Friday, July 26, 2013

"အမေ့ထံသို့ ပေးစာများ-၈၀..."



သို့
ချစ်တဲ့အမေ
သား သတိတရ စာရေးလိုက်ပါတယ်။
ကျနော်တို့ ဂျပန်အစားအစာဖြစ်တဲ့ ဆူရှီးဟာ ရောက်စတုန်းက
တော်တော် ရောင်းကောင်းတာ အမေရဲ့။
အစဉ်ပြေပြီးလို့ ဝမ်းသာနေတာပေါ့။
ဝမ်းသာလို့တောင် မကြာလိုက်ဘူး။
နွေရာသီ တက္ကသိုလ်ကျောင်းကြီးက ပိတ်သွားပါလေရော။
ကျောင်းပိတ်သွားတာနဲ့ အရောင်းလည်းကျသွားပါရောလား။
အော်…ကျနော်တို့ဆိုင် အပါအဝင် ဒီနားမှာ ရှိတဲ့ဆိုင်တွေအားလုံးဟာ တက္ကသိုလ်ကျောင်းသူ
ကျောင်းသားတွေကို မှီခိုနေရတယ်ဆိုတာ သိလိုက်ရတယ်။
ကျောင်းပိတ်တဲ့ကာလကလည်း နှစ်လကျော် သုံးလတောင်ကြာမယ်လို့သိရတယ်။
ဒီကြားထဲမှာ ကျောင်းဖွင့်ရက်ကို ထိုင်စောင့်ရမယ့်အခြေအနေဖြစ်နေတယ်။
ယုံယုံ စိတ်ဓာတ်မကျရလေအောင် အမေ ငယ်ငယ်တုန်းက ပြောပြခဲ့တဲ့ ပုံပြင်ကို
ပြန်ပြောပြလိုက်တယ်။
“တစ်ခါတုန်းက ကြက်မကြီးတစ်ကောင် ရှိလေရဲ့။
သူမမှာ သားသမီးတွေ အများကြီး။
နေ့တိုင်း အမေကြက်မကြီးက ပင်ပင်ပန်းပန်း အစာရှာကျွေးတယ်။
“ဒီမှာ စားစရာတွေ လာစားကြ”
ကြက်ကလေးတွေက အပြေးအလွှား လာစားကြတယ်။
အမေကြက်မကြီးက အစာကို ဘယ်လိုရှာစားရမယ်ဆိုတာလည်း သင်ပေးတယ်။
ကြက်ကလေးတွေ အရွယ်ရောက်လာတဲ့အခါ
ကိုယ့်ဘာသာကိုယ် အစာကို ရှာဖွေစားသောက်ကြရတယ်။
အစားအသောက်တွေ ရှာဖွေရခက်ခဲလာတဲ့အခါ
အမေကြက်မကြီးကို ပြောကြတယ်။
“အစာတွေ ရှာဖွေရတာ ခက်ခက်လာတယ် အမေ” လို့ပြောကြတယ်။
ဒီတော့ အမေကြက်မကြီးက သားသမီးကြက်ကလေးတွေကို ပြန်ပြောလိုက်တာက
အစာကို ရှာဖွေတဲ့အခါ
ဘယ်လောက်ပဲ ခက်ခက်
နာနာယက်၊
နက်နက်ယက်၊
အစာကို တွေ့လိမ့်မယ်” လို့
အဲဒီတုန်းက အမေ ပြောတဲ့စကား နားထဲက မထွက်ဘူး။
“ဘယ်လောက်ပဲ ခက်ခက်
နာနာယက်၊
နက်နက်ယက်”
အခုလည်း ကျနော်တို့ နာနာယက်၊ နက်နက်ယက်ရမယ်ဆိုတာ
သဘောပေါက်ပါတယ်။



