Tuesday, April 5, 2011

" လက်ငင်းအကျိုးပေးတဲ့ ဒါနစေတနာ..."


တစ်ခါတုန်းက
သီဟိုဠ်ကျွန်းမှာ အရှင်စူဠနာဂ လို့ အမည်ရတဲ့ မထေရ်တစ်ပါးရှိခဲ့ဖူးတယ်။
တစ်နေ့မှာ အရှင်စူဠနာဂဆွမ်းစားပြီးလို့ ခံတွင်းဆေးပြီးချိန်မှာ
သားတွေပေါက်ထားတဲ့ ခွေးမတစ်ကောင်ကို တွေ့လိုက်ရတယ်။
ခွေးမကိုသေသေချာချာ ကြည့်လိုက်တော့ ပိန်ပိန်ချည့်ချည့်နဲ့
အတော်ဆာလောင်နေတဲ့ပုံပါ။
ဆာလောင်မွတ်သိပ်နေပုံရတဲ့ ခွေးမကိုမြင်လိုက်တော့
အရှင်စူဠနာဂက တော်တော်လေး သနားသွားပါတယ်။
ဒါပေမယ့် ဆွမ်းကစားပြီးသွားပြီ။
သပိတ်တောင် ဆေးပြီးသွားပြီဆိုတော့
ကျွေးစရာအစားအစာက မကျန်တော့ဘူး။
ဘယ်လိုလုပ်ရမလဲလို့ စဉ်းစားတယ်။
စဉ်းစားမိတာ တစ်ခုကတော့ ...
စားပြီးတဲ့အစာတွေကို အဲဒီခွေးမကို အန်ပြီးလှူဖို့သာဖြစ်တယ်။
ဒါနဲ့ အရှင်စူဠနာဂဟာ
မိမိရဲ့ ခံတွင်းထဲကို လက်ထိုးအန်ပြီး ခွေးမကို ကျွေးလိုက်ပါတယ်။
အရှင်စူဠနာဂဟာ ခွေးမကို အန်ကျွေးရုံသာမကပါဘူး၊
အိုးခြမ်းကွဲတစ်ခုထဲမှာ ရေထည့်ပြီး ရေလဲတိုက်လိုက်ပါသေးတယ်။
အစာထိုက်သင့်သလောက်ဝသွားတဲ့ခွေးမကို ကြည့်ပြီး
အရှင်စူဠနာဂ လည်း တစ်ခါမှ မဖြစ်ဖူးတဲ့ ပီတိတွေ ဖြစ်လာပါတယ်။
ဒါကြောင့် ဆုတစ်ခုကို ကောက်ခါငင်ခါ တောင်းလိုက်ပါတယ်။

အဲဒီဆုတောင်းကတော့
" ငါသည် ဒီခွေးအား မိမိရဲ့ခန္ဓာကိုယ်ကို မငဲ့ကွက်ဘဲ
အန်ပြီးကျွေးလိုက်ရတဲ့ ကုသိုလ်ကောင်းမှုကြောင့်
နိဗ္ဗာန်ရောက်ရပါလို၏။
နိဗ္ဗာန်မရသေး၍ သံသရာကျင်လည်ရသည်ရှိသော်
ပစ္စည်းလာဘ်လာဘ ပေါများရပါလို၏"
တဲ့။
အရှင်စူဠနာဂဟာ
စေတနာကြီးမားလှတဲ့သာမန်ဒါနလေးဟာ
အဲဒီဘဝမှာပဲ ရဟန္တာအထိ အကျိုးပေးခဲ့ပါတယ်။
တက်ကြွ ထက်သန်တဲ့စေတနာဟာ
ပစ္စုပ္ပန်အကျိုးကိုချက်ချင်းပေးသွားပါတယ်။

ရဝေနွယ်(အင်းမ)၏ ကုသိုလ်ဖြစ်အောင်တွေးမယ် မှ..........

မြတ်စွာဘုရားက
" ဒါနရဲ့အကျိုးကို သတ္တဝါတွေဟာ ငါဘုရားသိသလို သိခဲ့မယ်ဆိုရင်
စားတဲ့ထမင်းတောင် မလှူဘဲ စားတော့မှာ မဟုတ်ဘူး "လို့ ဟောခဲ့ဖူးပါတယ်။
များများရှိမှ လှူမယ်ဆိုရင်တော့ မလှူဖြစ်ဖို့များသွားပါတယ်။
များများလှူဖို့ တိုက်တွန်းနေတာမဟုတ်ပါ။
နည်းနည်းဖြစ်စေဦးတော့ ကြီးမားတဲ့စေတနာနဲ့လှူဖို့သာ
တိုက်တွန်းလိုတာပါ။
လှူပြီးတိုင်းလည်း ဆုတောင်းသင့်တယ်လို့ ထင်မိကြောင်းပါခင်ဗျာ....။



လူသားတိုင်း ကျန်းမာကြပါစေ... လူသားတိုင်း ချမ်းသာကြပါစေ...
ခန္ဓာကိုယ်ကို လေ့ကျင့်ခန်းနဲ့စောင့်ရှောက်ပါ။ စိတ်ကို စာဖတ်ခြင်းနဲ့စောင့်ရှောက်ပါ။...

နူတ်ဆက်စကားလေးများ.....

မြန်မာတို့ရဲ့ ဘလော့ဂ်များ...

picoodle.com