Friday, November 12, 2010

“ စိတ်ကောင်းရှိသူလေး…”



တစ်ခါတုန်းက အလွန်ဆင်းရဲနွမ်းပါးတဲ့ ကလေးမလေးတစ်ဦးရှိတယ်။

သူမမှာ မိဘများလည်း မရှိတော့ပါ။

အိမ်လည်း မရှိ၊ အိပ်စရာနေရာလည်း မရှိတော့ပေ။

စိတ်ကောင်းနှလုံးကောင်းရှိသူက ပေးတဲ့ ပေါင်မုန့်တစ်လုံးကို ကလေးမဟာ ကိုင်ထားရင်း

ခရီးထွက်လာပါတယ်။

ဒီကလေးမလေးဟာ ဘာသာတရား ကိုင်းရှိုင်းသူတစ်ဦးဖြစ်တယ်။

ဆင်းရဲပြီး အခြေအနေဆိုးပေမယ့် ဘုရား၊တရားကို အထူးလေးစားသူ ဖြစ်ပါတယ်။

ပေါင်မုန့်ကိုင်းထားတဲ့ ကလေးမဟာ လမ်းမှာ ဆင်းရဲတဲ့ အဘိုးအိုတစ်ဦးကို တွေ့တယ်။

အဘ ဆာလွန်းလို့ ပေါင်မုန့်နည်းနည်းပေးစားပါ ကလေးမရယ်

လို့အဘိုးအိုက တောင်ပန်ပါတယ်။

ကလေးမဟာ ဆင်းရဲတဲ့ အဘိုးအိုကို သနားတဲ့အတွက် ပေါင်မုန့်တစ်လုံးကို ပေးလိုက်ပါတယ်။

ပေါင်မုန့်ကို ပေးပြီး

အဘိုးကို သူတော်ကောင်းတွေ မစပြီး ကျန်းမာချမ်းသာပါစေ

လို့ နှုတ်ဆက်ဆုတောင်းပေးခဲ့ပါတယ်။

အဲဒီနောက် ကလေးငယ်တစ်ဦးကို တွေ့ပြန်ပါတယ်။

ကလေးငယ်က

ကျနော့်မှာ ဘာမှ ဆောင်းစရာမရှိလို့၊

ခေါင်းတွေ ခြစ်ခြစ်တောက်ပူနေပါပြီ။

ဆောင်းစရာ တစ်ခုခုပေးကြပါ

လို့ တစာစာ တောင်းနေပါတယ်။

စိတ်ကောင်းရှိတဲ့ သူငယ်မလေးဟာ သူမဆောင်းထားတဲ့ ဦးထုပ်ကို ချွတ်ပြီး

ကလေးအား ရက်ရက်ရောရော ပေးလိုက်ပါတယ်။

နောက်တစ်နေရာမှာ မိုးတွေထိထားတဲ့အတွက်

တဆတ်ဆတ်တုန်နေတဲ့ အဘွားအိုတစ်ဦးကို တွေ့ရာ

တစ်ထည်တည်းသာရှိတဲ့ ဆွယ်တာ အစုတ်ကလေးကို ချွတ်ပြီး

အဘွားအိုကို ပေးလိုက်ပါတယ်။

ဝတ်စရာအဝတ်မရှိတဲ့အတွက် ကိုယ်လုံးတည်း ဖြစ်နေတဲ့ ကလေးမလေးတစ်ဦးကို

သူမရဲ့ အင်္ကျီတစ်ထည်ကို ပေးခဲ့ပါတယ်။

သူမမှာ အတွင်းခံအင်္ကျီသာကျန်ပါတော့တယ်။

ခရီးဆက်ခဲ့ရာ မှောင်ရီပျိုးစ အချိန်မှာ တောအုပ်အစပ်နားကို ရောက်လာပါတယ်။

တောစပ်နားမှာချမ်းပြီးတခိုက်ခိုက်တုန်နေတဲ့ ကလေးမလေးတစ်ဦးကို တွေ့ပြန်ပါတယ်။

ဝတ်စရာ ဘာမှ မရှိတဲ့အတွက် ဝတ်စရာတစ်ခုခုပေးဖို့တောင်းပါတယ်။

အဲဒီအခါ စိတ်ကောင်းရှိသူကလေးမက

အင်းငါ့မှာလည်း အတွင်းခံအင်္ကျီပဲကျန်တော့တယ်။

ဒါပေးလိုက်ရင် ငါ့မှာ ဘာဆိုဘာမှ မရှိတော့ဘူး။

