Sunday, March 21, 2010

“ အားနည်းချက်ကို ပြောင်းလဲပစ်လိုက်စမ်းပါ...”



တစ်ခါတုန်းက ရေထမ်းယောကျာ်းတစ်ယောက်မှာ ရေထမ်းပုံးနှစ်ပုံးရှိပါတယ်။

အဲဒီရေထမ်းပုံးနှစ်ပုံးကို ထမ်းပိုးမှာလျှိုပြီး ပခုံးနဲ့ထမ်းကာ

မြစ်ဆိပ်က အိမ်ကိုနေ့စဉ်ထမ်းရပါတယ်။

အဲဒီရေထမ်းပုံးနှစ်ပုံးထဲက တစ်ပုံးကလုံးဝအကောင်း။

အပေါက်မရှိတော့ ရေလဲမယိုဘူးပေါ့။

နောက်တစ်ပုံးကတော့ အောက်ဘက်ထောင့်မှာ အက်ကွဲရာတစ်ခုရှိနေတယ်။

မြစ်ဆိပ်ကရေအပြည့်နဲ့ထမ်းတက်လာရင် အိမ်လည်းရောက်ရော

သံပုံးအကွဲကရေတစ်ဝက်ဘဲကျန်တယ်။

အဲဒီလိုနဲ့ရေထမ်းလာခဲ့တာ နှစ်နှစ်ကျော်လာခဲ့ပြီ။

သံပုံးအကောင်းကတော့အပြစ်အနာကင်းကင်းနဲ့မို့

ရေအပြည့်သယ်နိုင်တာကြောင့် ဂုဏ်တွေတဝင့်ဝင့်နဲ့ပေါ့။

တစ်ဖက်ကဂုဏ်တွေဝင့်နေတော့ ကျန်တစ်ဖက်က သံပုံးအကွဲက အလိုလို အားငယ်နေရတာပေါ့။

ကိုယ့်မှာကလည်း အားနည်းချက်ကရှိနေတာမို့ ရှက်လည်းရှက်နေရပါတယ်။

ကာလကကြာလာတော့ ဘယ်လိုမှ မခံစားနိုင်တဲ့အဆုံးမှာ

သံပုံးအကွဲကသခင်ကြီးကိုတောင်းပန်ချင်ပါတယ်။

ရေထမ်းယောကျာ်းကဘာကိုတောင်းပန်မှာလဲ?”

ကျနော်မှာရှိတဲ့ အက်ကြောင်းလေးကြောင့်

သခင့်မှာနှစ်နှစ်ကျော်ကျော်ရေတစ်ဝက်နဲ့စခမ်းသွားရတာကိုတောင်းပန်ချင်တာပါ။

တကယ်လို့သာကျနော်မှာသာ အပြစ်အနာအဆာမရှိရင်ရေထမ်းပုံးအပြည့်အိမ်ပါခဲ့မယ်။

ဒီလိုသာဆိုရင် သခင်ကြီး အခေါက်ရေများများသယ်စရာမလိုဘူးပေါ့။

သခင်လဲပင်ပန်းမှာမဟုတ်ဘူး။

သံပုံးလေးဟာ ပြောရင်းနဲ့အသံတိမ်ဝင်သွားပါတယ်။ ဆက်ပြောရင်ငိုမိမှာအမှန်ပါပဲ။

ကဲပါလေဝမ်းနည်းမနေပါနဲ့။ နောက်တစ်ခေါက်သယ်လိုက်ဦးမယ်၊

အိမ်အပြန်လမ်းမှာ ဘာတွေထူးခြားသလဲဆိုတာသတိထားကြည့်ထား၊ ကြားလား?”

ရေထမ်းယောကျာ်းဟာမြစ်ဆိပ်ကနေပြီးရေနှစ်ပုံးအပြည့်ထည့်ကာအိမ်ကိုထမ်းလာပါတယ်။

လမ်းတစ်ဖက်မှာ ရောင်စုံပန်းမျိုးစုံတွေဟာ ငွားငွားစွင့်စွင့် ပွင့်လို့နေပါတယ်။

ရောင်စုံပန်းတွေကိုကြည့်မိပြီးသံပုံးအကွဲဟာ စိတ်တွေလန်းဆန်းလာပါတယ်။

အိမ်ရောက်တော့ ရေတစ်ဝက်ပဲပါတာကို တွေ့ရပြန်တယ်။

ဒီတော့ စိတ်မကောင်းဖြစ်ပြီးငိုသံနဲ့တောင်းပန်မိပြန်တယ်။

ရေထမ်းယောကျာ်းက

ကဲငါပြောပြမယ်၊ လမ်းမှာရောင်စုံပန်းတွေတွေ့လား?

အဲဒီပန်းတွေက ဘယ်သူ့ဘက်မှာပေါက်နေလဲ?

