတစ်ခုလိုပါပဲ။

အချိန်အဆအရမ်းအရေးကြီးပါတယ်။

နောက်တစ်ခုက

လူရဲ့သဘာဝကိုက လိုချင်တိုင်းရရင် မလိုချင်တတ်ဘူး။

ကုန်သွားတဲ့ အစားအသောက်ကို ပိုစားသောက်ချင်စိတ်ဖြစ်တတ်တာသဘာဝပဲလေ။

ကျနော့်ဆိုင်က ကျန်တဲ့လ္ဘက်ရည်ဆိုင်နဲ့မတူတဲ့အချက်တွေ အများကြီးရှိတယ်။

ဆရာသတိထားရင် သိနိုင်ပါတယ်"

ဆိုင်ပိုင်ရှင်နဲ့ရင်းနှီးနေတဲ့အတွက် ပွင့်ပွင့်လင်းလင်းပြောပြပါတယ်။

သူ့စကားက မှတ်သားစရာပါ။

ဆိုင်ရှင်ဖြစ်တဲ့ကိုစိန်ဟာ ကောင်တာမှာသာ အမြဲထိုင်နေသူမဟုတ်ပါ။

လူများလာပြီဆိုရင် ကိုယ်တိုင်စားပွဲထိုးနေရာကိုဆင်းပြီး

စားပွဲထိုးများကို ကြီးကြပ်နေတတ်ပါတယ်။

ဝန်ဆောင်မှုလည်းအလွန်ကောင်းသူဖြစ်ပါတယ်။

သူ့ဆိုင်က နံက် ၄-နာရီမှာစဖွင့်ပါတယ်။

ညနေ၅-နာရီဆိုရင် အမြဲတမ်းပိတ်တတ်ပါတယ်။

အခြားဆိုင်များက ည၁၁-၁၂-နာရီအထိဖွင့်တတ်ပါတယ်။

မိုးတွင်းကာလဆိုရင် ဆိုင်ကိုသုံးလတိတိပိတ်ထားလိုက်ပါတယ်။

ထိုအချိန်တွင် သူ့တို့ရဲ့နေရပ်ဖြစ်တဲ့ဟိုပင်မြို့ကိုပြန်နေပါတယ်။

ဆိုင်ကိုပိတ်ထားပေမယ့် အလုပ်သမားများကို ဆိုင်စောင့်ထားခဲ့တယ်။

အလုပ်သမားများကို လခအပြည့်ပေးထားတယ်။

ဆိုင်ပိတ်ထားချိန်တွင် သူ့ဖောက်သည်များဟာ အခြားဆိုင်များကို

သွားကြပေမယ့် သူ့ဆိုင်ပြန်ဖွင့်တာနဲ့

သူ့ဖောက်သည်အားလုံးပြန်ရောက်လာတတ်တာကို

ဆိုင်ကိုကြည့်ခြင်းအားဖြင့်သိနိုင်ပါတယ်။

ဆိုင်က လူအမြဲတမ်းပြည့်နေပါတယ်။

ဖားကန့်၊ဆိုင်းတောင်ပတ်ဝန်ကျင်မှာတော့

စိန်လ္ဘက်ရည်ဆိုင်ဟာ အကောင်းဆုံးနဲ့စားသုံးသူအများဆုံးဆိုင်ဖြစ်နေပါတယ်။

မူလက ဆိုင်ခန်းငှားက နေ အခုဆိုရင် ဆိုင်ပိုင်ဖြစ်နေပြီ။

အိမ်ပိုင်ဖြစ်နေပြီ။

ကျောက်ကုန်သည်တွေ ချမ်းသာဖို့မသေချာချိန်တွင်

ကိုစိန်ကတော့ချမ်းသာနေပါပြီ။

ဒေသအခေါ်နဲ့ပြောရရင်

ကိုစိန်က လ္ဘက်ရည်ဆိုင်ရောင်းပြီး

လောပန်းဖြစ်နေပါပြီ။


Friday, September 16, 2011

“ကျနော် ဆေးကျောင်းသား…”


