Thursday, February 4, 2010

“ အကောင်းဆုံးမို့ ဆွမ်းတော်ကပ်ထားပါတယ်။...”



ရှေးတုန်းက ရွာတစ်ရွာမှာ
အကောင်းမှ ကြိုက်တတ်တဲ့ ဘုန်းကြီးတစ်ပါးရယ်၊
ဘုန်းကြီးလိုပဲ အကောင်းမှ ကြိုက်တတ်တဲ့ ကျောင်းသားတစ်ဦးရယ် ရှိကြပါတယ်။
တစ်နေ့တော့ ဆရာ၊တပည့် ဆွမ်းခံထွက်လာကြတယ်။
ပထမ ဆယ်အိမ်လောက်မှာ ဆွမ်းကမကောင်းပါ။
ပဲပြုတ်၊ချဉ်ရည်၊ ပဲရေပွများသာ လောင်းကြတယ်။
သို့နှင့် ရွာလယ်ကသူကြီးအိမ်ကိုရောက်တော့
သူကြီးအိမ်က ဝက်သားဟင်းတစ်ခွက်လောင်းလိုက်တယ်။
အကောင်းကြိုက်တတ်တဲ့ဆရာ၊တပည့်နှစ်ဦးစလုံး ဖွင့်မကြည့်ပါ။
ဒါပေမယ့် စိတ်ထဲက ကျိတ်ပြီးဝမ်းသာနေကြတယ်။
ကျောင်းကိုရောက်လာတဲ့အခါ ဆွမ်းပွဲပြင်ပြီးကပ်တယ်။
ဘုန်းကြီးကဆွမ်းပွဲကို ကြည့်တယ်။ ဝက်သားဟင်းခွက် မပါ။

“သာအေး...ဟိုဟင်းလဲ မပါပါလား?”
ဘုန်းကြီးက တပည့်ကျောင်းသားလေး သာအေးကိုမေးတယ်။

“ဘယ်ဟင်းလဲ ဘုရား”
“ဟဲ့...သူကြီးအိမ်ကလောင်းလိုက်တဲ့ ဟင်းလေ”
“အော်...ဝက်သားဟင်းခွက်လား ဘုရား။ မှန်လှပါ ဒီနေ့ရလာတဲ့ ဆွမ်းဟင်းတွေထဲမှာ အဲဒီဆွမ်းဟင်းသာ အကောင်းဆုံးဖြစ်လို့ ခုပဲ တပည့်တော် ဘုရားမှာ ဆွမ်းတော်တင်ထားပါတယ် ဘုရား”

ကျောင်းသားလေး သာအေးက ဖြေတယ်။
ဘုရားမှာ ဆွမ်းတော်တင်ထားတဲ့အတွက် ဘယ်မှ စောဒက မတက်သာတော့ပေ။
ဆွမ်းတော်စွန့်ရင် သာအေးအားရပါးရ စားတော့မယ်ကိုသိတယ်။

“အင်း...သာအေးတို့က လူသာငယ်တာ၊ ဘုရားကို ကြည်ညိုတဲ့နေရာမှာတော့ ရှာမှရှားပဲ။
စေတနာကလဲ
ကောင်းပါကွာ”
လို့ငေါ့တော့တော့နဲ့မိန့်တော်မူပါတယ်။

“ စနေလေ-စနေလွင့်...”



ရှေးရှေးတုန်းက ဘုန်းကြီးတစ်ပါးဟာ တပည့်ဒကာများစွာနဲ့

ကြီးမားတဲ့ကျောင်းကြီးမှာ သီတင်းသုံးနေထိုင်ပါတယ်။

အဲဒီဘုန်းကြီးကို ဘုရင်နဲ့တကွ မှူးကြီး၊မတ်ကြီးများပါ မကျန်

ဆည်းကပ်ကိုးကွယ်ကြပါတယ်။

တစ်ခါတွင် မှူးမတ်ပေါင်းစုံညီစွာ လာရောက်ဖူးမြော်ရင်း

သီတင်းသီလ ချီးမြှင့်ကာ အလ္လာပသလ္လာပ စကားများပြောကြရင်း

စနေသားများ ထွန်းကားတတ်ကြောင်း စကားရောက်သွားကြကာ

တစ်ယောက်နဲ့တစ်ယောက် မေးမြန်းကြတယ်။

ဘုန်းကြီးကအစ လာလာသမျှ မှူးကြီး၊ မတ်ကြီး၊ စစ်ဗိုလ်ကြီးစတဲ့

ကြီးကြီးမှန်သမျှတို့ဟာ အားလုံး စနေသားချည်းဖြစ်နေရာ

ဘုန်းကြီးမှာ ဝမ်းသာဂုဏ်ယူ နေပါတယ်။

“ဟုတ်တယ် ဒကာတို့ရေ… စနေသားတွေဟာ အလွန်တရာကြီးပွားချမ်းသာ

ထင်ပေါ်ကျော်စောတတ်တယ်။

ကြည့်လေ၊ မြို့စားကြီးလည်း စနေသား၊

မြို့ဝန်လည်းစနေသား၊

စစ်ဗိုလ်မှူးကြီးလည်းစနေသား၊

ကျုပ်လည်း စနေသား၊

စနေသားများဟာတန်ခိုးမသေးဘူး၊ အကျိုးပေးထူးချွန်ကြသကွဲ့”

