Sunday, January 24, 2016

"အမေ့ထံသို့ ပေးစာများ ၁၁၂..."








သို့
ချစ်တဲ့ အမေ
သတိရစွာဖြင့်စာရေးလိုက်ပါတယ်။
ဗာဂျီးနီးယားကို စရောက်တော့ နိုဝင်ဘာလမှာ နှင်းတွေစကျနေပြီ။
ဒီဇင်ဘာလဆိုရင် နှင်းကျတဲ့ရက်က ပိုတောင်များလာတယ်။
နှင်းအများဆုံးကျတဲ့လကတော့ ဇန္နဝါရီလပဲ။
ဖေဖေါ်ဝါရီလ နှင်းကျတဲ့ရက်က နည်းလာပြီ။
မတ်လဆိုရင် မဆိုစလောက်နှင်းကျပြီး နှင်းက အဲဒီနှစ်အတွက်
နူတ်ဆက်ထွက်ခွာသွားတာကို သတိပြုမိတယ်။
နှင်းက ကျကာစမှာ တော်တော်ချစ်စရာကောင်းတယ်။
မိုးကောင်းကင်ပေါ်က အဖြူဖတ်၊အဖြူပွင့်လေးတွေ
လေမှာလွင့်ပြီးကျလာတာလေ။
နှင်းကျတာကိုက ကြည့်လို့အတော်ကောင်းတယ်။
မြန်မာပြည်မှာတုန်းက မမြင်ဘူးခဲ့ဖူးလေ။
နှင်းပွင့်တွေကို ဓာတ်ပုံရိုက်ရတာကိုလည်း တော်တော်သဘောကျခဲ့ဖူးတယ်။
နှင်းပွင့်တွေ ကျလာတာများလာရင် မြေပြင်မှာ တော်တော်ထူလာတယ်။
ကားပေါ်မှာလည်း နှင်းထုကများလာရင် ကားရဲ့မြင်ကွင်းကို ရှင်းရတယ်။
အဲဒီအချိန်မှာ နှင်းပွင့်လေးတွေကို ကိုင်ကြည့်ဖြစ်တယ်။
နူညံလွန်းလှတယ်။ ကိုင်လို့ကောင်းပါဘိသနဲ့။
ဒါပေမယ့် လက်အိတ်စွပ်ပြီးမကိုင်ဖြစ်ရင်တော့ ခဏလေးအတွင်းမှာ
လက်တွေထုံကျင်လာတယ်။ အေးလိုက်တာ မပြောပါနဲ့တော့။
မိုးများလှတဲ့မြန်မာပြည်မှာတော့ မိုးဖြစ်တည်လာတာကို သိတယ်။
ဒါပေမယ့်
နှင်းပွင့်လေးတွေဟာ ဘယ်လိုဖြစ်လာပြီးဘယ်ကကျလာသလဲဆိုတာ
စဉ်းစားလို့မရဘူး။
သုံးနှစ်မြောက်ဖြစ်လာတဲ့ဒီနှစ်မှာတော့ နိုဝင်ဘာလမှာလည်း နှင်းကမကျ။
ဒီဇင်ဘာလမှာလည်း နှင်းက ပေါ်မလာဘူး။
ဇန္နဝါရီလလယ်အထိနှင်းက အရိပ်အရောင်တောင်ပေါ်မလာတော့
ဒီနှစ်တော့ နှင်းမကျတော့ဘူးတောင်ထင်လာမိတယ်။
ဒီလတတိယပတ်ထဲရောက်လာတော့မှ မိုးလေဝသက အမေရိကန်ပြည်ထောင်စုရဲ့အရှေ့ဖက်ခြမ်းတစ်ခုလုံး
နှင်းမုန်တိုင်းလာနိုင်တယ်လို့ကြေငြာတယ်။
လေးငါးရက်အလိုမှာ လူတွေက ဒီအကြောင်းပဲပြောနေကြတယ်။