မြန်မာနိုင်ငံက မထွက်ခွာခင်က ကျနော်က ဆရာဝန်၊

အသက်ကြီးမှ ဝက်သက်ပေါက်သလိုပါပဲ။

အခံရခက်လို့လေ။

လူတကာတွေ နိုင်ငံခြားသွားချင်တဲ့ရောဂါထတော့

ကျနော့်မိန်းမလည်း ပါတယ်။

ကျနော်ကံပဲကောင်းတာလား၊

ဒါမှမဟုတ်

ကံပဲဆိုးတာလားမပြောတတ်ပါ။

နိုင်ငံခြားသွားဖို့အကြောင်းတွေပေါ်လာပါတယ်။

သွားရမယ့်နိုင်ငံက အမေရိကန်နိုင်ငံ။

ကျနော်က မသွားချင်ပါ။

အင်္ဂလိပ်စကားပြော မကျွမ်းကျင်တာလည်းပါတယ်။

အသက်အရွယ်ကြောင့်လည်းပါမယ်ထင်ပါတယ်။

အသက်ကြီးတော့ အစစအရာရာကြောက်တတ်လာပါတယ်။

အခွင့်အရေးကရလာပါတယ်။

အဲဒါကြောင့် ကျနော်ရဲ့ချစ်လှစွာတဲ့မိန်းမက

ကျနော်မလိုက်လည်း သူသွားမှာပဲလို့စိန်ခေါ်လာတာကြောင့်

ကျနော်မှာ သူ့ကိုစိတ်မချတာနဲ့

ကြောက်ကြောက်နဲ့အမေရိကန်ကိုရောက်လာခဲ့ပါတယ်။

မရောက်ဖူးတဲ့နေရာကိုရောက်လာတာမို့

အစမှာတော့ ပျော်စရာကောင်းသလိုဖြစ်လိုက်ပါသေးတယ်။

မိန်းမရဲ့အမျိုးအိမ်မှာ ယာယီတည်းခိုတော့

အရင်ဆုံးသင်ခန်းစာကတော့ ထမင်းစားပြီးရင်

ကိုယ့်ပန်းကန်ကိုယ်ဆေးရပါတယ်။

အမေအိမ်မှာနေစဉ်တုန်းက စာကျက်ရတာမို့ ဘာမှမလုပ်ရပါ။

မိန်းမရလာပြန်တော့ ဆေးကုနေတာမို့ ဘာမှ မလုပ်ရပါ။

အမေရိကန်မှာက ကိုယ့်အားကိုယ်ကိုးရတဲ့နိုင်ငံဖြစ်တာမို့

လူတိုင်းကိုယ်စီ အလုပ်ကိုယ်စီရှိကြတယ်။

ဘယ်သူမှမအားကြပါ။

ကိုယ့်အလုပ်ကိုယ်လုပ်ရတယ်ဆိုပြီး

ပထမဆုံးသင်ခန်းစာက ပန်းကန်ဆေး၊

မိန်းမက ကျမဆေးပေးနေကျမို့ ဆေးပေးပါ့မယ်ဆိုလည်း

သူ့အမျိုးတွေက လက်မခံပါ။

မဆေးဖူးတော့ မဆေးတတ်ပါ။

မဆေးတတ်တော့ မစင်ပါ။

မစင်တော့လည်း ပြောပြန်ပါတယ်။

ရေသုံးများတော့လည်း ရေတန်ဖိုးကြီးကြောင်းပညာပေးပြန်ပါတယ်။

နောက်သင်ခန်းစာကတော့ ရေချိုးခန်းဆေးကြောရပါတယ်။

ရေချိုးပြီးတိုင်းရေချိုးအတွင်း၊အပြင်ကို ဆေးကြောသန့်စင်ရပါတယ်။

ပြီးတော့ အဝတ်ခြောက်တစ်ခုနဲ့သေသေချာချာသုတ်ရပါတယ်။

နောက်သင်ခန်းစာကတော့

ဘေစင်လို့ခေါ်တဲ့မျက်နှာသစ်တဲ့အခါအသုံးပြုတဲ့နေရာကို ဆေးကြောရပါတယ်။

