Friday, November 20, 2009

ကိုယ် ဘာလုပ်နေတာလဲ?



လူတစ်ယောက် လမ်းလျှောက်လာတယ်။
ပြီးတော့ ရုတ်တရက်ရပ်လိုက်တယ်။
ခေါင်းကို အတတ်နိုင်ဆုံးမော့လိုက်ပါတယ်။
ကောင်ကင်ကို ကြည့်နေတယ်။
ဖြတ်သွားသူတစ်ယောက်က သူ့ရဲ့အနားကပ်လာပြီး
သူ့လိုပင်ကောင်းကင်ကို မော့ကြည့်လိုက်ပြန်တယ်။
အဲဒီနောက် တစ်ယောက်ပြီးတစ်ယောက်ကောင်းကင်ကို မော့ကြည့်ကြတယ်။
ဘာများပါလိမ့်?
တဖြည်းဖြည်းနဲ့လူတွေများလာတယ်။
ကောင်းကင်ကို လူတွေအားလုံးမော့ကြည့်ကြပါတယ်။
ဘာမှ ထူးထူးခြားခြား မတွေ့ရပါဘူး။
ဒါနဲ့ပဲ တစ်ယောက်က သူ့အနားကလူကို မေးလိုက်ပါတယ်။
“ခင်ဗျာ...ဘာကိုကြည့်နေတာလဲ? ဟင်”
“သူများမော့ကြည့်နေတာတွေ့လို့မော့ကြည့်နေမိတာပဲလေ။
ဘာမှတော့ မတွေ့မိဘူး။”
ဒီလိုနဲ့ လူအုပ်ထဲက တစ်ယောက်ကို တစ်ယောက် အနားမှာ ရှိတဲ့လူကို မေးကြပါတယ်။
“ကောင်းကင်ထဲမှာ ဘာတွေ့လို့လဲ? ” ပေါ့။
အဲဒီလိုအဆင့်ဆင့်မေးကြရင်းနဲ့ ပထမဆုံးမော့ကြည့်သူကိုမေးတဲ့အခါမှာတော့.....

“ကျနော်ကို မေးတာလား?
ကျနော်ဘာကိုမှ ကြည့်နေတာမဟုတ်ပါဘူး။

ကျနော်တစ်ခါတစ်လေ နှာခေါင်းသွေးလျှံတတ်တယ်လေ။
အခု လဲ လမ်းလျှောက်လာရင်းနဲ့

နှာခေါင်းသွေးလျှံတာနဲ့ တိတ်သွားအောင်ဆိုပြီးခေါင်းကိုမော့ထားတာပါ ”

သူများတွေ လုပ်တာကို ဘာမှန်းညာမှန်းမသိဘဲ လုပ်မိသူတွေထဲ ကိုယ်လဲပါမှာပါ။
အဲဒါကြောင့် ကိုယ့်အချိန်တွေ ဘယ်လောက်ကုန်ခဲ့ပြီလဲ?
အချိန်ဆိုတာ ဘဝပါပဲ။
ပညာရှာချိန်မှာ အချိန်ဟာ ပညာပါပဲ။
ငွေရှာချိန်မှာ အချိန်ဟာ ငွေပါပဲ။
တရားရှာချိန်မှာ အချိန်ဟာ တရားပါပဲ။
ဘယ်တော့မှ အစားထိုးပြန်မရတော့တဲ့ အချိန်ဖြုန်းတာလောက် နစ်နာတာမရှိတော့ဘူး။
သတိမရှိတော့အခါ ဘဝဟာ နာပြီးရင်းနာတော့တာပဲ။
ကိုယ့်ကိုကိုယ် အမြဲမေးကြည့်သင့်တာက

ကိုယ်လုပ်နေတာဟာ သူများလုပ်တာကို လုပ်နေတာလား?
“ကိုယ်လုပ်နေတာဟာ လွတ်လပ်တဲ့စိတ်နဲ့လုပ်နေတာလား?
ကိုယ်လုပ်နေတာဟာ စိတ်ကောင်း၊စေတနာကောင်းနဲ့စိတ်ပါလက်ပါလုပ်နေတာလား?


