Friday, November 23, 2012

"စစ်မှန်တဲ့ ပါဝါဆိုတာ..."





ကိုယ့်စိတ်ချမ်းသာမှုကို သူများလက်ထဲမှာ ထည့်ထားလိုက်တယ်။
ပြီးတော့ သူများက ကိုယ့်ကို စိတ်ချမ်းသာအောင် လုပ်ပေးမယ်လို့ မျှော်လင့်တယ်။
ကိုယ် စိတ်မချမ်းသာတဲ့အခါ သူက ငါ့ကို စိတ်ဆင်းရဲအောင် လုပ်နေတယ်လို့ ပြောတယ်။
အမှန်က သူများက ကိုယ့်ကို လွှမ်းမိုးနိုင်အောင် ကိုယ်က သူ့ကို power ပေးလိုက်တာပဲ။
ကိုယ်ပေးထားလိုက်တဲ့ power ကို ပြန်ယူလိုက်ပါ။

@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@



ကိုယ့်ကို ဘယ်သူကမှ စိတ်ဆင်းရဲအောင် မလုပ်နိုင်တော့ရင် ဘယ်သူကမှ
ကိုယ့်ကို အနိုင်ကျင့်လို့ မရတော့ဘူး။
အနိုင်ကျင့်တယ်ဆိုတာ များသောအားဖြင့် စိတ်ဆင်းရဲအောင် လုပ်တာပဲ။
ဘယ်သူ ဘာလုပ်လုပ် ကိုယ်က စိတ်မဆင်းရဲဘူးဆိုရင် နိုင်ချင်တဲ့သူက
လက်လျှော့ရလိမ့်မယ်။
ကိုယ့်ကို ဘယ်သူမှ စိတ်ဆင်းရဲအောင် လုပ်လို့မရမှ ကိုယ်က power ကြီးတဲ့သူ ဖြစ်သွားတာပဲ။
သူများကို နိုင်လို့ရတာကို power လို့ ယူဆကြတယ်။
အဲဒါ စစ်မှန်တဲ့ power မဟုတ်ဘူး။
စစ်မှန်တဲ့ power က ဘယ်သူမှ ကိုယ့်ကို စိတ်ဆင်းရဲအောင်လုပ်လို့ မရတာ။

@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@

သူ့ကို ငါတို့ စိတ်ဆင်းရဲအောင် လုပ်လို့မရဘူးလို့ သိသွားရင် ကိုယ့်ကို လွှမ်းမိုးဖို့
မကြိုးစားတော့ဘူး။
အဲဒါ သူ့အတွက်လည်း ကောင်းတယ်။
ကိုယ့်အတွက်လည်း ကောင်းတယ်။
သူကလည်း ကိုယ့်ကို လွှမ်းမိုးဖို့ မကြိုးစားဘူး။
ကိုယ်ကလည်း သူ့ကို လွှမ်းမိုးဖို့ မကြိုးစားဘူး။
နှစ်ဦးလုံး လွတ်လပ်တယ်။
စိတ်ချမ်းသာတယ်။
စိတ်ချမ်းသာချင်ရင် သူ့ကို လွတ်လပ်မှုပေးလိုက်ပါ။
မလွှမ်းမိုးပါနဲ့။
ကိုယ်လည်း သူလွှမ်းမိုးတာ မခံရအောင် နေပါ။
အဲဒါ လွတ်လပ်တဲ့သူရဲ့ဘဝနေနည်းပဲ။

@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@



ဘယ်လို အခြေအနေမှာပဲဖြစ်ဖြစ် ငါ့စိတ်အခြေအနေက အဓိက ဆိုတာကို
သိလာတော့ အံ့သြမိတယ်။
ငါက တည်တည်ငြိမ်ငြိမ် အေးအေးဆေးဆေး ကိုင်တွယ်နိုင်ရင် အခက်အခဲတွေကို
အဆင်ပြေပြေ ဖြေရှင်းနိုင်တယ်။
ငါ့ရဲ့တည်ငြိမ်မှုက ငါနဲ့ တွေ့ရတဲ့သူတွေရဲ့ စိတ်ကိုလည်း တည်ငြိမ်စေတယ်။
ငါ့ရဲ့စိတ်ချမ်းသာမှုက ငါနဲ့တွေ့ရတဲ့သူတွေရဲ့ စိတ်ကို ချမ်းသာစေတယ်။