အသုံးပြုပြီးတိုင်း သေသေချာချာ ဆေးကြောပြီး

အဝတ်ခြောက်နဲ့သေသေချာချာသုတ်ရပါတယ်။

နောက်တစ်ခုကတော့ အဝတ်လျှော်ရပါတယ်။

မိန်းမက

မြန်မာပြည်မှာတော့ သူကိုယ်တိုင်လုပ်ပေးနေတာမို့သူလုပ်တာက

ပိုကောင်းကြောင်းပြောပေမယ့် သူ့အမျိုးတွေက လက်မခံကြပါ။

ကျနော့်ကိုပုံစံသွင်းပါတယ်။

ကျနော်မတတ်နိုင်ပါ။

အဲဒီပုံစံအတိုင်းနေရပါတယ်။

မိန်းမစိတ်ဆင်းရဲမှာစိုးတာကြောင့် မလုပ်ဖူးပေမယ့်လုပ်ရပါတယ်။

ဒါကြောင့် ကျနော်ဟာ အမေရိကန်မှာ အဆေးအကြောတွေကို

အဓိကလုပ်နေရမို့ဆေးကျောင်းတက်နေတယ်လို့ခံစားမိပါကြောင်း၊

တင်ပြအပ်ပါတယ်။

++++++++++++++++++++++++++++++++

ကျနော်တို့ညီအကိုမောင်နှမတစ်တွေ အရွယ်ရောက်လာတဲ့အခါ

တစ်နေ့မှာတော့ အမေက ထမင်းဝိုင်းမှာ လူစုံတုန်း

ညီအကို မောင်နှမတွေအားလုံးကို

အမေက စကားပြောပါတယ်။

" အိမ်ထောင်ပြုတယ်ဆိုတာက တစ်အိုးတစ်အိမ်ထူထောင်တာမို့

ကိုယ့်အားကိုယ်ကိုးနိုင်မှ ယူပါ။

တစ်ယောက်ယောက်ကို မိဘထက် ပိုပြီးချစ်လို့

အိမ်ထောင်ပြုလိုက်တာလို့နားလည်ပါတယ်။

သားတို့၊သမီးတို့ရဲ့အိမ်ထောင်ရေးကို ကိုယ့်စိတ်တိုင်းကျ ရွေးချယ်နိုင်တယ်။

ဘယ်သူပဲ အိမ်ထောင်ပြုပြု

အိမ်ထောင်ပြုပြီးတာနဲ့ အမေ့အိမ်က ထွက်သွားရလိမ့်မယ်လို့ ကြိုတင်ပြောထားလိုက်တယ်။

အိမ်ထောင်ပြုပြီးဆိုတာနဲ့ မိဘအိမ်မှာရယ်လို့မဟုတ်ပါဘူး။

ဘယ်အမျိုးအိမ်မှာမှ မနေပဲ

ကိုယ့်အိမ်ထောင်ကို ကိုယ်ပိုင်ပြုစုပျိုးထောင်တာက

အကောင်းဆုံးဖြစ်ပါလိမ့်မယ်လို့ပြောချင်ပါတယ်။

အတူတူပူးပေါင်းပြီးနေရင် အပူဆိုတာမျိုးကလည်း ကူးစက်တတ်တာမို့

သူ့အပူကိုယ့်ဆီ ကူးတတ်သလို ကိုယ့်အပူလည်း သူ့ဆီကို ကူးစက်တတ်ပါတယ်။

အဲဒီတော့ အမုန်းနဲ့လမ်းခွဲရတတ်တယ်"

အမေ့စကားကို နားမထောင်မိတာကြောင့်

ခံစားရတဲ့ဒုက္ခကကြီးမားလွန်းလှပါတယ်။

သားမှားပါတယ်အမေ။



Monday, August 29, 2011

" အလွန်ခေတ်စားတဲ့ စတိုင်လ်တစ်မျိုး..."