လတ်ဆတ်တဲ့ဈေးကြီးက အစားအသောက်ကို အဓိကရောင်းတဲ့ဆိုင်ကြီးပါ။
အစားအသောက် မျိုးစုံကို ရတယ်။
ရှားပါးစားသောက်ကုန်တွေ အကုန်လုံးနီးပါးရနိုင်တယ်။
ရောင်းကုန်ကို ခက်ခက်ခဲခဲရှာဖွေပြီးဈေးကြီးကြီးနဲ့ရောင်းတယ်။
နှစ်ချို့အရက်မျိုးစုံလည်း ရနိုင်တယ်။
အရက်ကို နာမူနာပေးတဲ့ရက်တွေမှာ လာသောက်သူတွေဟာ
အများစုဟာ အမျိုးသမီးတွေ ဆိုတာ သတိထားမိတယ်။
ဒီဈေးမှာ က ဈေးကြီးကြီးနဲ့ရောင်းပေမယ့် ဝယ်ယူသူတွေလည်း များနေတာကို သတိပြုမိတယ်။
အကြောင်းက ဝန်ထမ်းတွေက ဝန်ဆောင်မှုကို အလေးထားလို့ပဲ။
အထူးသဖြင့် ဆိုင်နေရာမျိုးစုံဟာ Sample လို့ခေါ်တဲ့နာမူနာပေးပြီးရောင်းတာကို
အလေးထားတာကို တွေ့ရတယ်။
ဒီတော့ ကျနော်တို့လည်း နမူနာပေးရတော့တာပေါ့။
စောစောပိုင်းကာလတုန်းက နမူနာမပေးပဲ ရောင်းကြည့်တယ်။
စားဖူးတဲ့လူတွေသာ လာဝယ်စားတာကို တွေ့ရတယ်။
မစားဖူးသူတွေက ဆူရှီးဆိုတာ ထမင်းချဉ်နဲ့အသားစိမ်းတွေ ရောင်းတဲ့ဆိုင်လို့
သိထားကြပုံရတယ်။ မဝယ်ကြဘူး။
ဒီတော့ နမူနာပေးတဲ့စံနစ်ကို လုပ်ရတော့တယ်။
ဒီစံနစ်က မြည်းစားခွင့်ပေးတဲ့သဘောပါပဲ။
မြည်းစားကြည့်တော့ အချို့လည်း ကြိုက်သွားပြီး ချက်ချင်းဝယ်စားတယ်။
နမူနာပေးတဲ့စံနစ်က မိတ်ဆွေသစ်တွေ တိုးပွားစေတယ်။
မစားဖူးသူတွေ စားဖူးသွားစေတယ်။
“သုတေသနပြုချက်တစ်ခုက အစားတစ်ခုကို နမူနာ စားကြည့်ခွင့်ရသူဟာ
အဲဒီအစားအသောက်ရဲ့အရသာကို သုံးလလောက် အမှတ်ရစေတယ်” လို့
ဆိုပါတယ်။
ချက်ချင်းဝယ်မစားသူတွေလည်း တစ်ချိန်ချိန်မှာ သတိရပြီးလာဝယ်စားဖြစ်သွားတာပါပဲ။
အစားတစ်ခုကို နေ့တိုင်းစားလာရင် တစ်ချိန်မှာ ဘာစားရမှန်းမသိတာမျိုးဖြစ်တတ်ပါတယ်။
အဲဒီလိုအချိန်မှာ ဆူးရှီးကို မြည်းစားခွင့်ရသူဟာ ဆူးရှီးကို အရသာတွေ့သွားပြီး
ဝယ်စားဖြစ်သွားစေတာမျိုးလည်း အများကြီးကြုံတွေ့ရပါတယ်။
ကျနော်ကတော့ နမူနာပေးတာကို အလှူလုပ်တယ်လို့ မှတ်ယူပါတယ်။
ကျနော်နမူနာလုပ်ရင် ကောင်းကောင်းလုပ်တယ်။
ပါဝင်ပစ္စည်းတွေကို မခိုဘူး။
အပြည့်ထည့်ပေးတယ်။
နည်းနည်းစားပြီးအရသာရှိမှ သူ့အဖို့ တစ်ချိန်ချိန်မှာ သတိရစေနိုင်တယ်။
သတိမရလည်း ကိစ္စမရှိပါဘူး။
သဒ္ဒါစိတ်နဲ့ကောင်းကောင်းကျွေးလိုက်တော့လည်း အလှူလေးဖြစ်သွားစေတာပေါ့။
နေ့တိုင်း အလှူလုပ်ဖြစ်တယ်။
တစ်နေ့ထက်တစ်နေ့ နမူနာပိုပိုပြီးကျွေးဖြစ်တယ်။
စေတနာက အကျိုးပေးပါတယ်လို့အမေမကြာခဏပြောသလိုပါပဲ။
ကျနော်တို့ဆိုင်လေးဟာ တစ်နေ့ထက်တစ်နေ့
ရောင်းကောင်းသထက် ရောင်းကောင်းလာတယ်။



