Saturday, February 9, 2013

"အမေ့ထံသို့ ပေးစာများ- ၇၃..."





သို့
                                     ချစ်တဲ့အမေ                                   
သားသတိတရ စာရေးလိုက်ပါတယ်။
အမေ နေကောင်းလား။
ဒီနှစ်သစ်မှာတော့ ကျနော်တို့တွေ ကျန်းမာရေးမှာ ဒေါင်ဒေါင်မြည်နေပါတယ်။
ချီကာဂိုက ပြန်လာပြီး အဝတ်အစားတွေ ကောက်သိမ်းရပြီလေ။
အလုပ်ပြောင်းတော့ နေရာလည်း ပြောင်းဖို့ဖြစ်လာတယ်။
သူ့အလုပ်က ထွက်သွားသူကို အကြာကြီးထားချင်ပုံမရပါဘူး။
ဒါလည်း သဘာဝကျပါတယ်။
ဇန္နဝါရီလ ၃ရက်နေ့ဟာ ရုံးဖွင့်ရက်ဖြစ်တာမို့ ရုံးလုပ်ငန်းတွေကိုလုပ်ရတယ်။
စာကြည့်တိုက်က ငှားထားတဲ့စာအုပ်တွေ အားလုံးကို ပြန်အပ်ရတယ်။
ဘဏ်စာရင်းပိတ်ရတယ်။ ကျနော်တို့သွားမယ့်နေရာမှာ chase ဘဏ်မရှိတော့
ဘဏ်စာရင်းပိတ်ဖို့ဖြစ်လာတယ်။ စာရင်းသာ မပိတ်လိုက်ရင်လည်း အသွင်းအထုတ်လုပ်ဖို့ခက်လာလိမ့်မယ်လို့ သူငယ်ချင်းကပြောတယ်။
ပြီးတော့ ဘဏ်ဆိုတာကလည်း စာရင်းမပိတ်လို့ သတ်မှတ်ထားတဲ့ငွေကြေးမရှိရင် အလိုလိုနေရင်း
ငွေတိုးတွေတက်နေတာ။ ရောက်စတုန်းက ဘဏ်တစ်ခုမှာ စာရင်းဖွင့်ဖူးတယ်။
ဝယ်ဖါကို(Wells Fargo)ဆိုတဲ့ဘဏ်မှာလေ။ ဘဏ်ရဲ့လုပ်ထုံးလုပ်နည်းတွေကို
သူတို့ကလည်း ရှင်းမပြဘူး။
ကျနော်တို့ကလည်း နားမလည်ဘူး။ ငွေကို သုံးလိုက်တိုင်း အပိုကြေးတွေပေးပေးနေရတယ်။
saving account နဲ့ checking account ကိုနားမလည်ပဲ ငွေသွင်းပြီး ငွေတွေကို သုံးမိနေလို့လေ။
အဲဒီအချိန်မှာ ကိုယ့်ငွေတော်တော်များများဟာ ဘဏ်က စားသွားပြီ။
ကယ်လီဖိုးနီးယားကနေပြောင်းတော့ အဲဒီဘဏ်စာရင်းပါပိတ်လိုက်တယ်။
ဝန်ဆောင်မှု ညံ့တဲ့စာရင်းထဲ အဲဒီဘဏ်ကို ထည့်လိုက်တယ်။
မစ်ချီဂန်မှာတော့ ချေ့(Chase)ဘဏ်ကို အသုံးပြုတယ်။
ချေ့က ဝန်ဆောင်မှုကောင်းတယ်။ သိချင်တာကို ရှင်းပြတယ်။
လုပ်ချင်တာကိုလည်း လုပ်ပေးတယ်။
စိတ်ချမ်းသာရတယ်။
ဒါပေမယ့် အခုသွားမယ့်နေရာမှာ ချေ့ဘဏ်မရှိဘူးပြောတော့ ဘဏ်စာရင်းကိုပိတ်လိုက်ရတယ်။
နောက်ဘဏ်တစ်ခုကိုပြောင်းလိုက်ရတယ်။
Bank of America ကိုပြောင်းတယ်။
ဝန်ဆောင်မှုမှာတော့ ချေ့ဘဏ်ကို မမီသလို ဝယ်ဖါကိုထက်တော့ သာတယ်လို့ခံစားမိတယ်။
“သေနတ်တစ်လက်ရှိရင် ဘဏ်ကို ဓားမြတိုက်လို့ရတယ်။ ဒါပေမယ့်
ဘဏ်တစ်ခုရှိရင် လူတိုင်းဆီက ဓားမြတိုက်လို့ရတယ်” ဆိုတာကို
အသိတစ်ယောက်ဆီက ကြားခဲ့ဖူးတယ်။အခုမှ နားလည်လာသလိုဖြစ်လာတယ်။