ပြီးတော့ ရိက္ခာတွေဝယ်စုနေကြတယ်။
အတွေ့အကြုံရှိသူတွေက စားသောက်စရာတွေကို ဝယ်စုနေတော့
နှင်းအကြီးအကျယ်ကျတော့မယ်ဆိုတာ သတိပြုမိတယ်။
ပြီးခဲ့တဲ့နှစ်က ဘော့စတွန်မြို့မှာ နှင်းမုန်တိုင်းဝင်သွားတာ
၇-ရက်လောက်လုံးဝအပြင်ထွက်လို့မရတော့ဘူး။
ဒါကြောင့် စားစရာတွေ ပြတ်သွားတယ်လို့ကြားရတယ်။
ဘော့စတွန်မြို့ဟာ သမုဒ္ဒရာကမ်းစပ်နဲ့အနည်းငယ်နီးနေတယ်။
ကျနော်တို့နေတဲ့နေရာက ကုန်းတွင်းပိုင်းရောက်တယ်။
ဘော့စတွန်မြို့လောက်တော့ မဆိုးနိုင်ဘူးလို့ထင်တာပဲ။
ဒေသခံတွေကတော့ စားသောက်စရာတွေလာဝယ်လိုက်တာ
ဈေးကြီးတွေမှာ ပစ္စည်းတွေ ကုန်လုနီးပါးကိုဖြစ်သွားတယ်။
သူတို့တွေမှာ စိုးရိမ်စိတ်တွေရှိပေမယ့် ကျနော်တို့မှာတော့ မစိုးရိမ်မိဘူး။
အတွေ့အကြုံသစ်တစ်ခုတိုးတယ်ဆိုပြီး စိတ်လှုပ်ရှားနေတယ်။
နှင်းမုန်တိုင်းကို တစ်ခါမှ မကြုံဖူးဖူးလေ။
ပြီးတော့ ရှားရှားပါးပါး ပိတ်ရက်ရမယ်ဆိုတဲ့အတွေးနဲ့
အပျော်စိတ်တောင်ဝင်လာတယ်။
တစ်နေ့ထက်တစ်နေ့ သတင်းဌာနတွေက နှင်းမုန်တိုင်းသတင်းကို
ပြည့်စုံသထက်ပြည့်စုံအောင် ပြည်သူတွေကို အသိပေးလာတယ်။
နှင်းမုန်တိုင်းရဲ့သတင်းကို အသေးစိတ်သိရသလို
နာမည်တောင်သိလာရတယ်။
Jonas နှင်းမုန်တိုင်း။
သောကြာနေ့(01-22-2016)နေ့လည်ပိုင်းမှာ နှင်းစကျလာတယ်။
ကျနော်တို့အနီးအနားမှာရှိတဲ့အလုပ်ရုံတွေ၊ရုပ်ရှင်ရုံတွေ
ဆိုရင် နေ့လည်တစ်နာရီမှာပဲ ဝန်ထမ်းတွေ အပြန်ရခက်မှာစိုးလို့ပြန်ခွင့်ပြုပေးလိုက်ကြတယ်။
ကျနော်တို့မှာတော့ အလုပ်လုပ်လို့ကောင်းတုန်းပဲ။
ဈေးကြီးစဖွင့်တုန်းကရောင်းရသလိုမျိုးကိုရောင်းရတယ်။
ရောင်းမလောက်အောင်ကိုရောင်းရတယ်။
ကျနော်တို့အလုပ်သိမ်းပြီး အိမ်ပြန်ချိန်မှာတော့ လမ်းပေါ်မှာ ကားတစ်စီးနှစ်စီးလောက်ပဲတွေ့ရတော့တယ်။
အလုပ်နဲ့အိမ်က ပုံမှန်ဆိုရင် ၅-မိနစ်လောက်ကားမောင်းရင်ရောက်ပေမယ့်
အခုတော့ တော်တော်ကြာအောင်မောင်းလိုက်ရတယ်။