ဒါပေမယ့် သူခမြာလဲ သိပ်ချမ်းနေရှာတယ်။

အေးလေ မှောင်လာပြီပဲ။

ငါ့မှာ ဘာမှ မဝတ်ထားလည်း ဘယ်သူမှ မမြင်နိုင်ပါဘူး


လို့စဉ်းစားပြီး အတွင်းခံအင်္ကျီလေးကို ချွတ်ပြီး

တခိုက်ခိုက်တုန်နေတဲ့ ကလေးမလေးကို ပေးလိုက်ပါတယ်။

စိတ်ကောင်းရှိတဲ့ ကလေးမလေးဟာ ဗလာကျင်းကိုယ်နဲ့ ခရီးဆက်သွားတဲ့အခါ

ကောင်ကင်မှ တောက်ပတဲ့ အလင်းများဟာ

ကလေးမလေးနားကို ကျရောက်လာပါတယ်။

ကျလာတဲ့အလင်းများဟာ ကလေးမလေးနားရောက်တဲ့အခါ

ရွှေ၊ ငွေ နဲ့ အလှပဆုံးအဝတ်အစားများ၊

အကောင်းဆုံးအစားအစာများ၊

အဖြစ်ပြောင်းသွားပါတော့တယ်။

ဒါနဲ့ပဲ စိတ်ကောင်းရှိတဲ့ ကလေးမလေးဟာ

သူတော်ကောင်းသူမြတ်လောင်းများ မစတဲ့ အဝတ်ကိုဝတ်၊

အစားကောင်းများကို စားပြီး တန်ဖိုးထိုက်တဲ့ ရတနာများရတဲ့အတွက်

တစ်သက်လုံး ချမ်းချမ်းသာသာနေနိုင်သွားတဲ့အပြင်

ဆင်းရဲသူဆင်းရဲသားများကိုလည်း

တစ်သက်လုံး ထောက်ပံ့ စောင့်ရှောက်သွားပါတော့တယ်။

“ လောဘကြီးသူနဲ့သဝန်တိုတတ်သူ…”



မိုးနတ်မင်းကြီးတစ်ပါးဟာ ခရီးသွားနှစ်ဦးကို တွေ့ပါတယ်။

တစ်ဦးမှာ လောဘကြီးပြီး၊

ကျန်တစ်ဦးမှာ သဝန်တိုတတ်ပါတယ်။

ခရီးသွားရင်း လမ်းခွဲဖို့ အချိန်ရောက်တဲ့အခါ

မိုးနတ်မင်းကြီးက သူတို့နှစ်ဦးအား

အမှတ်တရ လက်ဆောင်တစ်ခုပေးချင်ကြောင်းပြောပါတယ်။

နှစ်ဦးအနက် ပထမဆန္ဒပြုသူဟာ သူရဲ့ ဆန္ဒပြည့်ဝပါလိမ့်မယ်။

ဒါပေမယ့် ဒုတိယလူကမူ

ပထမ တောင်းခံတဲ့ လူရဲ့ ဆန္ဒရဲ့ နှစ်ဆ ပြည့်ဝလိမ့်မယ်

လို့ ပြောလိုက်ပါတယ်။

နှစ်ဦးစလုံးက စောင့်နေကြပါတယ်။

တစ်ဦးက အရင်ဆန္ဒပြုရန် ကျန်တစ်ဦးက စောင့်နေပါတယ်။

နောက်ဆုံးမှာတော့ လောဘကြီးသူဟာ မနာလိုဝန်တိုတတ်သူရဲ့လည်ပင်းကို

အတင်းဝင်ညှစ်ပြီး သူရဲ့ ဆန္ဒကို ဖော်ထုတ်ရန် အကြပ်ကိုင်ပါတယ်။


အဲဒါကြောင့် မနာလိုဝန်တိုသူက

ကောင်းပါပြီ၊ ငါရဲ့ မျက်စိတစ်ဖက်ကန်းရပါစေသား

လို့ ဆန္ဒပြုလိုက်ပါတယ်။

ချက်ချင်းဆိုသလိုပင် မနာလို ဝန်တိုတတ်သူဟာ မျက်စိတစ်ဖက်ကွယ်သွားပါတယ်။

သူရဲ့အဖော် လောဘကြီးသူမှာမျက်စိနှစ်ဖက်လုံး ကွယ်သွားပါတော့တယ်။


လူကြီးမင်းခင်ဗျား...