@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@


ငါ့စိတ် အခြေအနေက ငါ့ရာသီဥတုကို ဖန်တီးတယ်။
ငါ့စိတ် အခြေအနေကောင်းရင် ငါ့တစ်နေ့တာ ရာသီဥတု ကောင်းတယ်။
ငါ့ရဲ့ နေ့စဉ်ရာသီဥတုဟာ ငါ့စိတ် အခြေအနေပေါ်မှာ မူတည်ပါတယ်။

@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@

ငါ့ဘဝကို စိတ်ချမ်းသာစရာကောင်းအောင် လုပ်နိုင်စွမ်း ငါ့မှာ ရှိတယ်။
စိတ်ဆင်းရဲစရာ ကောင်းအောင်လည်း လုပ်နိုင်တယ်။
စိတ်ဆင်းရဲအောင်လုပ်နိုင်ရင် စိတ်ချမ်းသာအောင်လည်း လုပ်နိုင်ရမယ်။
ကိုယ့်ကိုယ်ကို ကိုယ် စိတ်ဆင်းရဲအောင် လုပ်နေတာကို သေသေချာချာ ကြည့်ပါ။
စိတ်ဆင်းရဲအောင် လုပ်နေတာကို ကောင်းကောင်းမြင်ရင် စိတ်ချမ်းသာအောင်
လုပ်တတ်လာမယ်။                                                                                                    
စိတ်ဆင်းရဲအောင် မလုပ်ရင်ပဲ စိတ်ချမ်းသာနေပါပြီ။
စိတ်ချမ်းသာတယ်ဆိုတာ အထူးကြိုးစားပြီး လုပ်နေဖို့ မလိုပါဘူး။
ကလေးတွေကို ကြည့်ပါ။
သူတို့ကို ဘယ်သူကမှ ဒုက္ခမပေးရင် သူတို့ဟာ သူတို့ စိတ်ချမ်းသာအောင် နေတယ်။
ပျော်အောင် နေတယ်။
ခွေးလေးတွေကို ကြည့်ပါ။
သူတို့ဟာ သူတို့ ပျော်အောင်နေတတ်တယ်။

@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@



အကောင်းဆုံး ပျော်နည်းကတော့ ကိုယ့်စိတ်ကိုကိုယ် သိပြီး နေတာပဲ။
ကိုယ့်စိတ်ကိုကိုယ် သိပြီးနေတာ ပျော်စရာကောင်းတယ်ဆိုတာ တရားအားထုတ်မှ
သိရတယ်။
ဒါဟာ အရိုးဆုံး ပျော်နည်းပဲ။
ဒီထက်ရိုးတာတော့ မရှိနိုင်တော့ဘူး။
ကိုယ့်စိတ်ချမ်းသာမှုဟာ ကိုယ့်စိတ်ထဲမှာပဲ ရှိတယ် ဆိုတာကို သိချင်ရင်
တရားအားထုတ်ပါ။
စိတ်ကို သိအောင် လုပ်ပါ။
 
@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@

စိတ်ချမ်းသာမှုဟာ ဘဝနေနည်းပါ (ဆရာတော်ဦးဇောတိက) စာအုပ်မှ
ကောက်နှုတ်ဖော်ပြပါတယ်။

@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@

ကိုယ်ကိုယ်တိုင် ဖတ်ဖို့-၁၂၉…


လူသားတိုင်း ကျန်းမာကြပါစေ... လူသားတိုင်း ချမ်းသာကြပါစေ...
ခန္ဓာကိုယ်ကို လေ့ကျင့်ခန်းနဲ့စောင့်ရှောက်ပါ။ စိတ်ကို စာဖတ်ခြင်းနဲ့စောင့်ရှောက်ပါ။...

နူတ်ဆက်စကားလေးများ.....

မြန်မာတို့ရဲ့ ဘလော့ဂ်များ...

picoodle.com