Friday, August 10, 2012

"ဒီထက်ပိုပြီး မနေချင်ပါဘူး...”



တစ်ခါတုန်းက တာချီလိတ်မှာ ရှိတဲ့
ဟိန်းဆေးခန်းကိုလာတဲ့လူနာဖြစ်သူ ဒေါ်သဲစုခိုင်ဟာ
ဆေးခန်းမှာ သွေးပေါင်ချိန်တော့ သွေးတိုးရှိနေတယ်။
သွေးတိုးရောဂါရှိကြောင်းပြောပြီးတာနဲ့ဆရာဝန်ကိုပြောတယ်။
ဒေါက်တာ၊
သွေးတိုးရောဂါနဲ့ပတ်သက်ပြီး
ကျမ ကြောက်တယ်ရှင်

ဒေါက်တာ အောင်ဝင်းဟိန်းက
ဘာမှ မကြောက်ပါနဲ့၊
သွေးတိုးရောဂါနဲ့ လူနာဟာ
အသက်တစ်ရာအထိတောင် နေကြတယ်။
တစ်ခါတလေများဆိုရင်တော့……..”
ဆရာဝန်စကားဆုံးတဲ့အထိ နားမထောင်ပါ။

ဒေါ်သဲစုခိုင်ပြန်ပြောလိုက်တာက...
ကျေနပ်ပြီ ဒေါက်တာ၊
ဒီထက်ပိုပြီး မနေချင်ပါဘူး


"အခုလုပ်ရင် အခုရပါတယ်…"




?        စိတ်ချမ်းသာအောင် ဘာလုပ်ရမလဲ။

ပထမအချက်က စိတ်ချမ်းသာအောင်နေမယ်။ စိတ်ချမ်းသာအောင် တွေးမယ်လို့
ပိုင်ပိုင်နိုင်နိုင် ဆုံးဖြတ်ထားရမယ်။
ပြီးရင် လုပ်သင့်တာကို လုပ်ရမယ်။
အတတ်နိုင်ဆုံး သတိနဲ့နေရမယ်။
အတိတ်၊ အနာဂတ်ကို တွေးတာ များလွန်းရင် ပစ္စုပ္ပန်မှာ စိတ်ချမ်းသာအောင်နေဖို့
မလွယ်ဘူး။ ပစ္စုပ္ပန်မှာ ဖြစ်နေတာတွေကို စွဲလန်းရင်လည်း စိတ်မချမ်းသာနိုင်ဘူး။
မစွဲလန်းရင် စိတ်ချမ်းသာမယ်။
အဲဒါအခက်ဆုံးပဲ။

+++++++++++++++++++++++++++

?        စိတ်ချမ်းသာမှုဟာ ဘာဖြစ်လို့ အရေးကြီးသလဲ။

စိတ်ချမ်းသာမှုဟာ အရေးကြီးတယ်။ ဘာဖြစ်လို့လဲဆိုတော့ စိတ်မချမ်းသာရင် စိတ်ဓာတ်အင်အား
ဆုတ်ယုတ်တယ်။ စွမ်းရည်သတ္တိ ကျဆင်းတယ်။
တစ်ယောက်ယောက်က ကိုယ့်ကို စိတ်ဆင်းရဲအောင် လုပ်တယ်ဆိုရင် သူက ကိုယ့်ကို စိတ်ဆင်းရဲသွားအောင်
လုပ်ခွင့် ရနေပြီ။ ဘာကြောင့်ရတာလဲ။
ကိုယ်က သူ့ကိုပေးလို့ သူရတာ။
ကိုယ့်ကို စိတ်ဆင်းရဲအောင်လုပ်နိုင်တဲ့ပါဝါ (Power) ကို သူ ဘယ်ကရသလဲ။
ကိုယ်က စိတ်ဆင်းရဲလိုက်လို့ သူရတာ။
ကိုယ်က စိတ်မဆင်းရဲပဲ နေနိုင်ရင် သူက ကိုယ့်ကို စိတ်ဆင်းရဲအောင်လုပ်လို့ မရဘူး။
ကိုယ်က စိတ်ဆင်းရဲရင် သူအောင်မြင်တယ်။
ကိုယ်က စိတ်မဆင်းရဲရင် သူမအောင်မြင်ဘူး။
ဒါကြောင့် ကိုယ်က စိတ်မဆင်းရဲအောင် နေလိုက်ရင် သူ့မှာ ပါဝါ(Power) မရှိဘူး။
ကိုယ်က မပေးပဲ သူ ပါဝါ (Power) မရနိုင်ဘူး။