တာချီလိတ်မြို့မှာနေတုန်းက

ဆေးခန်းရဲ့ဘေးနားအခန်းက နှစ်ကောင်ခွေးမွေးထားတယ်။

တစ်ကောင်က တုတ်ကြီး၊

နောက်တစ်ကောင်က ဗိုလ်နီ၊

ဘာကြောင့်ဒီနာမည်ကိုပေးထားတဲ့အကြောင်းကိုတော့ မမေးမိပါ။

အကြီးကောင်က တုတ်ကြီးဖြစ်ပြီး၊

အနီရောင်ရှိတဲ့အကောင်ကို ဗိုလ်နီလို့ပေးထားမယ်လို့ယူဆရတယ်။

ကံဆိုးချင်တော့ သူတို့ကို မွေးထားတဲ့ပိုင်ရှင် အမျိုးသမီးဟာ

ဒီအိမ်ရောက်ပြီးမကြာခင်မှာပင် လေဖြတ်ပါတော့တယ်။

သွေးတိုးရောဂါရှိနေတယ်။

ဝက်သားဟင်းကို မစားရမနေနိုင်လို့လေဖြတ်တာလို့ပြောတယ်။

ဝက်သားကြောင့် တိုက်ရိုက်လေဖြတ်တာလို့တော့ မထင်ပါဘူး။

အစားအသောက်မဆင်ချဉ်လို့လေဖြတ်တာလို့ထင်မိပါတယ်။

သူမလေဖြတ်တော့ ဟိုနှစ်ကောင်ကို ထမင်းကျွေးမယ့်သူမရှိတော့ပါ။

အိမ်က မိန်းမကလည်း သဒ္ဓါကောင်းတော့

သူတို့ကို ထမင်းကျွေးသူပေါ်လာပါတော့တယ်။

စောစောပိုင်းကတော့ နေ့လည်စာစားတိုင်း ထမင်းတစ်ဝက်ကိုစားပြီး၊

ကျန်တစ်ဝက်ကို သူတို့အတွက်အမြဲချန်ထားဖြစ်တယ်။

နှစ်ယောက်က တစ်ဝက်စီသာစားတော့ နှစ်ကောင်အတွက် လုံလောက်နေပါတော့တယ်။

ကျနော်တို့က တစ်နေ့ကို ပုံမှန်တစ်နပ်သာစားဖြစ်ပါတယ်။

ကျန်းမာရေးအတွက် အစားအသောက်ကိုဆင်ချဉ်တဲ့သဘောဖြစ်ပါတယ်။

ဆရာတစ်ဦးကပြောပါတယ်။

ရောဂါတွေအားလုံးရဲ့ ၉၀%ဟာ အစားအသောက်ကြောင့်ဖြစ်လာတာလို့ပြောဖူးတယ်။

နောက်ပိုင်း လူကတစ်နေ့တစ်ကြိမ်စားလို့လုံလောက်နိုင်ပေမယ့်

ခွေးအတွက်တော့ လုံလောက်နိုင်မှာမဟုတ်ဘူးလို့ထင်တာကြောင့်

သူတို့အတွက်ညစာစားနိုင်အောင် စီစဉ်ပေးရပါတော့တယ်။

နောက်ပိုင်းမှာ ဒီခွေးနှစ်ကောင်အပြင် ကျန်တဲ့ခွေးများကိုလည်း ကျွေးဖြစ်ခဲ့ပါတယ်။

ခွေးဆိုတာမျိုးက ဗိုက်ဝအောင်စားနေရပေမယ့်

ကျန်တဲ့ခွေးများကို အစားကျွေးရင် မကြိုက်တတ်ပါ။

ကျန်တဲ့ခွေးတွေကို ဝင်ကိုက်ပါတော့တယ်။

အစားအတွက် တစ်ကောင်နဲ့တစ်ကောင် ကိုက်တတ်တဲ့သတ္တဝါကို

ခွေးလို့ခေါ်ပါတယ်။

ဒီလိုနဲ့ ခွေးတွေကျွေးတဲ့ကုသိုလ်ကိုတန်ဖိုးထားရင်းနဲ့

နှစ်ပေါင်းများစွာကြာခဲ့ပါတယ်။

သံယောဇဉ်လည်းဖြစ်လာပါတယ်။

အမေရိကားကို လာဖို့အကြောင်းဖြစ်ပေါ်လာတော့

ခွေးတွေကျွေးတဲ့သံယောဇဉ်ကို မဖြတ်ချင်ပဲဖြတ်ခဲ့ရပါတယ်။

သတ္တဝါတစ်ခု ကံတစ်ခုပဲလေဆိုပြီးထားခဲ့ရတယ်။

ကိုယ်မကျွေးလည်း ကိုယ့်လို

ကုသိုလ်စိတ်နဲ့ကျွေးမယ့်သူပေါ်လာလိမ့်မယ်လို့ထင်ပါတယ်။

အမေရိကားရောက်လာတော့

နေ့တိုင်း ထမင်းကို စားတဲ့အခွင့်အရေးရလို့နေပါတယ်။

မြန်မာဘာသာစကားပြောတဲ့အခွင့်အရေးလည်းနေ့တိုင်းရနေပါတယ်။

ခွေးကိုထမင်းကျွေးတဲ့အခွင့်အရေးတော့မရတော့ပါ။

အမေရိကားမှာ ပိုင်ရှင်မဲ့ခွေးမရှိပါ။