လုပ်ရက်လိုက်တာ..............


တစ်ခါတုန်းက ဘကြီးအေးဟာ

တစ်ခြားရွာကအလှူတစ်ခုဖိတ်တာနဲ့ လမ်းလျှောက်သွားပါတယ်။

တစ်ခြားရွာကအလှုဆိုတော့လည်း အဝတ်အစားတွေကို

အကောင်းဆုံးဝတ်သွားတာပေါ့။

အဝတ်အစားတွေက တောက်တောက်ပြောင်ပြောင်နဲ့ပေါ့။

တွေ့နေကြ၊ မြင်နေကြကိုမဟုတ်တော့ဘူး။

တွေ့နေကြ လူတွေတောင် လူမှားပါတယ်။

တိရိ စ္ဆာန် ဆိုပြောဘွယ်ရာမရှိတော့ပါဘူး။

အလှုကအပြန်မှာ လူမှားနေတဲ့ ကျွဲရိုင်းတစ်ကောင်က

ဘကြီးအေးနောက်က လိုက်ပါလေရော။

ဘကြီးအေးကလည်း ခြေကုန်သုတ် ပြေးရတော့တာပေါ့။

ရှေ့ကဘကြီးအေးပြေး၊ နောက်ကကျွဲကလိုက်နဲ့။

နောက်ဆုံးမှာတော့ မီလုမီခင်မှာ

ဘကြီးအေးဟာ နီးစပ်တဲ့ခြံတစ်ခုထဲကို ပြေးဝင်ရတော့တယ်။

အချိန်မီ ဝင်းတံခါးကိုပိတ်လိုက်နိုင်လို့ပေါ့။

ကံသီလေး ကပ်လွဲသွားတယ်။

ဘကြီးအေးဟာ အတော်ကိုမောသွားတယ်။

အသက်ကို ကြိုးစားရှုနေရတယ်။

ပြီးတော့ ဒေါသတကြီးနဲ့ပြောလိုက်တာကတော့


“တောက်…..နှစ် သုံးဆယ်လုံးလုံး

သက်သတ်လွတ် စားတဲ့ လူဖြစ်တယ် ဆိုတာတောင်

ဒီကောင်မထောက်ထား၊ မညှာတာဘူး။

လိုက်ရက်တယ်။ တောက်…..........။

ချစ်တဲ့စိတ်ကြောင့်..........