လူဆိုးလုပ်စားတာထက် သူဋ္ဌေးလုပ်စားရတာ ပိုကောင်းတယ်လို့ပြောချင်တာများလား။
ခက်တာက အမေရိကားမှာ ဘဏ်မှာ ငွေကို မထားရင် မဖြစ်အောင်စီစဉ်ထားတဲ့သဘောဖြစ်နေတယ်။
ခရီးရှည်သွားရမှာမို့ ကားကိုလည်း အသေးစိတ် စစ်ဆေးမှုလုပ်လိုက်တယ်။
အားလုံးကောင်းတယ်ဆိုတော့မှ စိတ်အေးသွားတယ်။
မြန်မာနိုင်ငံရဲ့လွတ်လပ်ရေးနေ့မှာတော့ ကျနော်တို့ ကားတစ်စီးနဲ့ခရီးထွက်ခဲ့တယ်။
အခုသွားရမှာက မြောက်ကာရိုးလိုင်းနားဆိုတော့ မစ်ချီဂန်နဲ့ဆို မိုင်ပေါင်း တစ်ထောင်လောက်ရှိတယ်။
မိုင်တစ်ထောင်ခရီးကို ကားမောင်းသွားတဲ့အတွေ့အကြုံမရှိဘူးသေးတော့
စိတ်လှုပ်ရှားမိတာ အမှန်ပါပဲ။
ချီကာဂိုကို သွားတဲ့အတွေ့အကြုံကတော့ ကိုယ့်ကိုယ်ကို ကိုယ်ယုံကြည်မှုဖြစ်စေတယ်။
ဒီခရီးအတွက်လည်း အထောက်အပံ့ဖြစ်စေတယ်။
ဒီခရီးကိုလည်း အေးအေးဆေးဆေး မောင်းသွားမယ်လို့ စိတ်ကူးတယ်။
လိုအပ်ရင် လမ်းမှာ တစ်ညအိပ်ဖို့လည်း အစီအစဉ်ထဲ ဆွဲထားတယ်။
ခရီးတစ်ဝက်ဖြစ်တဲ့ Knoxville မှာ ညအိပ်ဖို့ Holiday Inn ရဲ့လိပ်စာကို GPS မှာ ရိုက်ထည့်လိုက်တယ်။
အမေရိကားမှာတော့ GPS ဟာ မိတ်ဆွေကောင်းတစ်ယောက်လို အားကိုးရတယ်အမေရေ့။
လိပ်စာအတိအကျကိုသာ ရိုက်ထည့်လို့ကတော့ သွားချင်တဲ့နေရာကို
အရောက်ပို့ပေးပါလိမ့်မယ်။
နံနက် ၁၁-နာရီကျော်ကျော်မှာ မစ်ချီဂန်ပြည်နယ်ရဲ့အရှေ့လင်စင်းမြို့ရဲ့အိမ်က စတင်ထွက်ခွာခဲ့တယ်။
တစ်မြို့လုံးကို ထုံးဖြူးထားသလို ဖွေးဖွေးကို ဖြူလို့။
မစ်ချီဂန်ရဲ့ဆောင်းသရုပ်က ပီပြင်လှတယ်။
အေးချမ်းလှတဲ့မြို့လေးကို ခွဲခွာရတော့ စိတ်ထဲမှာ လွမ်းသလိုလိုဖြစ်လိုက်သေးတယ်။
ဘာလွမ်းမှန်းလည်း မသိဘူး။
ကျနော့်ရဲ့အနားမှာလည်း ချစ်ဖို့ကောင်းတဲ့ဇနီးသည်က ပါလာတော့ လွမ်းနေချိန်လည်း သိပ်မရလိုက်ပါဘူး။
စကားတပြောပြောနဲ့ထွက်လာခဲ့တယ်။
စကားပြောဖော်ပါလာတော့ အိပ်မငိုက်တော့ဘူးပေါ့။
အမေရိကန်မှာ ကားတွေကလည်း များလိုက်တာ။
လမ်းတွေကလည်းကောင်းလိုက်တာ။
လမ်းစည်းကမ်း၊ယာဉ်စည်းကမ်းတွေကလည်း ကောင်းတော့
လမ်းမှာ တစ်ခုခုဖြစ်နေတဲ့မြင်ကွင်းကို မတွေ့ရသလောက်ပါပဲ။
အဲဒါကိုက စိတ်ချမ်းသာဖို့ကောင်းတယ်။
မကြာခင်မှာပဲ မစ်ချီဂန်ပြည်နယ်က လွန်လာပြီး အိုဟိုင်းရိုပြည်နယ်(OHIO)ထဲရောက်လာတယ်။
OHIO ပြည်နယ်ဟာ အဆောက်အဦးတွေက နည်းနည်းလာပြီး လယ်ကွင်းပြင်တွေ ပိုတွေ့လာတယ်။
တစ်ဖက်တစ်ချက်မှာ လွင်ပြင်ကျယ်တွေတွေ့ရပြီး ဆီးနှင်းတွေကလည်း ထူထူထပ်ထပ်ကျထားတော့
မြင်သမျှဟာ ဖြူဖွေးနေတော့တာပဲ။