+++++++++++++++++++++++++++

?       အဆိုးတစ်ခုခု ဖြစ်လာရင် ဘယ်လို လုပ်မလဲ။     

အဲဒီအချိန်မှာ ကိုယ်က စိတ်မဆင်းရဲအောင် နေနိုင်ဖို့ အရေးအကြီးဆုံးအချိန်ပဲ။
စိတ်ဆင်းရဲနေတဲ့အချိန်မှာ အကောင်းဆုံးအဖြေကို မရနိုင်ဘူး။
ဒါကြောင့် အဆင်မပြေတာ တစ်ခုခု ဖြစ်လာတဲ့အခါမှာ သတိရှိဖို့လိုတယ်။
အဲဒီအချိန်မှာ စိတ်တည်ငြိမ်မှု ရှိဖို့လိုတယ်။အဲဒီအချိန်မှာ ကိုယ့်ဥာဏ်ပညာကို
အကောင်းဆုံးဖြစ်အောင် ခေါင်းအေးအေးနဲ့စဉ်းစားရမယ်။
အဲဒီအချိန်မှာ ကိုယ့်ရဲ့ခံနိုင်ရည်ဟာ အမြင့်ဆုံးဖြစ်ရမယ်။
--------------------------------------
စိတ်တည်ငြိမ်နေရင် အသိဥာဏ်ဟာ အကောင်းဆုံး အခြေအနေမှာ ရှိတယ်။
စိတ်ဆင်းရဲနေရင် စဉ်းစားပုံမှားမယ်။ ဆုံးဖြတ်တာ ပြောတာ မှားမယ်။
ဒါကြောင့် အခက်အခဲရှိတဲ့အခါ စိတ်တည်ငြိမ်အောင် နေနိုင်ဖို့လိုတယ်။
ဘဝမှာ တွေ့ရတဲ့ အခက်အခဲတွေကို အကောင်းဆုံး ရင်ဆိုင်နည်းဟာ
စိတ်တည်တည်ငြိမ်ငြိမ်နဲ့ ရင်ဆိုင်တာပဲ။
စိတ်တည်ငြိမ်နေရင် စိတ်မဆင်းရဲဘူး။
ဒါကြောင့် စိတ်မဆင်းရဲအောင်နေနိုင်တာဟာ အားလုံးအတွက် အဆင်ပြေဆုံးပဲ။
စိတ်ချမ်းသာအောင် နေနိုင်တာဟာ အခက်အခဲကို အကောင်းဆုံး ရင်ဆိုင်နည်းပဲ။
--------------------------------------
စိတ်ဆင်းရဲနေတာနဲ့ ချက်ချင်း ကိုယ့်ကိုယ်ကိုယ် သတိပေးပါ။
စိတ်ဆင်းရဲနေရင် အကောင်းဆုံးကို လုပ်နိုင်မှာ မဟုတ်ဘူး။
စိတ်ဆင်းရဲနေတာဟာ တွက်ခြေမကိုက်ဆုံးပဲ။
စိတ်ဆင်းရဲနေတာဟာ လုပ်နည်းလုပ်ဟန် မှားနေတာ။
အဲဒီလို သတိဝင်လာရင်စိတ်ဆင်းရဲစရာကို တွေးမနေပဲ ဘာလုပ်ရင် အကောင်းဆုံးဖြစ်မလဲဆိုတာကို
တွေးပါ။ စိတ်ဆင်းရဲနေရင်တောင် အဲဒါကို တစ်ဖက်လူ မသိအောင် ထားပါ။
စိတ်ဆင်းရဲနေတယ်ဆိုတာကို တစ်ဖက်လူ သိသွားရင် ကိုယ့်အားနည်းချက်ကို သူသိသွားပြီ။
--------------------------------------
စိတ်ချမ်းသာအောင် တွေးပြီး တော့ အဖြေရှာရင် အကောင်းဆုံးအဖြေကို ရမယ်။
ဒါကြောင့် စိတ်ချမ်းသာအောင် နေနိုင်တာဟာ ကိုယ့်အတွက် အဆင်ပြေဆုံးပဲ။