ခွေးမွေးချင်ရင် မှတ်ပုံတင်ရတယ်။

ကာကွယ်ဆေးထိုးပေးရတယ်။

ခွေးတစ်ကောင်ရဲ့ကုန်ကျစရိတ်က ကြီးမားလွန်းလှပါတယ်။

ခွေးမမွေးနိုင်ပါ။

ကိုယ့်ကိုယ်ကိုယ် ရပ်တည်နိုင်အောင် အရင်ဆုံးရုန်းကန်ရပေဦးမယ်။

လမ်းပေါ်က ခွေးမရှိတော့ ခွေးကျွေးရတဲ့ကုသိုလ်လည်းမရနိုင်ပါ။

ဒီကခွေးကလည်း ကိုယ်စားတဲ့အကျန်ထမင်း၊ဟင်းကိုလည်း မစားတတ်ကြပါ။

သူတို့အတွက် ခွေးအစားအစာကိုငယ်ငယ်ကထဲက စားလာတဲ့အတွက်

ကျန်တဲ့အစားအစာကို မစားတတ်တော့ပါ။

လူက ကိုယ့်ရဲ့ဝင်ငွေပေါ်မူတည်ပြီးအစဉ်ပြေအောင်

အစားအစာကိုပြောင်းလဲစားနိုင်ပေမယ့်

အမေရိကန်က ခွေးတွေကတော့ ဖြစ်သလိုမစားနိုင်ကြတော့ပါ။

ကျနော်ငယ်ငယ်က Cowboy (ကောင်းဘွိုင်း)ဇာတ်ကားများနဲ့ရင်းနှီးနေခဲ့ရတဲ့အတွက်

အမေရိကားကိုရောက်ရင်ကောင်းဘွိုင်းတွေအတော်များများနဲ့တွေ့ရမှာပဲလို့

မျှော်လင့်ခဲ့ပေမယ့် အခုထိတော့တစ်ယောက်မှ အပြင်မှာ မတွေ့ဖူးသေးပါ။

ဒါပေမယ့် ဒေါ့ဘွိုင်း (Dogboy)၊ဒေါ့ဂဲလ် (Doggirl) တွေကိုတော့နေ့တိုင်းတွေ့နေရပါတယ်။

အလွန်ခေတ်စားတဲ့ စတိုင်လ်တစ်မျိုးလည်းဖြစ်ဟန်တူပါတယ်။

အချို့က ခွေးတစ်ကောင်၊

အချို့က ခွေးနှစ်ကောင်၊

အချို့က ခွေးသုံးလေးကောင်ကို လည်ပတ်ကိုယ်စီနဲ့

ဆွဲပြီးလမ်းလျှောက်လာသူတွေ အများအပြားကိုတွေ့ရတတ်ခြင်းဖြစ်ပါတယ်။

ခွေးနဲ့အတူ လမ်းလျှောက်ခြင်းဖြစ်ပါတယ်။

ခွေးပန်းခြံဆိုပြီး သီးခြားရှိပါတယ်။

ခွေးပိုင်ရှင်က ကိုယ့်ခွေးကို လည်ပတ်နဲ့ဆွဲပြီး အဲဒီပန်းခြံရောက်တော့မှ

လည်ပတ်ကိုဖြုတ်ပေးခွင့်ရှိပါတယ်။

အဲဒီတော့မှ ခွေးက လွတ်လွတ်လပ်လပ် လျှောက်ပြေးခွင့်ရပါတယ်။

အခြားခွေးတွေနဲ့မိတ်ဆက်ခွင့်ရပါတယ်။

ရောက်စမို့ထင်ပါ့။

ဒီလိုမျိုးခွေးပန်းခြံကိုရောက်တော့ တအံ့တသြဖြစ်ရပါတယ်။

ဆရာဝန်ကတော်တစ်ယောက် အိမ်လာလည်တော့ စကားပြောဖြစ်ပါတယ်။

“ အမေရိကန်ရောက်တာ တစ်ခုတော့ကောင်းတာပေါ့။

အကုသိုလ်တွေနည်းသွားတယ်လေ။”

“ ဘာကြောင့်လဲ”

လို့ကျနော်က စပ်စပ်စုစုမေးဖြစ်ပါတယ်။

“ ဘာကြောင့်ဆိုတော့ ဒီမှာက ခြင်တွေ၊ယင်တွေ၊မရှိဘူးလေ။

ဒီတော့ ခြင်တွေရိုက်စရာမလိုဘူးပေါ့။

ယင်တွေ သတ်စရာမလိုဘူးလေ။

အဲဒါကြောင့် သူ့အသက်သတ်ခြင်းဆိုတဲ့အကုသိုလ်တွေမဖြစ်တော့ဘူးပေါ့”

သူမပြောတော့ ဟုတ်သလိုလိုပါပဲ။

“ဒါပေမယ့်လည်း ကိုယ့်ဝေစုစားစရာထဲက ခွေးကျွေးတဲ့ကုသိုလ်လည်းမရပါဘူးဗျာ…”

လို့ပြောလိုက်ချင်ပေပါတယ်။

စိတ်ထဲကပြောလိုက်ပေမယ့်

အသံတော့မထွက်ဖြစ်လိုက်ပါ။

တော်ကြာ

"ခွေးမွေးပါလား"လို့

ပြောနေမှ အခက်တွေ့နေအုန်းမယ်။



Thursday, July 21, 2011

" စာကြည့်တိုက်…"