နမူနာပေးတိုင်း သတိထားမိတဲ့အချက်တစ်ခုက
ဒီကလူတွေက ဘာမှန်းမသိတဲ့အစားအစာကို ပါးစပ်ထဲထည့်ဖို့
ဝန်လေးတာလား။
ဒါမှမဟုတ် ဘာမဆို သိချင်တာလားတော့ မသိဘူး။
နမူနာပေးတိုင်း ဒါက ဘာလဲလို့မေးတတ်တယ်။
ဒီတော့ နမူနာအစားအစာမှာ ပါဝင်တဲ့ပါဝင်ပစ္စည်းကို ရှင်းပြရတယ်။
ပြောရင်းနဲ့သူတို့နဲ့စကားပြောဖြစ်လာတယ်။
ပိုရင်းနှီးလာတယ်။
ဘာသာစကားလည်း တိုးတက်လာတယ်။
ဒါကိုလည်း အမြတ်တစ်ခုလို့မှတ်ယူပါတယ်။

နောက် သတိထားမိတဲ့အချက်တစ်ခုက
အစားအသောက်တွေရဲ့ထည့်တဲ့ဘူးရဲ့အောက်မှာ ပါဝင်ပစ္စည်းအကြောင်းကို
အသေးစိတ်ရေးထားလေ့ရှိတယ်။
ဒီကလူတွေက အစားအသောက်မဝယ်ခင် အဲဒီစာကို
အသဲအသန် ဖတ်တတ်ကြတယ်။
ဖတ်ပြီးဆိုတာနဲ့ဘူးကို စောက်ထိုးလှန်ပြီး ဖတ်ကြတာပေါ့။
လှလှပပထည့်ထားတဲ့အစာအစားတွေ
ဂျွန်ထိုးမှောက်ခုံတွေဖြစ်ပြီး မလှမပဖြစ်ကုန်ရော။
မလှတော့ရင်လည်း မဝယ်ကြပြန်ဘူး။
ရောင်းဖို့လုပ်ထားတဲ့အစာအစားတွေ မဝယ်ရင်ရှုံးတာပေါ့။
ဒီတော့ ပြန်ပြင်ရတယ်။
ဒါလည်း အလုပ်ရှုတ်လှပေမယ့် စားသုံးသူရဲ့အခွင့်အရေးဆိုတော့လည်း
မပြောသာဘူး။
သူတို့တွေဟာ ကိုယ်စားမယ့်အစားအစာကို သေသေချာချာ သိအောင်လုပ်တာတော့
ကောင်းပါတယ်။
စာတွေဖတ်၊ ပြီးတော့ စဉ်းစား၊ နောက် တစ်ခုချင်းရွေး၊
အချိန်တွေ အများကြီးပေးပြီးမှ စားစရာတစ်ခုကိုရတယ်။
စားစရာအတွက် အချိန်တွေ အများကြီးပေးဖို့ လိုအပ်လို့လားလို့တွေးမိတယ်။