မင်းရဲ့ဘက်ခြမ်းမှာပဲပေါက်နေ၊ ပွင့်နေတာမဟုတ်လား?

သံပုံးအကောင်းဘက်မှာ ဘာပန်းမှ မရှိဘူးလေ၊

မင်းရဲ့အားနည်းချက်ကိုသိလို့ ငါ ပန်းမျိုးစုံရဲ့မျိုးစေ့တွေကို မင်းဘက်ခြမ်းမှာ ကျဲခဲ့တယ်။

မင်းရဲ့အကွဲကနေ့စဉ်မပျက်ရေလောင်းပေးခဲ့တယ်လေ။

အဲဒီဝေဆာနေတဲ့ပန်းမျိုးစုံတွေကို

အိမ်ရှင်မကခူးပြီးဘုရားကိုပန်းပူဇော်ခဲ့တာတောင် နှစ်နှစ်ရှိခဲ့ပြီ။

မင်းကြောင့်ဘုရား ပန်းလှလှ ပူဇော်နိုင်ခဲ့သလို

ပိုတဲ့ပန်းတွေကို ဈေးမှာရောင်းခဲ့လို့ ဝင်ငွေတွေလည်းတိုးခဲ့တာ

မင်းကြောင့်ပဲ မဟုတ်လား?

အက်ကွဲနေတဲ့မင်းအားနည်းချက်ကိုအသုံးချနိုင်တဲ့အတွက်

အိမ့်ကျက်သရေတိုးခဲ့သလို အိမ်ရဲ့ဝင်ငွေတိုးခဲ့တာ ဘယ်သူ့ကြောင့်လဲ?

မင်းကြောင့်ပေါ့ကွယ်။ ဒါဟာဝမ်းနည်းစရာမဟုတ်ပါဘူး။

ဝမ်းသာလိုက်စမ်းပါ သံပုံးအကွဲလေးရယ်….!


ပုံပြင်ကတော့ဒါပါဘဲ။

လူတကာမှာ အားနည်းချက် ကိုယ်စီရှိနေတတ်ပါတယ်။

အားနည်းချက်ကြောင့် အားငယ်၊ စိတ်ပျက်ခဲ့တဲ့အကြိမ်ပေါင်း ဘယ်လောက်များခဲ့ပြီလဲ?

တကယ်ဖြစ်သင့်တဲ့ကိစ္စလားလို့စဉ်းစားမိပါသလား?

မဖြစ်သင့်ပါဘူး။

တကယ်ဖြစ်သင့်တာက

အဲဒီအားနည်းချက်ကို အားသာချက်ဖြစ်အောင် ဘယ်လိုလုပ်ရမလဲ? ဆိုတာ စဉ်းစားဖို့ပါ။

အားနည်းချက်ကို အားသာချက်ဖြစ်အောင်လုပ်ဖို့ဆိုတာ မခက်ပါဘူး။

ဉာဏ်ရှိဖို့ပဲလိုပါတယ်။

ဉာဏ်ရှိဖို့ဆိုတာလည်းမခက်လှပါဘူး။

သတိရှိရင် ဉာဏ်ရှိလာတာပါဘဲ။

ဒါကြောင့် သတိရှိအောင် သတိထားနေပေါ့။

သတိထားတဲ့အလေ့အကျင့်ရလာရင်..သတိရှိလာတယ်။

သတိရှိလာရင်လည်း ဉာဏ်ရှိလာတယ်။

ဉာဏ်ရှိလာရင် အားနည်းချက်တွေကို အားသာချက်ဖြစ်အောင်

ပြောင်းလဲနိုင်စွမ်းရှိလာပါလိမ့်မယ်။

“ စာမေးပွဲ...”



