တစ်ခါတုန်းက ရွာတစ်ရွာမှာ ငါးချဉ်သည် မိအေးရွှေဆိုသူရှိတယ်။ 
တစ်နေ့တော့ ရွာတစ်ရွာသို့ ငါးချဉ်သွားရောင်းတုန်း အလှူတစ်ခုနဲ့ဆုံတယ်။ 
အလှူမှာ ထမင်းဝင်ပြီးစားတယ်။
 စားပြီးနောက်ချက်ချင်းထပြန်ဖို့အားနာတယ်။ 
ဒါကြောင့် တရားဝင်ပြီးနာတယ်။
တရားဟောတဲ့ဘုန်းကြီးမှာ အသံကလည်းကောင်းတယ်။ 
အဆိုအငို မြိုင်စွာနဲ့ ဟောနေတဲ့တရားဝတ္တုကြောင်းကလည်း ကောင်းတယ်။ 
ပြီးတော့ သိုင်းဝိုင်းချဲ့ထွင်ကာ ဟောနေတဲ့အတွက်
နေစောင်းတဲ့အခါမှ တရားချနိုင်တော့တယ်။ 
အလှူရှင်က ရေစက်ချပြီး အမျှ…အမျှ…အမျှ ဟုအမျှဝေတယ်။ 
ကြားကြားသမျှ အားလုံးက 
သာဓု…သာဓု…သာဓု…ဟု အနုမောဒနာပြုကြတယ်။ 
ပရိသတ်ထဲက ထပြန်ဖို့အခက်တွေ့ပြီး
ငါးချဉ်ရောင်းဖို့ စိတ်စောနေတဲ့ မိအေးရွှေက…
“ငါးချဉ်ကလေးများ ဝယ်လိုက်ကြပါဦး”
လို့ အသံစူးစူးနဲ့ ထ၍ အော်တယ်။ 
သာဓု ခေါ်သံကြားထဲက ငါးချဉ်ရောင်းသံ ဖေါက်ထွက်လာတဲ့အတွက်
 ငါးချဉ်သည် မိအေးရွှေကို အားလုံးက ဝိုင်း၍ ကြည့်ကြတယ်။ 
ဒီတော့ မိအေးရွှေက…
“တရားကလဲကောင်း၊ ကျမ ငါးချဉ်ကလည်း ကောင်းလို့အော်ရောင်းရတာပါ” 
လို့ အရှက်ပြေ ပြောလိုက်လေသတည်း။
အချို့လူတွေကသနားဖို့အလွန်ကောင်းလှပါတယ်။ 
ကုသိုလ်ရဖို့အခွင့်အရေး ရနေပါလျက် ကုသိုလ်ကို စိတ်မဝင်စားနိုင်ရှာဘူး။ 
လောဘနောက်ကို တကောက်ကောက်လိုက်နေရင်း
ဘဝရဲ့အဖိုးတန်အချိန်တွေ ကုန်လွန်သွားရတယ်။ 
ကုသိုလ်ကအနားမှာ ရှိနေပါသော်လည်း
စိတ်က အကုသိုလ်မှာဘဲ တဝဲဝဲလည်နေရှာတယ်။ 
တမလွန်ကဝေးလွန်းလို့ တမလွန်အတွက် မစဉ်းစားနိုင်ရင်တောင် 
ပစ္စုပ္ပန်ကာလမှာ ကုသိုလ်ရဲ့အေးချမ်းမှုကို
 အကုသိုလ်ရဲ့ပူလောင်မှုနဲ့လဲလှယ်နေတာကတော့ 
ဉာဏ်နည်းလွန်းရာရောက်မနေဘူးလား? လို့……………………မေးလိုက်ချင်ပါရဲ့။

 
 

No comments:
Post a Comment