လေကလည်း အရမ်းတိုက်တော့ ဆီးနှင်းတွေဟာ ကားလမ်းပေါ်မှာ ပြန့်ကျဲနေတယ်။
တော်တော်အေးမယ့်ပုံ။
ကားကို အလုံပိတ်ပြီး အပူပေးထားတော့ အအေးကို မသိပေမယ့်မြင်ကွင်းတွေက
အအေးပြင်းထန်မယ့်ပုံရိပ်တွေကို မြင်ရတယ်။
OHIO ပြည်နယ်ရဲ့ဒေတန်မြို့(DAYTON)ကိုရောက်တော့ နေ့လည် ၃-နာရီကျော်နေပြီ။
ဆာလာတာနဲ့ မက်ဒေါနားစားသောက်ဆိုင်တစ်ဆိုင်ထဲဝင်ပြီး နေ့လည်စာကို စားဖြစ်တယ်။
အဲဒီစားသောက်ဆိုင်မှာ စားနေတုံး သူငယ်ချင်းဆီက ဖုံးဝင်လာတယ်။
“နံနက်ဖြန်မှာ အလုပ်တစ်ခုပေါ်လာတဲ့အတွက် ဒီည အရောက်မောင်းနိုင်ရင် ကောင်းမယ်” တဲ့။
“ဒီည ရောက်ခဲ့ရင် နံနက်ဖြန်မှာ ဝါရှင်တန်ဒီစီ(WASHIOTON DC)ကို တက်မယ်” တဲ့။
ဒါနဲ့ပဲ လမ်းမှာ ညအိပ်ဖို့ အစီအစဉ်လည်း ပျက်သွားတော့တယ်။
အေးအေးဆေးဆေး ခရီးသွားတဲ့ပုံစံလည်း ပျက်သွားတယ်။
မိုးမလင်းခင် ရောက်မှဖြစ်မယ်ဆိုတဲ့စိတ်နဲ့ ဆက်တိုက်ဆိုသလို မောင်းလာခဲ့တယ်။
ကင်တပ်ကီပြည်နယ်(KENTUCKY)ကိုဖြတ်ပြီး တင်နက်ဆီပြည်နယ်(TENNESSEE)
နော့ဗေးလ်မှာ ဆီဝင်ဖြည့်တယ်။