အမေရိကန်နိုင်ငံ၊ ကယ်လီဖိုးနီးယားရှိ

ကျနော်နေထိုင်တဲ့ရပ်ကွက်နဲ့မနီးမဝေးမှာ စာကြည့်တိုက်တစ်ခုရှိတယ်။

ကျနော်အမေရိကားကိုရောက်စမှာ အဲဒီစာကြည့်တိုက်ထဲကို မဝင်ရဲပါ။

အကြောင်းကတော့ ကျနော်နဲ့မနီးစပ်တဲ့အတွက်ကြောင့်ဖြစ်တယ်။

နောက်တစ်ကြောင်းက

ကျနော်မသိတဲ့စကားတွေနဲ့လာပြီးမေးတာပြောတာရှိလာမှာစိုးတာလည်းပါတယ်။

စာကြည့်တိုက်ဆိုတော့ စိတ်ဝင်စားမိတယ်။

အိမ်ကလူများကိုမေးတော့လည်း ဝင်လို့ရတယ်လို့သာပြောတယ်။ လိုက်ပို့ပေးမယ့်သူက မရှိပါ။

သူတို့ကလည်း စာကြည့်တိုက်ကို မသွားမလာဖြစ်ကြပါ။

အကြောင်းက သူတို့ရဲ့အလုပ်အကိုင်တွေက အားလပ်ရက်မရှိတဲ့အတွက်ကြောင့်ဖြစ်နိုင်ပါတယ်။

နောက်တစ်ခုက

စာဖတ်ဝါသနာမပါတာလည်းဖြစ်နိုင်ပါတယ်။

သူတို့ရဲ့အားလပ်ချိန်ကို အသုံးချပုံကတစ်မျိုးဖြစ်တယ်။

အားလပ်ရင် နောက်ဆုံးပေါ် ဗီဒီယိုခွေတွေကိုငှားမယ်။

အဲဒီခွေတွေကို မပြီးမချင်းတစ်ခွေပြီးတစ်ခွေကြည့်မယ်။

နောက်တစ်မျိုးက နောက်ဆုံးပေါ်သီချင်းတွေကို ဝယ်မယ်။ပြီးရင် အဲဒီသီချင်းတွေကို နားထောင်မယ်။

ဈေးဝယ်ထွက်မယ်။ ကြိုက်တဲ့အစားအစာတွေကို တစ်ခုခုပြီးလုပ်စားမယ်။ ဝယ်စားမယ်။

သူတို့ကြိုက်တာကို ကျနော်ကမကြိုက်ပါ။

ကျနော်ကြိုက်တာကိုလည်း သူတို့ကြိုက်မယ်မထင်ပါ။

အကြောင်းမှာ သူတို့စာဖတ်နေတာကို တစ်ခါမှ မတွေ့ဖူးသောကြောင့်ဖြစ်တယ်။

မိန်းမဖြစ်သူ ဒေါ်ရွှေယုံလေးကို အလုပ်သို့

လိုက်ပို့တိုင်း၊သွားကြိုတိုင်း စာကြည့်တိုက်ကိုဖြတ်သွားရပါတယ်။

နောက်ဆုံး စာကြည့်တိုက်ကိုသွားချင်လွန်းသောကြောင့် မိန်းမကိုအကူအညီတောင်းရပါတော့တယ်။