ငယ်နာမည်က မောင်ခင်၊

သူကတော့ သာသနာဘောင်ဝင်ပြီးလို့ ရဟန်းဖြစ်စရောက်တဲ့အခါ

အငယ်တန်း၊အလတ်တန်း၊ အကြီးတန်းတွေ ပထမကျော်အထိ အောင်မြင်ပြီးပြီ။

သူဟာ မြန်မာပြည်ပရိယတ္ထိစာမေးပွဲလောကမှာ အခက်ဆုံးလို့ နာမည်ကြီးတဲ့ မန္တလေးမြို့က

သကျသီဟ စာမေးပွဲမှာ စာသင်တန်းဝင်ဖြေတော့ ပထမဆုံးနှစ်မှာကျတယ်။

စာမေးပွဲကျတော့ သူက သကျသီဟ အသင်းလူကြီးတွေဆီသွားပြီး

ဦးဇင်းဒကာကြီးတို့အသင်းက ကျင်းပတဲ့ စာသင်တန်းဝင်ဖြေတာ ကျတယ်။

ဒီနှစ်ကျချင်ကျပါစေ၊

နောက်နှစ်မှာတော့ ဒကာကြီးတို့ရဲ့စာမေးပွဲစာသင်တန်းမှာ ဦးဇင်း ပထမရလိမ့်မယ်

ဆိုပြီး ကြုံးဝါးပြောဆိုခဲ့ပါတယ်။

အဲဒီလို ကြုံးဝါးခဲ့တဲ့ ဦးဇင်းငယ်ဟာ နောက်နှစ်မှာတော့ သူကြုံးဝါးတဲ့အတိုင်း

တကယ်ပဲ စာသင်တန်းမှာ ပထမစွဲပြီး အောင်တယ်။

အဲဒီနောက်နှစ်မှာ စာချတန်းဆိုတာကို ဖြေတော့လည်း

သကျသီဟစာမေးပွဲတလျှောက်လုံးမှာ တစ်ခါမျှ မကြုံဖူးသေးတဲ့

စာသင်တန်း၊ စာချတန်းဆက်တိုက် နှစ်ချင်းပေါက် သုံးကျမ်းပြီးအဖြစ်နဲ့အောင်တယ်။

ဒီဦးဇင်းရဲ့ ထူးခြားတဲ့အောင်မြင်မှုကြောင့်

အသင်းလူကြီးတွေနဲ့ နာယက ဆရာတော်ကြီးတွေက တိုင်ပင်ပြီး

ရိုးရိုးစာချဘွဲ့မျိုးပေးလို့တော့ မတော်ဘူး၊

ဂုဏ်ထူးနဲ့ထိုက်တန်တဲ့ဘွဲ့ထူးတစ်ခု သတ်မှတ်ပြီးပေးသင့်တယ်ဆိုပြီး

ဝဋံသကာ”(=အထွတ်အမြတ်)ဆိုတဲ့ ဘွဲ့ကို သတ်မှတ်ပေးရပါတယ်။

အဲဒီဦးဇင်းငယ်ဆိုတာ နောက်တော့

တိပိဋကဓရ၊ ဓမ္မဘဏ္ဍဂါရိက၊ မင်းကွန်းဆရာတော်ဘုရားကြီး

ဘဒ္ဒ န္တ ဝိစိတ္တသာရာဘိဝံသလို့

ထင်ရှားတဲ့ ကမ္ဘာ့ဂရင်းနစ် စံချိန်ဝင်တော်မူတဲ့ဆရာတော်ကြီးဖြစ်လာပါတယ်။


မခံချင်တဲ့စိတ်နဲ့ကြိုးစားခဲ့လို့ အောင်မြင်ခဲ့တဲ့အဖြစ်အပျက်တစ်ခုဖြစ်ပါတယ်။

စာမေးပွဲဆိုတာ တိုးတက်လိုသူတိုင်းအတွက် ဘဝတစ်လျှောက်လုံးမှာ

တွေ့နေရတဲ့အတားအဆီးတစ်ခုဖြစ်တယ်။

ဒီအတားအဆီးတွေကို ကျော်လွှားတဲ့အခါ

တစ်ကြိမ်မဟုတ်တစ်ကြိမ်တော့ ခြေလွတ်လက်လွတ်ဖြစ်တတ်ပါတယ်။

ဒါဟာသဘာဝဆိုတာ နားလည်ပြီး စိတ်ဓါတ်မကျဖို့လိုပါတယ်။

ငယ်စဉ်တုန်းက လဲကျလို့ ပြန်မထခဲ့ရင်း ဘယ်သူမှ လမ်းလျှောက်တတ်လာမှာမဟုတ်ပါဘူး။

လဲကျတိုင်း ပြန်ထခဲ့လို့သာ လမ်းလျှောက်တတ်လာသလို ပြေးတတ်လာကြတာပါ။

စာမေးပွဲကျဖူးပြီးထိပ်တန်းကိုရောက်လာတာနဲ့ပက်သက်ပြီး

မင်းကွန်းဆရာတော်ဘုရားဟာ အကောင်းဆုံးနမူနာတစ်ခုဖြစ်ပါတယ်။

ကဲ...လူကြီးမင်းလည်း စာမေးပွဲနဲ့ပက်သက်ပြီး

ကိုယ်ကိုယ်ကို ယုံကြည်မှုအပြည့်နဲ့ကြုံးဝါးရဲပြီလား?

လူသားတိုင်း ကျန်းမာကြပါစေ... လူသားတိုင်း ချမ်းသာကြပါစေ...
ခန္ဓာကိုယ်ကို လေ့ကျင့်ခန်းနဲ့စောင့်ရှောက်ပါ။ စိတ်ကို စာဖတ်ခြင်းနဲ့စောင့်ရှောက်ပါ။...

နူတ်ဆက်စကားလေးများ.....

မြန်မာတို့ရဲ့ ဘလော့ဂ်များ...

picoodle.com