ဒီကလူတွေ အစားအစာအတွက် အချိန်ပေးတာ များလွန်းနေတယ်လို့ ထင်မိတယ်။
ဒီမှာက အစားအစာအမျိုးအမည်တွေက သိန်းသန်းမကရှိနေတယ်လေ။
သူ့ထက်သူ ပိုကောင်းအောင်လုပ်ပြီး ပြိုင်ရောင်းနေကြလေရဲ့။
ကိုယ့်ပစ္စည်း လူကြိုက်များပြီဆိုရင် သူဌေးဖြစ်ပြီလေ။
ဒီတော့ ယှဉ်ပြိုင်မှုက ပြင်းထန်လှတယ်။
ရွေးမယ်ဆိုရင် ရွေးစရာက အများကြီး၊
အဲဒီအများကြီးထဲက ဆူရှီးကိုရွေးချယ်သူတွေကို
ကျေးဇူးတင်မိပါတယ်။
++++++++++++++++
ယုံယုံကို ကျနော်မေးကြည့်တယ်။
အခုနေများ လုပ်ခွင့်ရရင် ဘာလုပ်မလဲလို့။
သူမရဲ့အဖြေက မြန်မာပြည်ကို တစ်ရက်လောက်ပြန်ပြီး အမေ့ရင်ခွင်ထဲမှာ
အိပ်လိုက်ချင်တယ်။ပြီးတော့ အမေနဲ့အားရပါးရ စကားပြောချင်မိတယ် တဲ့။
ဟုတ်တယ်အမေ။
ကျနော်လည်း သူမလိုပဲ တောင့်တမိတယ်။
အမေ့ရင်ခွင်ထဲမှာ ဝင်ပြီး အမေပြောပြတဲ့ဖြစ်ရပ်မှန်ပုံပြင်တွေကို
နားထောင်ချင်မိတယ်။
အခုချိန်မှာတော့ဒါဟာ အတောင့်တဆုံးဆန္ဒပါပဲ။
ဒီမှာက ရုပ်ဝတ္ထုပစ္စည်းတွေ ဘယ်လောက်ပေါပေါ၊
ကောင်းတဲ့အရာတွေ ဘယ်လောက်ရှိရှိ၊
အမေ့မေတ္တာထက် ကောင်းတာတော့ ရှိမယ်မထင်ပါဘူး။
ဒါကြောင့် အမေ့ရင်ခွင်ကို မကြာခဏ လွမ်းမိတာတော့အမှန်ပါပဲ။
+++++++++++

အမေ့ကိုချစ်တဲ့သား
အောင်ဝင်းဟိန်း
အေသင်မြို့၊
ဂျော်ဂျီယာပြည်နယ်၊
အမေရိကန်ပြည်ထောင်စု။
၇-၂၆-၂၀၁၃




Tuesday, July 9, 2013

"အမေ့ထံသို့ ပေးစာများ-၇၉..."






