Friday, November 12, 2010

“ ထိလျက်နဲ့ မသိ…”



တစ်ခါတုန်းက ငါးတွေ အားလုံးဟာ အစည်းအဝေးတစ်ခုပြုလုပ်ဖို့အတွက်

မြစ်ကို ဆန်တက်ကူးခတ်သွားကြပါတယ်။

သူတို့တစ်တွေဟာ စိတ်ပျက်ဒေါသထွက်နေကြပါတယ်။

ဒေါသထွက်ရ၊ စိတ်ပျက်ရတဲ့အကြောင်းရင်း ရှိနေပါတယ်။


သူတို့ရဲ့ဘဝဟာ လုံးလုံးလျားလျား ရေပေါ်မှာ တည်နေရတယ်။

ရေမရှိရင် ငါးတွေ မရှိနိုင်၊

အသက်မရှင်နိုင်ဘူး

လို့ တစ်စုံတစ်ယောက်က ပြောလိုက်တဲ့စကားကြောင့် ဖြစ်ပါတယ်။

သူတို့အချင်းချင်းကြည့်ပြီး

တို့ထဲမှာ ဘယ်ငါးက ရေမြင်ဖူးသလဲ

လို့ မေးကြပါတယ်။

ရေဆိုတာ ဘယ်လိုဟာမျိုးလဲဆိုတာကော သိရဲ့လား

လို့အချင်းချင်းမေးခွန်းတွေအမျိုးမျိုး ထုတ်နေကြပြန်တယ်။

အမျိုးမျိုးဆွေးနွေးကြ၊ ငြင်းခုံပြီးတဲ့အခါ အသက်ကြီးတဲ့ ငါးတစ်ကောင်က

အောက်ပါအတိုင်း အကြံပေးပါတယ်။

ပင်လယ်ထဲမှာ အလွန်ပညာဉာဏ်ကြီးတဲ့ ငါးကြီးတစ်ကောင်ရှိတယ်၊

အဲဒီငါးကြီးက အစစရာရာကိုသိတယ်။

သဘာဝရဲ့ လျှို့ဝှက်ဆန်းကြယ်တာတွေကိုလည်း သိတယ်။

တို့တစ်တွေ သူ့ထံသွားပြီး မေးရရင် မကောင်းဘူးလား၊

ရေကိုပြပေးဖို ပြောရင် မကောင်းဘူးလား

လို့ အကြံပေးပါတယ်။

အဲဒီအကြံကို ကောင်းတယ်လို့ အားလုံးက လက်ခံတဲ့အတွက် ငါးတွေဟာ

ရေကိုစုန်ပြီး ပင်လယ်ဘက်ကို ကူးသွားကြပါတယ်။

ပင်လယ်ကိုရောက်ကြပြီး ရက်ပေါင်းတော်တော်ကြာအောင် ရေကူးလိုက်တဲ့အခါ

ပညာရှိ ငါးကြီးထံ ရောက်သွားပါတယ်။

ငါးကြီးအား သူတို့တွေရဲ့ ပြဿနာကို တင်ပြကြပါတယ်။


အဲဒီအခါ ပညာရှိငါးကြီးက သူဆီရောက်လာတဲ့ ငါးတွေကို ကြည့်ပြီး

မင်းတို့တစ်တွေ ကြည့်ရတာ တော်တော်စဉ်းစားဉာဏ်ကင်းမဲတဲ့ပုံပေါက်တယ်။

မင်းတို့အားလုံး ဥကနေ အကောင်ပေါက်တဲ့အချိန်ကစပြီး

မင်းတို့တစ်တွေရေထဲမှာ နေလာကြတာ

မင်းတို့ မသိကြဘူးလား၊

မင်းတို့ပတ်ပတ်လည်မှာ ရေတွေပဲပေါ့။

အဲဒီလို အနေအထားမှာ ရေကို

မသိဘူးဆိုတာ ဘာကို ဆိုချင်တာလဲ။

မင်းတို တစ်ချိန်လုံး နေ နေတာ ရေထဲမှာပဲပေါ့။

မင်းတို့နဲ့ ထိနေတာ မင်းတို့ မသိဘူးလား။

တကယ်လို့သာ ရေမရှိဘူးဆိုရင်

တို့ငါးတွေ အားလုံး တစ်ကောင်မှ အသက်ရှင်နိုင်မှာ မဟုတ်ဘူး

လို့ ပညာရှိ ငါးကြီးက ရှင်းပြပါတယ်။


အဲဒီတော့မှ ငါးတွေအားလုံးဟာ ပညာရှိ ငါးကြီးရဲ့ ရှင်းလင်းချက်ကို သဘောကျပြီး

သူတို့နေထိုင်ရာ နေရာကို ပြန်ကူးခတ်သွားကြပါတယ်။

သူတို့ပတ်လည်တွင် အမြဲရေတွေ ရှိနေတာကို သိပြီး

ပျော်ရွှင်ချမ်းမြေ့စွာ ရေထဲမှာ အသက်ရှင်နေထိုင်သွားကြပါတယ်။

No comments:

လူသားတိုင်း ကျန်းမာကြပါစေ... လူသားတိုင်း ချမ်းသာကြပါစေ...
ခန္ဓာကိုယ်ကို လေ့ကျင့်ခန်းနဲ့စောင့်ရှောက်ပါ။ စိတ်ကို စာဖတ်ခြင်းနဲ့စောင့်ရှောက်ပါ။...

နူတ်ဆက်စကားလေးများ.....

မြန်မာတို့ရဲ့ ဘလော့ဂ်များ...

picoodle.com