ကားက ကားကြီးဖြစ်တဲ့အပြင် ကားပြင်ဆင်မှုကို မကြာသေးခင်ကလုပ်ထားလို့တော်သေးတယ်။
ဒီအချိန်မှာ ကားစလစ်မဖြစ်ဖို့ ကားဘီးကအရေးကြီးလှတယ်။
အိမ်ပြန်ရောက်ပြီးနောက်မှာတော့ နှင်းကျတာပိုလာတယ်။
လေတိုက်နှုန်းလည်း ပြင်းထန်လာတယ်။
သောကြနေ့တစ်ညလုံး၊ စနေနေ့တစ်နေ့လုံးနှင်းကျနေတာမို့
နှင်းထုက ကြေငြာထားတဲ့အတိုင်း လက်မ ၃၀-ပတ်ဝန်းကျင်ဖြစ်လာတယ်။
အောက်ဆင်းပြီး နှင်းထုအောက်ရောက်နေတဲ့ကားကိုရှင်းသူတွေကို
ပြူတင်းပေါက်ကလှမ်းကြည့်တော့ နှင်းထုက ပေါင်ရင်းအထိနစ်မြှပ်နေတာတွေ့ရတယ်။
စလွန်းကားတွေဆိုရင် လုံးဝကို နှင်းထုထဲနစ်မြှပ်နေတယ်။
ကျနော်တို့ကားကတော့ ကားဂိုဒေါင်ထဲမှာ ရှိနေတာမို့တော်သေးတယ်။
သက်ဆိုင်ရာအုပ်ချုပ်ရေးမှုးတွေက စနေ၊တနင်္ဂနွေ နှစ်ရက်ကို လုံးဝအပြင်မထွက်ပါနဲ့လို့
တားမြစ်ထားတယ်။ထွက်တာတွေ့ရင် ဒဏ်ငွေ -၅၀၀ဒေါ်လာတဲ့။
ဒါကြောင့်သေချာပေါက်ပြောနိုင်တာတစ်ချက်ကတော့
နှစ်ရက်တိတိပိတ်ရက်ရမယ့်သဘောလို့နားလည်လိုက်ပါတယ်။
အလုပ်ပိတ်ရက် ရှားပါးတဲ့ကျနော်တို့အဖို့ Jonas နှင်းမုန်တိုင်း
ကိုကျေးဇူးတင်မိပါတယ်။
အမေရေ…
ကျနော်တို့အတွက် စိတ်မပူပါနဲ့။
အစစအရာရာ အစဉ်ပြေပါတယ်။
အတွေ့အကြုံအသစ်တွေလည်းတိုးနေပါတယ်။
ဒီနေ့ဟာ ပြာသိုလပြည့်နေ့(အမေများနေ့)လို့သိရပါတယ်။
အမေကိုချစ်တဲ့သူအဖို့ နေ့တိုင်း အမေများနေ့ပါပဲ။
အမေ့ကို အဝေးက ကတော့လိုက်ပါတယ်။
အမေ ကျန်းမာရေးကို ဂရုစိုက်ပါနော်။

ဒါပါပဲအမေ။
အမေကိုချစ်တဲ့သား
အောင်ဝင်းဟိန်း
အက်ရှ်ဗန်းမြို့၊
ဗာဂျီးနီးယားပြည်နယ်၊
အမေရိကန်ပြည်ထောင်စု။









လူသားတိုင်း ကျန်းမာကြပါစေ... လူသားတိုင်း ချမ်းသာကြပါစေ...
ခန္ဓာကိုယ်ကို လေ့ကျင့်ခန်းနဲ့စောင့်ရှောက်ပါ။ စိတ်ကို စာဖတ်ခြင်းနဲ့စောင့်ရှောက်ပါ။...

နူတ်ဆက်စကားလေးများ.....

မြန်မာတို့ရဲ့ ဘလော့ဂ်များ...

picoodle.com