လို့ မိန့်ကြားလေရာ ကျောင်းအောက်က တိုင်ခြေကို မှီပြီးနားထောင်နေတဲ့

သူတောင်းစားတစ်ယောက်က အားရဝမ်းသာ ကျောင်းပေါ်ကိုတက်လာပြီး

“ ဘုရားတပည့်တော်လဲ စနေသားပါဘုရား၊

ဘာကြောင့်များ တောင်းစားနေရသလဲဆိုတာ လျှောက်ထားခွင့်ပြုပါဘုရား”လို့

လျှောက်ထားရာ

“အော်…ဖြစ်ရလေ၊

နင့်စနေက စနေလေ-စနေလွင့်”

လို့မိန့်ကြားလိုက်သတဲ့ကွယ်.........။

“ငါးချဉ်ကလေးများ ဝယ်လိုက်ကြပါဦး...”



တစ်ခါတုန်းက ရွာတစ်ရွာမှာ ငါးချဉ်သည် မိအေးရွှေဆိုသူရှိတယ်။

တစ်နေ့တော့ ရွာတစ်ရွာသို့ ငါးချဉ်သွားရောင်းတုန်း အလှူတစ်ခုနဲ့ဆုံတယ်။

အလှူမှာ ထမင်းဝင်ပြီးစားတယ်။

စားပြီးနောက်ချက်ချင်းထပြန်ဖို့အားနာတယ်။

ဒါကြောင့် တရားဝင်ပြီးနာတယ်။

တရားဟောတဲ့ဘုန်းကြီးမှာ အသံကလည်းကောင်းတယ်။

အဆိုအငို မြိုင်စွာနဲ့ ဟောနေတဲ့တရားဝတ္တုကြောင်းကလည်း ကောင်းတယ်။

ပြီးတော့ သိုင်းဝိုင်းချဲ့ထွင်ကာ ဟောနေတဲ့အတွက်

နေစောင်းတဲ့အခါမှ တရားချနိုင်တော့တယ်။

အလှူရှင်က ရေစက်ချပြီး အမျှ…အမျှ…အမျှ ဟုအမျှဝေတယ်။

ကြားကြားသမျှ အားလုံးက

သာဓု…သာဓု…သာဓု…ဟု အနုမောဒနာပြုကြတယ်။

ပရိသတ်ထဲက ထပြန်ဖို့အခက်တွေ့ပြီး

ငါးချဉ်ရောင်းဖို့ စိတ်စောနေတဲ့ မိအေးရွှေက…

“ငါးချဉ်ကလေးများ ဝယ်လိုက်ကြပါဦး”

လို့ အသံစူးစူးနဲ့ ထ၍ အော်တယ်။

သာဓု ခေါ်သံကြားထဲက ငါးချဉ်ရောင်းသံ ဖေါက်ထွက်လာတဲ့အတွက်

ငါးချဉ်သည် မိအေးရွှေကို အားလုံးက ဝိုင်း၍ ကြည့်ကြတယ်။

ဒီတော့ မိအေးရွှေက…

“တရားကလဲကောင်း၊ ကျမ ငါးချဉ်ကလည်း ကောင်းလို့အော်ရောင်းရတာပါ”

လို့ အရှက်ပြေ ပြောလိုက်လေသတည်း။



အချို့လူတွေကသနားဖို့အလွန်ကောင်းလှပါတယ်။

ကုသိုလ်ရဖို့အခွင့်အရေး ရနေပါလျက် ကုသိုလ်ကို စိတ်မဝင်စားနိုင်ရှာဘူး။

လောဘနောက်ကို တကောက်ကောက်လိုက်နေရင်း

ဘဝရဲ့အဖိုးတန်အချိန်တွေ ကုန်လွန်သွားရတယ်။

ကုသိုလ်ကအနားမှာ ရှိနေပါသော်လည်း

စိတ်က အကုသိုလ်မှာဘဲ တဝဲဝဲလည်နေရှာတယ်။

တမလွန်ကဝေးလွန်းလို့ တမလွန်အတွက် မစဉ်းစားနိုင်ရင်တောင်

ပစ္စုပ္ပန်ကာလမှာ ကုသိုလ်ရဲ့အေးချမ်းမှုကို

အကုသိုလ်ရဲ့ပူလောင်မှုနဲ့လဲလှယ်နေတာကတော့

ဉာဏ်နည်းလွန်းရာရောက်မနေဘူးလား? လို့……………………မေးလိုက်ချင်ပါရဲ့။

လူသားတိုင်း ကျန်းမာကြပါစေ... လူသားတိုင်း ချမ်းသာကြပါစေ...
ခန္ဓာကိုယ်ကို လေ့ကျင့်ခန်းနဲ့စောင့်ရှောက်ပါ။ စိတ်ကို စာဖတ်ခြင်းနဲ့စောင့်ရှောက်ပါ။...

နူတ်ဆက်စကားလေးများ.....

မြန်မာတို့ရဲ့ ဘလော့ဂ်များ...

picoodle.com