+++++++++++++++++++++++++++


?       တကယ်လို့ ကိုယ့်အခြေအနေက ဘယ်လိုမှ အဖြေရှာလို့မရရင် ဘယ်လို လုပ်မလဲ။

အဖြေရှာလို့မရရင် အဖြေရှာနေဖို့ မလိုတော့ဘူး။
တွေးနေဖို့ မလိုတော့ဘူး။
ကိုယ်က အခြေအနေကို ပြောင်းလဲအောင် ဘယ်လိုမှ လုပ်လို့ မရတော့ဘူး
ဆိုရင် ဆက်တွေးနေတာကပဲ ပြဿနာဖြစ်လာတယ်။
ဒါကြောင့် ဆက်မတွေးဖို့ပဲ လိုတယ်။
ဘယ်လိုမှ မတတ်နိုင်တော့တဲ့ကိစ္စကို မကျေမနပ် ဖြစ်နေရင် စိတ်ဆင်းရဲနေရုံပဲ။
ဘာမှ အကျိုးမရှိဘူး။
ကိုယ့်သဘောထားကို ပြောင်းလိုက်ပါ။

+++++++++++++++++++++++++++

?       ကိုယ်သဘောမကျတာ၊ မနှစ်သက်တာကို လက်ခံထားရမလား။

ပြောင်းနိုင်ရင် ပြောင်းပါ။
မပြောင်းနိုင်ရင် လက်ခံပါ။
လက်မခံနိုင်ရင် စိတ်ဆင်းရဲမှာပဲ။
ကိုယ် ဘာမှမတတ်နိုင်တဲ့ကိစ္စနဲ့ပတ်သက်ပြီး ကိုယ့်သဘောထားကို ပြောင်းလိုက်ရင်
ပြဿနာရဲ့သဘာဝလည်း ပြောင်းသွားပါတယ်။

+++++++++++++++++++++++++++

?       စိတ်ချမ်းသာအောင် လုပ်ရင် ဘယ်လောက်ကြာ မလဲ။

အခု လုပ်ရင် အခုရတယ်။

+++++++++++++++++++++++++++


အမြဲတမ်းစိတ်ချမ်းသာချင်ရင် အခုစိတ်ချမ်းသာအောင် နေပါ။
အခုဆိုတဲ့အချိန်ဟာ ဘယ်တော့မှ ပျောက်မသွားဘူး။
သူ့နေရာမှာ သူအမြဲရှိနေတယ်။
ဒါကြောင့် အခု စိတ်ချမ်းသာအောင် နေနိုင်မှ အမြဲ စိတ်ချမ်းသာမယ်။

+++++++++++++++++++++++++++

?       ဘယ်အချိန်မှာ စိတ်ချမ်းသာတာ ကောင်းသလဲ။

ဘယ်အချိန်မှာ အိပ်တာကောင်းသလဲလို့ မေးရင်
တကယ် အိပ်ချင်တဲ့အချိန်မှာ အိပ်တာ ကောင်းတယ်လို့ ဖြေရမယ်။
ဘယ်အချိန်မှာ စားတာကောင်းသလဲလို့ မေးရင်
တကယ် ဆာနေတဲ့အချိန်မှာ စားတာ၊ ကောင်းတယ်လို့ ဖြေရမယ်။
 ဘယ်အချိန်မှာ စိတ်ချမ်းသာတာ ကောင်းသလဲလို့ မေးရင်
အခု စိတ်ချမ်းသာတာ ကောင်းတယ်လို့ ဖြေရမယ်။

+++++++++++++++++++++++++++

စိတ်ချမ်းသာမှုဟာ ဘဝနေနည်းပါ (ဆရာတော်ဦးဇောတိက) စာအုပ်မှ ကောက်နှုတ်ဖော်ပြပါတယ်။

+++++++++++++++++++++++++++

ကိုယ်ကိုယ်တိုင် ဖတ်ဖို့ (၁၀၃)…









လူသားတိုင်း ကျန်းမာကြပါစေ... လူသားတိုင်း ချမ်းသာကြပါစေ...
ခန္ဓာကိုယ်ကို လေ့ကျင့်ခန်းနဲ့စောင့်ရှောက်ပါ။ စိတ်ကို စာဖတ်ခြင်းနဲ့စောင့်ရှောက်ပါ။...

နူတ်ဆက်စကားလေးများ.....

မြန်မာတို့ရဲ့ ဘလော့ဂ်များ...

picoodle.com