မိန်းမက အင်္ဂလိပ်စကားပြောကျွမ်းကျင်တယ်။

လည်လည်ဝယ်ဝယ်ရှိတယ်။ သူက လူတွေနဲ့ဆက်ဆံရမှာကို မကြောက်ပါ။

ကျနော်ကကြောက်တယ်။

သူမကို အားကိုးပြီး အမေရိကားကို ကြောက်ကြောက်နဲ့လာခဲ့မိခြင်းဖြစ်ပါတယ်။

သူမအလုပ်ပိတ်ရက်တစ်ရက်မှာ စာကြည့်တိုက်ကိုလိုက်ပို့ပေးပါတယ်။

စာကြည့်တိုက်ကိုရောက်တဲ့ပထမရက်မှာပင် စာကြည့်တိုက်ကဒ်ပြားလုပ်ဖြစ်ပါတယ်။

နေထိုင်ရာအရပ်က တူနေသောကြောင့်

စာကြည့်တိုက်ကဒ်ပြားကိုလွယ်လွယ်လုပ်ခွင့်ရသွားတာဖြစ်နိုင်ပါတယ်။

ငွေတစ်ပြားမှမပေးရပါ။ငွေပေးရရင်လည်း လုပ်နိုင်မယ်မထင်သေးပါ။

တစ်ခါငှားရင် စာအုပ်ဘယ်နှစ်အုပ်ငှားလို့ရသလဲလို့မိန်းမကမေးပါတယ်။

စာအုပ်အပါအဝင် DVD+VCD စုစုပေါင်းတစ်ရာ ငှားနိုင်တယ်လို့ပြောပါတယ်။

အံသြသွားပါတယ်။မယုံပါ။ ဒါပေမယ့်

စာအုပ်တွေတစ်ပွေ့တစ်ပိုက်နဲ့ငှားရမ်းနေတာကိုတွေ့တော့ အားရှိသွားပါတယ်။

စာအုပ်များရှာပါတယ်။

အိမ်နဲ့ပတ်သက်တဲ့စာအုပ်များ၊

ကွန်ပျူတာနဲ့ပတ်သက်တဲ့စာအုပ်များ၊

ဆေးပညာနဲ့ပတ်သက်တဲ့စာအုပ်များ၊

ဥယျာဉ်နဲ့ပတ်သက်တဲ့စာအုပ်များ၊

စုစုပေါင်း ၉-အုပ်ရပါတယ်။

DVD+VCDကိုလည်းလိုက်ရှာပါတယ်။ ၇-ချပ်ရလာပါတယ်။

ဘယ်မှာစာရင်းပေးရမလဲလို့မေးတော့ ဝင်ပေါက်အဝမှာလို့ပြောပါတယ်။

လူတွေလည်းမတွေ့ရပါ။ လူတွေအစား ကွန်ပျူတာတွေကိုသာတွေ့ရပါတယ်။

စာရင်းမမှတ်ဘူးဟုထင်မိပါတယ်။

နောက်တော့မှ အခြားလူတွေက ကွန်ပျူတာမှာ စာရင်းသွင်းနေကြတာကိုတွေ့တော့မှ

သဘောပေါက်သွားပါတယ်။

လင်မယားနှစ်ယောက်စလုံးအူကြောင်ကြောင်နဲ့ဘာလုပ်ရမှန်းမသိပါ။

နောက်တော့ စာကြည့်တိုက်ဝန်ထမ်းတစ်ဦးကိုခေါ်ပြီးမေးတော့မှ

သူ့ရဲ့အကူအညီနဲ့ကွန်ပျူတာမှာ စာရင်းသွင်းဖြစ်သွားပါတယ်။

ကွန်ပျူတာမသွင်းဘဲယူသွားရင် ဘယ်သူသိနိုင်မလဲလို့တွေးမိပါတယ်။

အလကားလိုချင်သူတွေကိုတော့ မတွေ့မိပါ။

လူကိုပဲ ယုံကြည်တာလား၊

စက်ကိုပဲ အားကိုးတာလား၊

ဆိုတာကို မသဲကွဲခဲ့ပါ။

ကွန်ပျူတာမသွင်းဘဲယူသွားရင် ဘာဖြစ်မလဲလို့ စုံစမ်းကြည့်တော့

အထွက်ပေါက်တွင် အချက်ပေးအသံမြည်ပါတယ်ဆိုတာကိုနောင်မှသိရပါတယ်။

အော်…ခေတ်မီလိုက်တာ လိုက်လို့မမီအောင်ပါပဲလား၊

မြန်မာပြည်မှာကတည်းက ကွန်ပျူတာပညာကို သင်ထားမိတာ ကံကောင်းလေခြင်း။

နို့မဟုတ်ရင် ဘာဆိုဘာမှ သိမှာမဟုတ်ဘူး။

ပြီးတော့ စာမတတ်သူလိုဘာမှလည်း လုပ်တတ်မှာမဟုတ်ပါလေ။

အမေရိကန်မှာက စာမသင်သေးတဲ့ကလေးတောင်မှ ကွန်ပျူတာကို ကိုင်တွယ်တတ်နေတာက