သို့
ချစ်တဲ့အမေ
သားသတိတရ စာရေးလိုက်ပါတယ်။
ပတ်ဝန်ကျင်အသစ်မှာ စိတ်သစ်ကိုယ်သစ်နဲ့ အလုပ်သစ်ကို
လုပ်ရတာ စိတ်လန်းဆန်းပါတယ်။
အလုပ်သစ်ဆိုတော့ သိချင်စရာတွေက အများကြီး။
လုပ်စရာတွေကလည်း အများကြီး။
စိတ်ဝင်စားစရာတွေလည်း အများကြီးပေါ့အမေ။
ဒီမှာတော့ အလေးအပင်မ ရတဲ့အလုပ်ကြမ်းတွေက မရှိသလောက်နည်းသွားတယ်။
ပင်ပန်းတယ်လို့တော့ မပြောနိုင်တော့ဘူး။
ဒါပေမယ့် အလုပ်ချိန်ကတော့ နည်းနည်းများလာတယ်။
မစ်ချီဂန်မှာနေတုန်းက နံနက် ၉း၀၀နာရီကနေ ည၉း၀၀နာရ်ီဆိုတော့
တစ်နေ့ ၁၂-နာရီ ဝန်ကျင်လောက်တော့ လုပ်ရတယ်။
ဝန်ထမ်းဆိုတော့ တစ်ပတ်မှာ တစ်ရက်ပိတ်ရက်ရတယ်။
နနက်၉း၀၀နာရီမှ အလုပ်သွားရတော့ အိပ်ရေးဝဝအိပ်ရသေးတယ်။
ဒီမှာတော့ နံနက်၅း၃၀နာရီအိပ်ရာကထ၊
မျက်နှာသစ်တာနဲ့ရေချိုးတာကို တပြိုင်နက်ထဲလုပ်တော့
အချိန်ကုန်နည်းနည်းသက်သာသွားတယ်။
ဘာကြောင့်စောစောထရသလဲလို့အမေကမေးလိမ့်မယ်။
အကြောင်းကတော့ စားသုံးသူတွေ အဆင်သင့်စားသုံးနိုင်ဖို့အတွက်
ကျနော်တို့က လက်နဲ့လုပ်ရတယ်။
လက်လုပ်ပစ္စည်းဆိုတာ ကိုယ်တိုင်အားထုတ်ပြီးလုပ်မှ ပြီးမြောက်တယ်လေ။
ဆန်ကိုထမင်းဖြစ်အောင် ချက်ရတယ်။ 
ထမင်းဖြစ်လာတော့ ဘင်နီဂျာလို့ခေါ်တဲ့အချဉ်ရည်နဲ့နယ်ရတယ်။
ဘင်နီဂျာဆိုလို့ လုံးဝချဉ်တဲ့အရည်တော့ မဟုတ်ပါဘူး။
အဲဒီအရည်ထဲမှာ  သကြားလည်း ပါတယ်။ ဆားလည်း ပါတယ်။
ထမင်းကို အချဉ်ဖေါက်ထားတယ်ဆိုပေမယ့် ထမင်းနဲ့ဘင်နီဂျာနယ်ပြီးတဲအခါ
ထမင်းဟာ အရသာထူးကဲသွားပါတယ်။
ဆန်က ပထမတန်းစား ဆန်ဖြစ်တာကြောင့် စားလို့အလွန်ကောင်းတဲ့ထမင်း ဖြစ်လာပါတယ်။
အမေရေ အဲဒီဆန်ကို နေ့တိုင်းချက်နေရတော့ အမေ့ကို ချက်ကျွေးချင်စိတ်မကြာခဏဖြစ်မိတယ်။
အဒေါ်(အမေ့ရဲ့ညီမ)ပြောတဲ့စကားကို အမှတ်ရမိတယ်။
“တို့က ကြီးကျယ်တာတော့ မဟုတ်ဘူး။
ဟင်းမကောင်းချင်နေပါစေ၊ ထမင်းမကောင်းရင် မစားနိုင်ဘူး။
ဒါကြောင့် ဈေးကြီးရင် ကြီးပေလေ့စေ။ ဆန်ကောင်းကောင်းပဲ ဝယ်စားတယ်”
ဆိုတဲ့စကား။
ဆန်က ပထမတန်းစားဆန်ဖြစ်တာကြောင့် အမေနဲ့အမေရဲ့ညီမကို
ကျွေးချင်လိုက်တာ။
ဆန်က ထမင်းဖြစ်လာတော့ အဲဒီထမင်းကို ရေညှိလို့ခေါ်တဲ့ (Sea Weed)ပေါ်ဖြန့်ရတယ်။
ပြီးတော့ အဆာပလာတွေ ထည့်ပြီးလိပ်ရတယ်။
ပြီးတော့ ဘူးထဲထည့်၊ တံဆိပ်ကပ်၊နေ့စွဲတပ်၊
ဈေးကွက်တင်၊
လုပ်ငန်းစဉ်ကများတော့ ဇယားရှုပ်လှတယ်။
အဲဒါကို လက်လုပ်ပစ္စည်းလို့ခေါ်တာပါ။
လက်လုပ်ပစ္စည်းအတွက် အချိန်ပေးရတယ်။
ဒါကြောင့် စောစောထ၊အလုပ်ခွင်ကို အရောက်သွား၊
စောစော လုပ်ငန်းစရတယ်။



