Wednesday, March 17, 2010

“ရုပ်မြင်ရင်ချစ်ခင်ပါစေ၊ အသံကြားရင်သနားပါစေ။”



ကျနော်တို့မြန်မာလူငယ်များဟာ

လူကြီးမိဘများကို သီတင်းကျွတ်အချိန်အခါ၊

တန်ဆောင်မုန်းအချိန်အခါ၊သို့မဟုတ်

ခရီးထွက်ခါနီးမှာ ကန်တော့သောအလေ့အထရှိခဲ့ပါတယ်။

ထိုအလေ့အထဟာ အလွန်ချစ်ဖွယ်ကောင်းတဲ့အလေ့အထဖြစ်ပါတယ်။

ထိုသို့လူကြီးမိဘများကို ကန်တော့သောအခါ လူကြီးမိဘများက ဆုများပေးတတ်ပါတယ်။

အဲဒီဆုပေးစကားတွေထဲတွင်

ရုပ်မြင်ရင်ချစ်ခင်ပါစေ၊

အသံကြားရင်သနားပါစေ။

ဆိုတဲ့ဆုပေးစကားကမကြာခဏကြားရတတ်တဲ့စကားဖြစ်နေပါတယ်။


ရုပ်မြင်ရင်ချစ်ခင်ပါစေ၊

ဆိုတဲ့စကားကတော့ကောင်းပါတယ်။

လူကြီးမိဘများက အကောင်းမြင်စိတ်ကိုမွေးကြပါလို့

သွယ်ဝိုက်ပြီးဆုံးမလိုက်တာလို့ခံစားမိပါတယ်။

အကောင်းမြင်စိတ်ရှိသူမှ ချစ်ခင်စရာကောင်းတဲ့ရုပ်ဖြစ်ပေါ်မှာမို့

အကောင်းမြင်စိတ်မွေးကြပါ။ လို့ဆုပေးလိုက်သလိုဆုတောင်းပေးလိုက်ဟန်တူပါတယ်။

အဆိုးမြင်စိတ်ရှိသူ(ဒါမှမဟုတ်)

စိတ်ရုပ်စိတ်ပုတ်မွေးသူမှာတော့ ဘယ်လိုမှ ရုပ်မြင်တာနဲ့ချစ်ခင်စိတ်ပေါ်မှာမဟုတ်ပါ။

စိတ်နဲ့ရုပ်အပြန်အလှန်ဆက်နွယ်နေတဲ့အတွက်

စိတ်ကောင်းမွေးမှ ချစ်ခင်ဖွယ်ရုပ်ဖြစ်မယ်ဆိုတာကို ဆိုလိုကြောင်းသဘောပေါက်မိပါတယ်။


အသံကြားရင်သနားပါစေ။

ဆိုတဲ့ဆုပေးစကားကိုတော့

ငယ်စဉ်တုန်းကတော့ ကောင်းလို့ပေးလိုက်တာပဲလို့ထင်ခဲ့ပါတယ်။

စဉ်းစားတတ်လာချိန်မှာတော့ သဘောမတွေ့တော့ပါ။

အခြားသူများကို အသံနဲ့ သနားအောင် ပြောဆိုရတဲ့အလုပ်ကို

အရည်းအချင်းကောင်းတစ်ရပ်လို့မမြင်တဲ့အတွက် ကြောင့် ဖြစ်ပါတယ်။

ကိုယ့်ကိုသနားအောင်ပြောဆိုပြုမူတာဟာ ကောင်းတဲ့အရည်အချင်းမဟုတ်သလို

ကိုယ့်ကို ပျက်စီးစေတဲ့စိတ်ဓါတ်ဖြစ်ပါတယ်။

အဲဒီစိတ်ဓါတ်ဟာ အတ္တကြီးတဲ့စိတ်ဓါတ်လည်းဖြစ်တယ်။

ကိုယ့်ကိုယ်သနားစေတဲ့စိတ်ဓါတ်ဟာ

ကိုယ့်ကိုယ်ကို ပျက်စီးစေတဲ့စိတ်ဓါတ်ဖြစ်သလို

သူများကိုလည်း ဖျက်ဆီးနိုင်တဲ့စိတ်ဓါတ်ဖြစ်တယ်။

ကိုယ့်ကိုယ် သနားစေရန်ပြောဆိုတဲ့စကားများဟာ

တစ်ကိုယ်ကောင်းဆန်တဲ့စိတ်ထားမှ ပေါ်ပေါက်လာခြင်းဖြစ်တယ်။

ရောမတွေးခေါ်ရှင်ကြီးဆီနီကာက

“ ကိုယ့်ကိုယ်ကိုသနားစေတဲ့စိတ်အတွေးများကြောင့်

ဘာအကျိုးကျေးဇူးမျှရရှိလာမှာမဟုတ်ပါဘူး။

စိတ်ဓါတ်ပျော့ညံ့သူသာဖြစ်လာနိုင်ပါတယ်။

ဒီပြင် ဒီစိတ်ဓါတ်များကြာရှည်နေပါက

သူတစ်ပါးများအပေါ်စာနာထောက်ထားစိတ်များ

တစ်နေ့တစ်ခြားလျော့ပါးလာမှာဖြစ်တယ်”

လို့ပြောခဲ့ပါတယ်။

ဒါကြောင့် ဒီဆုပေးမျိုးကိုမကြိုက်သလို

ကိုယ်ကဆုပေးခွင့်ကြုံလာခဲ့ရင်လည်း

ဒီလိုဆုပေးမှုမျိုးကို ဘယ်တော့မှ မပေးမိဖို့သတိထားရလိမ့်မယ်။



လူသားတိုင်း ကျန်းမာကြပါစေ... လူသားတိုင်း ချမ်းသာကြပါစေ...
ခန္ဓာကိုယ်ကို လေ့ကျင့်ခန်းနဲ့စောင့်ရှောက်ပါ။ စိတ်ကို စာဖတ်ခြင်းနဲ့စောင့်ရှောက်ပါ။...

နူတ်ဆက်စကားလေးများ.....

မြန်မာတို့ရဲ့ ဘလော့ဂ်များ...

picoodle.com