စာကြည့်တိုက်အတွင်းရှိ ကလေးစာကြည့်တိုက်ထဲမှာ တွေ့နေရပါတယ်။

ကားကိုတော့ အိမ်ရှေ့၊အိမ်ဘေးမှာထားတာကြောင့်

တစ်အိမ်မှာ ကားသုံးလေးစီးရှိတာကို သတိထားမိပါတယ်။

ကွန်ပျူတာကိုတော့ မတွေ့ရတဲ့အတွက်

တစ်အိမ်မှာ ကွန်ပျူတာ ဘယ်နှစ်လုံးရှိတယ်ဆိုတာကို မခန့်မှန်းနိုင်ပါ။

စာကြည့်တိုက်မှာတော့ ကွန်ပျူတာအလုံးပေါင်းမြောက်များစွာရှိနေတာကို တွေ့ရပါတယ်။

စာကြည့်တိုက်ကဒ်ပြားလုပ်တာလည်းကွန်ပျူတာ၊

စာအုပ်ငှားတာလည်းကွန်ပျူတာ၊

စာအုပ်ရှာတာလည်းကွန်ပျူတာ၊

စာအုပ်ပြန်အပ်တော့လည်း ကွန်ပျူတာ၊

စာအုပ်များရက်တိုးချင်ရင် ကွန်ပျူတာနဲ့အိမ်မှာပင် ရက်တိုးလို့ရနေပါတယ်။

စာအုပ်ဖြစ်ဖြစ်၊ VCD+DVD ဖြစ်ဖြစ် သုံးပတ်အချိန်ပေးပါတယ်။

မဂ္ဂဇင်းနဲ့သီချင်းခွေများကိုတော့ တစ်ပတ်သာ အချိန်ပေးပါတယ်။

ရက်ချိန်းနီးလာပါက အီးမေးလ်နဲ့ ရက်နီးလာပြီးဖြစ်ကြောင်း၊

လူကြီးမင်းအနေနဲ့ဒဏ်ငွေမကျသင့်လိုပါက အချိန်မီအပ်သင့်ကြောင်း

အပ်ရမယ့် စာအုပ်၊VCD+DVDအမျိုးအမည်နဲ့တကွအကြောင်းကြားလာပါတယ်။

ဒဏ်ကြေးအနေနဲ့က တစ်မျိုးအတွက် တစ်ရက်ကို ရက်လွန်ကြေး ဆင့်ငါးဆယ် ပေးပါရမယ်။

အများဆုံးဒဏ်ကြေးကတော့ တစ်မျိုးအတွက်ဒေါ်လာ-20 ပေးဆောင်ရန်သတ်မှတ်ထားပါတယ်။

စာအုပ်ပျောက်ဆုံးပါက စာအုပ်တန်ဖိုးအပြင် ဒဏ်ကြေး ဒေါ်လာ-20ကိုပေးဆောင်ရန်သတ်မှတ်ထားပါတယ်။

စည်းကမ်းတကျနဲ့ဖတ်ပါက ဘာကြေးမှ ပေးဆောင်ရန်လိုမယ်မထင်ပါ။

မြန်မာပြည်မှာတော့ စာကြည့်တိုက်ကမရှိ၊

စာကြည့်တိုက်ရှိပြန်တော့ စာအုပ်ကမရှိ။

အဲဒါကြောင့် စာဖတ်ချင်ရင် အကြိုက်ဆုံးစာအုပ်များကို ဝယ်ရပါတယ်။

တာချီလိတ်မှာ စာအုပ်ဈေးကလည်း ကြီးမြင့်လှပါတယ်။

စာအုပ်အငှားဆိုင်ကို အားကိုးရပြန်တော့ ငှားခက ဈေးကြီးလွန်းလှပါတယ်။

မြေဆီမြေလွှာမကောင်းတဲ့အရပ်ဒေသမှာ မျိုးကောင်းတဲ့အပင်တောင် မရှင်သန်နိုင်ပါ။

မြန်မာပြည်တွင် စာဖတ်ဝါသနာဟာ ရှင်သန်ကြီးထွားဖို့အတော်ပင်အခက်အခဲရှိလှပါတယ်။

အမေရိကားမှာတော့ စာဖတ်ဝါသနာ မပါ၊ပါအောင်ပြုစုပျိုးထောင်နေတာကို တွေ့နေရပါတယ်။

မတူတဲ့အချက်တွေထဲက တစ်ချက်ဖြစ်နိုင်ပါတယ်။


လူသားတိုင်း ကျန်းမာကြပါစေ... လူသားတိုင်း ချမ်းသာကြပါစေ...
ခန္ဓာကိုယ်ကို လေ့ကျင့်ခန်းနဲ့စောင့်ရှောက်ပါ။ စိတ်ကို စာဖတ်ခြင်းနဲ့စောင့်ရှောက်ပါ။...

နူတ်ဆက်စကားလေးများ.....

မြန်မာတို့ရဲ့ ဘလော့ဂ်များ...

picoodle.com