ဆန်က လပေါင်းများစွာ ထားသိုထားနိုင်ပေမယ့်
ဆန်ကို ချက်ပြီးထမင်းဖြစ်လာတဲ့အခါ တစ်ရက်ပဲထားသိုလို့ ရတော့တယ်။
ဒီတော့ ကျန်တာတွေ လွှင့်ပစ်ရတယ်။
တစ်ယောက်ကောင်းကောင်းစားနိုင်တဲ့ဆူရှီးထမင်းဘူးတွေ
နေ့တိုင်းကျန်တာပေါ့။
တစ်နေ့ကို ၁၅-ဘူးကျန်နိုင်တယ်လို့ ကုမ္ပဏီက သတ်မှတ်ထားတယ်။
အမေပြောဖူးတာက
“စားသောက်ကုန်ပစ္စည်းရောင်းရင်
အကျန်နည်းနိုင်သမျှ နည်းအောင် လုပ်နိုင်ရင်
၅၀%အထိ မြတ်နိုင်ပါတယ်။
အကျန်နည်းနိုင်သမျှ နည်းအောင်လုပ်တတ်ဖို့
တော့ အတွေ့အကြုံနဲ့ပါးနပ်မှု လိုတာပေါ့” တဲ့။
အခု သီအိုရီအသစ်က တစ်မျိုး။
“စားသုံးသူလာဝယ်တဲ့အခါ သူလိုချင်တဲ့စားသောက်ကုန်ပစ္စည်းမရှိလို့
ပြန်သွားရင် နောက်တစ်ခါ သူလာဖို့မရှိတော့ဘူး။
ဒါကြောင့် စားသုံးသူ ဆုံးရှုံးသွားတာက ပိုရှုံးတယ် တဲ့။
ဒါကြောင့် လူကြိုက်များတဲ့စားသောက်ကုန်ကို
အပိုလုပ်ထားဖို့လိုတယ်” တဲ့။
သူတို့အဆိုအရတော့ ဘူးအမျိုးမျိုး ၁၅-ဘူးကျန်နိုင်တယ်လို့ဆိုပါတယ်။
တစ်ဘူးဟာ လူတစ်ယောက်ကောင်းကောင်း ဝနိုင်တယ်လေ။
သူ့အလုပ်လုပ်တော့လည်း သူညွှန်းကြားတဲ့အတိုင်းလုပ်ရတာပေါ့။
ဒီတော့ ဆူရှီးဘူးလက်ကျန်ဟာ ၁၀ဘူးကနေ ၂၀ဘူးတော့
နေ့တိုင်းလိုလို လွှင့်ပစ်နေရတယ်။
အကောင်းတွေကို နေ့တိုင်းလွှင့်ပစ်နေရတော့ နှမြောတာပေါ့။
လွှင့်မပစ်လို့မရဘူးလားလို့မေးရင် မရဘူးလို့ဖြေရမှာပဲ။
ဒီက စားသုံးသူတွေက ကြီးကျယ်တယ်လေ။
"ဒီနေ့လုပ်တာလား" လို့ မေးတတ်တယ်။
မလိမ်ချင်ရင် ဘာလုပ်မလဲ။
လိမ်တာကို အမေ မကြိုက်ဘူးလေ။
အမေ မကြိုက်သလို ကျနော်လည်း မကြိုက်ဘူး။ 
ဒီတော့...
အဟောင်းကို လွှင့်ပစ်ပြီး အသစ်တင်ရတော့တာပေါ့။
အဟောင်းကို နေ့ပြောင်းပြီးအသစ်လုပ်ထားရင်
ပါးနပ်တဲ့သူဆိုရင် သိနိုင်ပါတယ်။
လတ်ဆတ်တဲ့အရသာနဲ့မလတ်ဆတ်တဲ့အရသာ ကွာခြားတယ်လေ။
ဥာဏ်ရှိသူ သိပါတယ်။
