Friday, November 27, 2009

“ဆိတ်ကွယ်ရာအရပ်ဆိုတာ...မရှိပါ”


ရှေးရှေးတုန်းကပေါ့။
ဒိသာပါမောက္ခဆရာကြီးမှာပညာသင်နေတဲ့ တပည့်ပေါင်း (၅၀၀)ရှိနေပါတယ်။
တစ်နေ့မှာတော့ ဆရာကြီးက တပည့်တွေအားလုံးကိုခေါ်ပြီးပြောတာက
“တပည့်တို့.....ငါ့မှာအရွယ်ရောက်နေတဲ့သမီးပျိုတစ်ယောက်ရှိတယ်။
တပည့်တို့ သိတဲ့အတိုင်းပဲ ရုပ်ရည်လည်းလှပတယ်။
လိမ်မာရေခြားလည်းရှိတယ်။ ပညာလည်းတတ်တယ်။
အဲဒီသမီးချောလေးကို တပည့်တို့ထဲက သင့်တော်တဲ့ လူတစ်ယောက်နဲ့ ထိမ်းမြားလက်ထပ်ပေးချင်တယ်။ ဒါပေမယ့် ငါ့သမီးမှာ ဝတ်ဆင်ဖို့၊ သုံးစွဲဖို့၊ပစ္စည်းကလိုနေတယ်။
ဒါကြောင့် ငါ့သမီးကို အလိုကြတယ်ဆိုရင် မောင်တို့ရဲ့အိမ်က လက်ဝတ်ရတနာ၊အဆင်တန်ဆာပစ္စည်းတွေကို ဘယ်သူမှ မသိစေဘဲ တိတ်တဆိတ် ခိုးယူလာကြရမယ်”
လို့ပြောကြားလိုက်ပါတယ်။
အဲဒီတော့ ကျောင်းသားအများစုက သမီးပျိုလေးကို လိုချင်စိတ်ကြောင့် သူတို့အိမ်က ပစ္စည်းဥစ္စာတွေကို သူတစ်ပါးမသိအောင် တိတ်တဆိတ်ခိုးယူပြီး ဆရာကြီးဆီယူလာပေးကြတာပေါ့။ သမီးချောရင်ချောသလောက် သူတစ်ပါးထက်သာအောင်ဆိုပြီးခိုးကြမှာသေချာတယ်။
ဒါလည်း လူစွမ်းကောင်းရွေးပွဲတစ်ခုလို သူ့ထက်သူ လူစွမ်းကောင်းဖြစ်အောင်ဆိုပြီးခိုးယူကြတာပေါ့။
အားလုံးလိုလို ခိုးကြတဲ့အထဲမှာ ကျောင်းသားတစ်ယောက်ကတော့ ဘာတစ်ခုမှ မခိုးယူလာခဲ့ပါဘူး။
ထူးခြားနေတဲ့ကျောင်းသာကို ဆရာကြီးကစိတ်ဝင်စားသွားတာပေါ့။
ဒါကြောင့်အဲဒီကျောင်းသားကို အများရှေ့မှာ ခေါ်ပြီးမေးတယ်။
“ဘာကြောင့် ခိုးမယူလာခဲ့တာလဲ?”

အဲဒီကျောင်းသားက
ဆရာကြီးကဘယ်သူမှ မသိ၊မမြင်အောင်ခိုးလာခဲ့ရမယ်လို့ပြောတယ်။
တကယ်ခိုးမယ်ဆိုရင် ဘယ်သူမှ မသိ၊မမြင်နိုင်ဘူးဆိုပေမယ့် ကျနော်ခိုးရင် ကျနော်ကတော့ သိ၊မြင်နေမှာပဲ။
ဒါကြောင့် ဘယ်သူမှမသိ၊မမြင်အောင် ခိုးဖို့ဆိတ်ကွယ်ရာအရပ်ကို ရှာမတွေ့တဲ့အတွက်
ကျနော် မခိုးခဲ့တာဖြစ်ပါတယ်။”


အဲဒီတော့ ဆရာကြီးက ပညာဉာဏ်အမြော်အမြင်ရှိသူ၊ကိုယ်ကျင့်သီလကောင်းသူဖြစ်တဲ့အဲဒီကျောင်းသားနဲ့ သမီးပျိုလေးကိုပေးစားလိုက်ပါတယ်။
အခြားကျောင်းသားတွေ ခိုးလာတဲ့ ပစ္စည်းတွေကိုလည်း အသီးသီးပြန်ပေးလိုက်ပါသတဲ့။

ပုံပြင်လေးကတော့ ဒါပါပဲ။
ဒီပုံပြင်လေးဟာ နှစ်ပေါင်း(၂၅၀၀)ကျော်ကျော်ဖြတ်သန်းလာခဲ့ပြီးပြီ။ ထပ်ခါတလဲလဲပြောပေမယ့်မရိုးနိုင်အောင်ဖြစ်ရတဲ့အကြောင်းတွေထဲမှာ ကိုယ်ကျင့်သီလက အဓိက အကြောင်းဖြစ်မယ်ထင်ပါတယ်။
ဒါကြောင့်လည်း နှစ်ပေါင်းများစွာ ကို တည်တည်ငြိမ်ငြိမ်ဖြတ်သန်းနိုင်ခဲ့ခြင်းဖြစ်တယ်။ တကယ်လို့ဆရာကြီးသာငွေကို အဓိကတန်းဖိုးထားခဲ့မယ်ဆိုရင်တော့
အဖြေက ပြောင်းပြန်ဖြစ်သွားမှာသေချာတယ်။

အများဆုံးခိုးနိုင်သူက သမီးပျိုလေးကို ရသွားပါလိမ့်မယ်။
ဒီလိုပုံပြင်မျိုးဆိုရင်လည်း ကာလကြာရှည်မယ် မထင်မိပါ။
ခဏလေးနဲ့တိမ်ကောပျောက်ကွယ်သွားပါလိမ့်မယ်။
ခေတ်က ဘာကိုတန်ဖိုးထားသလဲ? ဆိုတာက အရေးမကြီးပါ။
လူသားတွေရဲ့နှလုံးသားက ဘာကိုတန်ဖိုးထားသလဲ?ဆိုတာကသာ
အရေးကြီးကြောင်းကို ဒီပုံပြင်ကထောက်ပြနေပါတယ်။





လူသားတိုင်း ကျန်းမာကြပါစေ... လူသားတိုင်း ချမ်းသာကြပါစေ...
ခန္ဓာကိုယ်ကို လေ့ကျင့်ခန်းနဲ့စောင့်ရှောက်ပါ။ စိတ်ကို စာဖတ်ခြင်းနဲ့စောင့်ရှောက်ပါ။...

နူတ်ဆက်စကားလေးများ.....

မြန်မာတို့ရဲ့ ဘလော့ဂ်များ...

picoodle.com