တစ်ခါတုန်းက တက္ကသိုလ်ပါမောက္ခတစ်ဦးဟာ ချစ်တဲ့စိတ်ကြောင့်
နားလေးနေတဲ့ အမျိုးသမီးကို လက်ထပ်လိုက်ပါတယ်။
ဇနီးသည်ဟာ နားလေးနေတဲ့ အတွက် ပုံမှန်လူတစ်ယောက်လို နားကြားစေချင်တယ်။
ဇနီးသည်ကိုချစ်တဲ့စိတ်ကြောင့်
ဇနီးသည်အတွက်နားကြားစေနိုင်တဲ့ အထောက်အကူပစ္စည်းတစ်ခုကို
နည်းလမ်းရှာပြီး တီထွင်ပါတယ်။
ချစ်တဲ့စိတ်ကြောင့် နားလေးသူအတွက် နားကြားကိရိယာတစ်ခုကို တီထွင်ကြံစည်ရင်းက
တယ်လီဖုန်း ကိုတီထွင်ဖြစ်သွားပါတယ်။
အဲဒီ ဖုန်းကို စီးပွားဖြစ်လုပ်နိုင်ဖို့အတွက် ငွေအရင်းအနှီးအတော်များများလိုအပ်နေပါတယ်။
အဲဒီပုဂ္ဂိုလ်ဟာ လိုအပ်တဲ့ငွေအရင်းအနှီးအတွက်
စီးပွားရေးလုပ်ငန်းရှင်များနဲ့တွေ့ဆုံပြီး ဖုန်းနဲ့ပက်သက်ပြီး
စီးပွားဖြစ်လုပ်နိုင်တဲ့အကြောင်းကို ပြောပြပါတယ်။
ဒါကြောင့် မိမိနဲ့ပူးပေါင်းလုပ်ဆောင်ဖို့စည်းရုံးပါတယ်။
မအောင်မြင်ပါဘူး။
စီးပွားရေးလုပ်ငန်းရှင်အားလုံးက မဖြစ်နိုင်တဲ့အကြံအစည်ဖြစ်ကြောင်းပြောပြီးငြင်းကြပါတယ်။
တစ်ဦးပြီးတစ်ဦး နောက်ဆုတ်သွားကြပါတယ်။
သိပ္ပံပညာရှင်အများစုကလည်း အဝေးကိုစကားလှမ်းပြောနိုင်တဲ့ဖုန်းဆိုတဲ့ကိရိယာဟာ စီးပွားမဖြစ်နိုင်ဘူးလို့ဆိုကြပြန်ပါတယ်။
ဘယ်သူမှလက်မခံကြပေမယ့် ပါမောက္ခဟာ စိတ်မပျက်ပါဘူး။
သူကိုယ်သူ ယုံကြည်တယ်။
သူ့ရဲ့ဖုန်းကို ယုံကြည်တယ်။
အများကလှောင်ပြောင်နေတဲ့ကြားထဲက မဖြစ်မနေကြိုးစားရင်းနဲ့
တယ်လီဖုန်းဆိုတာ ပေါ်ပေါက်လာပါတယ်။
သူဟာမကြာခင်မှာဘဲ ဘီလ်တယ်လီဖုန်းကုမ္ပဏီကြီးကို ဦးစီးတည်ထောင်နိုင်တဲ့
လုပ်ငန်းရှင်ကြီးတစ်ဦးဖြစ်လာပါတယ်။
အဲဒီပါမောက္ခကြီးရဲ့နာမည်ကတော့ ဂရေဟမ်ဘဲလ်ဖြစ်ပါတယ်။
အခုဆိုရင် ဂရေဟမ်ဘဲလ်ဟာ “တစ်ခေတ်ကို တစ်ဆစ်ချိုးပြောင်းလဲစေသူများ”မှာပါဝင်နေပါပြီ။
အခုဆိုရင် လူတွေအတွက် ဖုန်းဟာမရှိမဖြစ်ပစ္စည်းထဲမှာပါဝင်လာပါပြီ။
ဖုန်းနဲ့ပက်သက်ပြီးစီးပွားဖြစ်နေတာလည်း ဘယ်သူမှ မငြင်းနိုင်တော့ပါဘူး။
ဖုန်းမရှိတဲ့နိုင်ငံမရှိတော့ပါဘူး။
ဂရေဟမ်ဘဲလ်ဟာအများနောက်ကလိုက်သူမဟုတ်ပါဘူး။
အများကလက်မခံတာကို သူဖြစ်အောင်လုပ်နိုင်ခဲ့ပါတယ်။
ဒါကြောင့် အများနောက်ကိုမလိုက်နဲ့လို့ပြောလိုက်ချင်ပါရဲ့။
ကောင်းတယ်ထင်ရင် ဆက်လုပ်ရဲဖို့တော့လိုလိမ့်မယ်။


တစ်ခုတော့ဖြင့် ပြောလိုက်ပါရစေ၊
ကိုယ့် ရင်ဘတ်ထဲမှာတော့ စေတနာကောင်းရှိဖို့လိုလိမ့်မယ်။
စေတနာကောင်းရှိတယ်ဆိုရင်တော့
ဘာလုပ်လုပ်၊ကိုယ့်ရဲ့သမိုင်းစာမျက်နှာ လှပပါလိမ့်မယ်။
လူသားတိုင်း ကျန်းမာကြပါစေ... လူသားတိုင်း ချမ်းသာကြပါစေ...
ခန္ဓာကိုယ်ကို လေ့ကျင့်ခန်းနဲ့စောင့်ရှောက်ပါ။ စိတ်ကို စာဖတ်ခြင်းနဲ့စောင့်ရှောက်ပါ။...

နူတ်ဆက်စကားလေးများ.....

မြန်မာတို့ရဲ့ ဘလော့ဂ်များ...

picoodle.com