အဲဒီလိုလုပ်မိပြီဆိုရင် စားသုံးသူ ဆုံးရှုံးပြီပေါ့။
ကိုယ်လည်း စားသောက်ဆိုင်တွေ သွားစားရင်
အဟောင်းကို အသစ်လုပ်ထားတာကို သိတယ်အမေ။
ဒီလိုဆိုင်မျိုးကို နောက်ဘယ်တော့မှ မသွားတော့ဘူး။
အဲဒီဆိုင်မျိုးဟာလည်း ဘယ်တော့မှ အောင်မြင်တဲ့ဆိုင်ထဲမှာ မပါတတ်ပါဘူး။
တဖြည်းဖြည်း လူနည်းသထက် နည်းသွားချည်းပါပဲ။
စားသောက်ဆိုင်သွားရင် လူနည်းတဲ့ဆိုင်မျိုးကို
သတိထားသွားဖို့ အမေ သတိပေးခဲ့တာကို သတိရမိတယ်။
ဒါကြောင့် အကောင်းတွေမှန်းသိပေမယ့်နေ့တိုင်းလွှင့်ပစ်နေရတယ်။
လွှင့်မပစ်ပဲ စားချင်သူတွေကို ပေးလို့မရဘူးလားလို့မေးရင်
မရဘူးလို့ဖြေရမှာပဲ။
ဝန်ထမ်းတွေထဲမှာ ဆူရှီးကို ကြိုက်တတ်သူရှိတယ်။
ပေးဖူးတယ်။ သူတို့လည်း ယူတယ်။
တာဝန်ခံ မန်နေဂျာကြီးက သိသွားတော့ ဝန်ထမ်းတွေအကျင့်ပျက်မှာစိုးလို့
မပေးရဘူးလို့ လာပြောတယ်။
ရာထူးကြီးသူပြောတဲ့စကားဟာ အမိန့်လိုပါပဲ။
လိုက်နာရတယ်လေ။
အကောင်းတွေ နေ့တိုင်းလွှင့်ပစ်ရတော့ နှမြောမိပါတယ်။
ကိုယ်လည်း နေ့တိုင်းမစားနိုင်တော့ဘူး။
စားချင်ရင်လည်း တစ်ဘူးနှစ်ဘူးပေါ့။
အခုဟာက ၁၀ဘူးကျော်ကျော်ဆိုတော့ စားလို့မကုန်ဘူးလေ။
အမေပြောဖူးတဲ့စကားကို သတိရမိတယ်။
“မလှူနိုင်သေးရင် ဈေးရောင်းပေါ့။
သဒ္ဒါကောင်းရင် နေ့တိုင်း အလှူဖြစ်တယ်။
ဘာဘဲဖြစ်ဖြစ် ကိုယ့်အတွက် အသုံးမဝင်တော့ပေမယ့် အခြားသူတွေအတွက်
အသုံးဝင်နိုင်တယ်။
ဒါကြောင့် အသုံးဝင်နိုင်သူကို ရှာဖွေလှူဒါန်းနိုင်အောင်
ကြိုးစားရမယ်” လို့အမေပြောဖူးတာကို မမေ့ပါဘူး။
တာချီလိတ်မှာနေတုန်းကလည်း အမေပြောတဲ့အတိုင်း လုပ်နိုင်ခဲ့တယ်။
ဖါးကန့်မှာနေတုန်းကလည်း လုပ်ဖြစ်တယ်။
ဒီမှာတော့ လုပ်လို့ မရဘူးဖြစ်နေတယ်။
ဒါကြောင့် မြန်မာပြည်ကို သတိရတယ်။
မြန်မာပြည်မှာက လိုအပ်သူတွေ များလှတယ်။
သဒ္ဒါကောင်းသာရှိရင် နေ့တိုင်းအလှူဖြစ်နေမှာသေချာတယ်။