အဲဒီရောက်တော့ မိုးချုပ်နေပြီ။
ညစာကိုတော့ ကားပေါ်မှာပဲ ဖြစ်သလိုစားလိုက်တယ်။
ဆက်တိုက်မောင်းလာလိုက်တာ နံနက် ၅း၀၀နာရီကျော်တော့မှ
မြောက်ပိုင်း ကာရိုးလိုင်းနားပြည်နယ်မှာ ရှိတဲ့ ကယ်ရီဆိုတဲ့မြို့ကို ရောက်တယ်။
သူငယ်ချင်းက ထွက်လာပြီး ကြိုဆိုပါတယ်။
မိုင်တစ်ထောင်ပတ်ဝန်ကျင်ခရီးကို ဆက်တိုက်မောင်းလာတဲ့အတွက်
“မင်းရဲ့ကားက တော်တော်ပြေးတာပဲ” လို့ချီးကျူးရှာပါတယ်။
ဒီလောက်ခရီးကို ပထမဆုံးအကြိမ်မောင်းလာခဲ့တဲ့သူကိုတော့
ချီးကျူးစကားပြောဖို့ မေ့နေဟန်တူတယ်။
မေ့နေတယ်ဆိုတာထက် လူကို ချီးကျူးဖို့ ဝန်လေးနေပုံရပါတယ်။
ဒါနဲ့များအစားအသောက်လုပ်ငန်းနဲ့ အသက်မွေးဝမ်းကြောင်းနေတာကို အံ့သြမိတယ်။
ချီးမွမ်းစကား မပြောပဲနဲ့ လူတွေကို ဘယ်လိုဝန်ဆောင်မှု လုပ်နေပါလိမ့်။
ပြီးတော့ ပြောစရာတွေပြောပြီး ၈း၀၀နာရီမှာ ခရီးဆက်ထွက်ရမှာမို့
ခဏအိပ်ဖို့ အချိန်ပေးတာနဲ့ အိပ်လိုက်တာ သူငယ်ချင်း လာနှိုးတော့မှ နိုးတော့တယ်။
နံနက်စာ စားပြီး သူငယ်ချင်းရဲ့အမျိုးသမီး(Girl-friend)ရဲ့ကားနဲ့ထွက်ခဲ့တယ်။
ဒီမှာတော့ ကျနော်က ကားမောင်းစရာမလိုတော့ပါဘူး။
သူငယ်ချင်းရဲ့အမျိုးသမီးကားကို သူငယ်ချင်းက မောင်းတော့
 လမ်းမှာ အားရပါးရ အိပ်လိုက်လာခဲ့တယ်။
ဒီမှာတော့ မြောက်ပိုင်းကာရိုလိုင်းနားကနေ ဗာဂျီးနီးယားပြည်နယ်(Virginia)ကိုဖြတ်၊
ပြီးတော့ ဝါရှင်တန်ဒီစီကိုဝင်၊
ဒီမှာလည်း မိုင်ပေါင်းက သုံးရာနီးပါး။
ကျနော်တို့ ညမအိပ်ပါဘူး။ ဆိုင်ကိုကြည့်ပြီးနေ့ချင်းပြန်လာခဲ့တယ်။
အသွားအပြန်ဆိုရင် မိုင်ခြောက်ရာနီးပါး။
ဒီနှစ်တော့ ခရီးသွားရမယ့်နှစ်လားမသိပါဘူး။
ကားတစ်စီးပေါ်က နောက်တစ်စီး၊
ပြည်နယ်တစ်ခုကနေ နောက်ပြည်နယ်တစ်ခု၊
ရောက်တဲ့စားသောက်ဆိုင်မှာ စား။
မြန်မာလူမျိုးဆိုတော့ မြန်မာအစားအစာဖြစ်တဲ့ထမင်းကို အရင်ဆုံးရှာတာပေါ့။
ထမင်းမရှိတော့မှ အခြားအစားအသောက်ကို စဉ်းစားဖြစ်ပါတယ်။
ဝါရှင်တန်ဒီစီရောက်တော့ မြန်မာထမင်းဆိုင်တစ်ခုရှိတယ်ဆိုတာနဲ့
နေ့လည်စာအဖြစ် သွားပြီးစားဖြစ်တယ်။
မြန်မာပြည်ကိုလွမ်းနေတာနဲ့ မြန်မာထမင်း၊ဟင်းကို အားရပါးရစားလိုက်ရတာ
မြိန်လိုက်တာ အမေရယ်။
အမေ့ရဲ့လက်ရာနဲ့တူတယ်။
အမေ့ကို သတိရတယ်။
သတိရတာထက် လွမ်းတယ်လို့ပြောရင် ပိုမှန်လိမ့်မယ်ထင်ပါတယ်။

အမေ့ကို ချစ်တဲ့သား
အောင်ဝင်းဟိန်း
ကာရီမြို့၊
မြောက်ပိုင်းကာရိုးလိုင်းနားပြည်နယ်၊
အမေရိကန်ပြည်ထောင်စု။
၂-၉-၂၀၁၃



ဗီယမ်းနား(Vienna)မှာ ရှိတဲ့မြန်မာထမင်းဆိုင်


လူသားတိုင်း ကျန်းမာကြပါစေ... လူသားတိုင်း ချမ်းသာကြပါစေ...
ခန္ဓာကိုယ်ကို လေ့ကျင့်ခန်းနဲ့စောင့်ရှောက်ပါ။ စိတ်ကို စာဖတ်ခြင်းနဲ့စောင့်ရှောက်ပါ။...

နူတ်ဆက်စကားလေးများ.....

မြန်မာတို့ရဲ့ ဘလော့ဂ်များ...

picoodle.com