အကောင်းဆုကို မတောင်းသင့်ဘူးလား၊

တောင်းရင်ဖြစ်နိုင်ပါရက်ကယ်နဲ့

တစ်ဦးအကျိုးစီးပွားကို တစ်ဦးကမလိုလားတဲ့အခါ

ရလာဒ်က ဘယ်သူ့အတွက် မှ အကျိုးမဖြစ်ပေါ်လာဘဲ

နှစ်ဦးစလုံး အကျိုးယုတ်သွားတဲ့ သာဓကတစ်ခု

ဖြစ်ပါတယ်။

သတိ၊ဉာဏ်နဲ့ကြည့်တတ်မယ်ဆိုရင် အပြင်မှာလည်း

ဒီလိုဖြစ်ရပ်တွေကို အများကြီးတွေ့ရပါလိမ့်မယ်။

ဘဝတိုတိုလေးမှာ ဒီလိုအဖြစ်မျိုးက ဖြစ်သင့်ပါသလား၊

သတိ၊ ဉာဏ်နည်းသူတွေ ဆိုရင်တော့ ဖြစ်နေဦးမှာပဲ။

ကိလေသာက

သတိ၊ ဉာဏ်နည်းသူတွေကို အမြဲတမ်းအနိုင်ယူနေကြ မဟုတ်လား။


“ ရန်ငြိမ်းဆေး…”



တစ်ခါတုန်းက ရဟန်းနှစ်ပါးဟာ

တစ်ဦးနဲ့တစ်ဦး ညီညွတ်အေးချမ်းစွာ

နှစ်ပေါင်းများစွာ အတူနေထိုင်ခဲ့ကြပါတယ်။

အဲဒီလိုနေရတဲ့ဘဝကို ငြီးငွေ့လာတဲ့ ရဟန်းတစ်ပါးက

နေ့တိုင်းလုပ်နေတဲ့ လုပ်ငန်းတွေကို ဘေးဖယ်ပြီး

တစ်မျိုးပြောင်းနေကြည့်ရအောင်၊

လောဘသားတွေလို နေကြည့်ရအောင်လေ

လို့ပြောပါတယ်။

ဆိတ်ကွယ်ရာတွင် အေးအေးနေလာခဲ့တာ ကြာပြီးဖြစ်တဲ့အတွက် ဒုတိယဘုန်းကြီးက

လောဘသားတွေ ဘယ်လိုနေသလဲ

လို့မေးကြည့်ပါတယ်။

ပထမဘုန်းကြီးက

အေး၊ တစ်ခုကတော့ လောကမှာ ရန်ဖြစ်ကြပါတယ် ”

လို့ပြောပြပါတယ်။

အဲဒီကျောက်တုံးလေးကို ကြည့်ပါ။

တပည့်တော်တို့ နှစ်ယောက်ကြားမှာ သူ့ကိုထားကြည့်ပြီး

တပည့်တော်တို့ နှစ်ယောက်လုံးက

ဒါ ငါ့ကျောက်တုံး

လို့ပြောကြည့်ရအောင်လို့ ပြောပါတယ်။

သီတင်းသုံးဖော်ရဟန်းရဲ့ဆန္ဒကို လိုက်လျောတဲ့အနေ ဒုတိယရဟန်းဟာ

ကျောက်တုံးကို ကောက်ပြီး သူတို့နှစ်ပါးကြားတွင်ထားကာ

ဒီကျောက်တုံးက ငါ့ကျောက်တုံး

လို့ပြောပါတယ်။


ပြန်လည်သုံးသပ်ဆင်ခြင်ဖို့ ခဏရပ်ပြီး

နှစ်ပေါင်းများစွာမိတ်ဆွေအဖြစ်

သဟဇာတမျှမျှ နေခဲ့တဲ့ ခံစားမှုများကို ထောက်ထားလျက်

ရန်ဖြစ်ရန် အဆိုပြုခဲ့တဲ့ ပထမရဟန်းဟာ စိတ်ပြောင်းပြီး

အိုသီတင်းသုံးဖော် နောင်တော်ရဟန်း၊

ကျောက်တုံး ဟာ သင့်ကျောက်တုံးဆိုရင် သင်သာ သိမ်းထားပါ

လို့ ပြောလိုက်ပါတယ်။

အဲဒါကြောင့် ရန်မဖြစ်တော့ပါ။

လူသားတိုင်း ကျန်းမာကြပါစေ... လူသားတိုင်း ချမ်းသာကြပါစေ...
ခန္ဓာကိုယ်ကို လေ့ကျင့်ခန်းနဲ့စောင့်ရှောက်ပါ။ စိတ်ကို စာဖတ်ခြင်းနဲ့စောင့်ရှောက်ပါ။...

နူတ်ဆက်စကားလေးများ.....

မြန်မာတို့ရဲ့ ဘလော့ဂ်များ...

picoodle.com