ကျနော်တို့ ကံကောင်းတဲ့အချက်တစ်ခုက
ဆူရှီးဆိုင်(Fresh sushi Daily)ဟာ လတ်ဆတ်တဲ့ဈေးကြီးရဲ့အလယ်ဗဟိုမှာ ရထားတာပဲ။
ဒီတော့လူတိုင်း ကျနော်တို့နေရာကို ဖြတ်ရတယ်။
ဆူရှီးဆိုတာ ဘာမှန်းမသိသူတောင် လှည့်ကြည့်သွားတဲ့အခွင့်အရေးရတာပေါ့။
အလုပ်ကလုပ်ရင်းနဲ့ သင်ယူခွင့် ရတယ်။
အချို့က သူတို့တွေ အခြားနေရာမှာ စားလာခဲ့တဲ့ဆူရှီးကို ဒီမှာ အော်ဒါလာမှာတယ်။
ဒီတော့လုပ်ပေးလိုက်ရတာပဲ။
လေယာဉ်မောင် တစ်ယောက်ဟာ ကျနော်တို့ဆိုင်ကို ပုံမှန်လာတတ်တယ်။
သူလာတိုင်း သူစားခဲ့ဖူးတဲ့ဆူးရှီးတွေ အကြောင်းပြောပြတတ်တယ်။
ပြီးတော့ သူစားချင်တဲ့ဆူရှီးကို မှာစားတတ်တယ်။
သူပြောတဲ့ပုံစံတွေက ကျနော်တို့ဆိုင်မှာ မရှိတဲ့ဆူရှီးတွေဖြစ်နေရင်
သူပြောတဲ့ပုံစံကို လုပ်ပြီးဈေးကွက်တင်ကြည့်တယ်။
လူတွေ ကြိုက်တာကိုတွေ့ရတယ်။
ဒီလိုနဲ့ ဆူရှီးအမျိုးအစားပေါင်းမြောက်များစွာ ဖြစ်လာတယ်။
အရောင်အသွေးလည်း စုံလင်လာတယ်။
ဒီဇိုင်းကို ဝါသနာပါတဲ့ယုံယုံရဲ့လက်စွမ်းပြမှုကြောင့် ဆူရှီးဆိုင်ဟာ
လူအများစိတ်ဝင်စားတဲ့ဆိုင်ဖြစ်လာတယ်။
ပြီးတော့ သူမက လူအများနဲ့စကားပြောရတာကို ဝါသနာပါတယ်။
ဟော်တယ်မှာ လုပ်ခဲ့ဖူးတဲ့အတွေ့အကြုံကလည်း
အရောင်းမြှင့်တင်တဲ့နေရာမှာ အသုံးဝင်လာတယ်။
ပညာဆိုတာ အသုံးချတတ်ရင် တစ်နေရာရာမှာ အသုံးဝင်လာတယ်ဆိုတာ
ပိုပြီးသဘောပေါက်လာတယ်။



စာလည်းရှည်သွားပြီ။
အမေရေ ကျန်းမာရေးကို ဂရုစိုက်ပါ။
အသက်အရွယ်ကြီးရင့်လာတဲ့အခါ အရာရာထက် ကျန်းမာရေးက
ပိုပြီးအရေးကြီးလာပါတယ်။
ဒါကြောင့် အမေ့ကို ထပ်ခါတလဲလဲ မှာနေရတာပါ။

ချစ်တဲ့သား
အောင်ဝင်းဟိန်း
အေသင်မြို့၊
ဂျော်ဂျီယာပြည်နယ်၊
အမေရိကန်ပြည်ထောင်စု။
၇-၉-၂၀၁၃


လူသားတိုင်း ကျန်းမာကြပါစေ... လူသားတိုင်း ချမ်းသာကြပါစေ...
ခန္ဓာကိုယ်ကို လေ့ကျင့်ခန်းနဲ့စောင့်ရှောက်ပါ။ စိတ်ကို စာဖတ်ခြင်းနဲ့စောင့်ရှောက်ပါ။...

နူတ်ဆက်စကားလေးများ.....

မြန်မာတို့ရဲ့ ဘလော့ဂ်များ...

picoodle.com